Latest News

Wednesday, February 1, 2017

ငပုတောမြို့နယ်၌ ဆင်တူးထားသည့် ရေတွင်းမှရေ ရောဂါပျောက် ကင်းသည်ဟုဆိုကာ လာရောက်ခပ်ယူသူများပြား

ငပုတောမြို့နယ်၌ ဆင်တူးထားသည့် ရေတွင်းမှရေ ရောဂါပျောက်

ကင်းသည်ဟုဆိုကာ လာရောက်ခပ်ယူသူများပြား



ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအနီးရှိ
လယ်ကွင်းအတွင်း ဆင်များတူးထားသည့်ရေတွင်းမှ ရေများသည် ဓာတ်ဆားရေပုံစံဖြစ်နေပြီး ရောဂါများပျောက်ကင်းသည်ဟုဆိုကာ လာရောက်ခပ်ယူသူများပြားနေကြောင်း ဒေသခံများထံမှသိရသည်။

ပုသိမ်-ဟိုင်းကြီးကျွန်းလမ်း မိုင်တိုင် ၅၂ မိုင် လေးဖာလုံအနီး အကျယ်
ခြောက်ပေခန့်၊ အနက်သုံးပေခန့်ရှိရေတွင်းမှာ ဆင်များတူးထားပြီး
နေမကောင်းသည့်ဆင်များ ဒဏ်ရာရရှိသည့်ဆင်များ ညနေဘက်တွင်
လာရောက်သောက်သုံးသည်ကို အနီးတွင်နေထိုင်သူများ နိုဝင်ဘာလ
အတွင်းက တွေ့ရှိရာမှတစ်ဆင့်ရောဂါပျောက်ကင်းသည်ကိုသိရှိပြီး
ပုသိမ်မြို့နှင့်ငပုတောမြို့များမှပါ လာရောက်ခပ်ယူသူရှိနေကြောင်း
 တင်းချောင်းကျေးရွာ၌ နေထိုင်သူများထံမှ သိရသည်။

''တွင်းက သေးပေမယ့် ဘယ်လောက်ခပ်ခပ်ရေမခန်းဘူး။ မလှမ်းမကမ်းမှာရှိတဲ့ ရေတွင်းအကြီးကြီးတွေတောင် မတ်လဆို ခန်းတယ်။ အဲဒီတွင်းကမခန်းဘူး။ နောက်တစ်ခုက နွံအိုင်လိုဖြစ်နေပေမယ့် နွံစော်၊ ဗွက်စော် မနံဘူး။

ပုသိမ်မြို့မှာစစ်ဆေးတော့ ယူနီဆက်ဖ်က ထုတ်တဲ့ဓာတ်ဆားရေနဲ့
အတူတူဖြစ်နေတယ်လို့ အဖြေထွက်တယ်''ဟု တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းလေးက ပြောဆိုသည်။

ရေတွင်းတည်ရှိရာမှာ အရိပ်ရသစ်ပင် မရှိသောနေရာဖြစ်ခြင်း၊ အနီးအနားကျေးရွာများမှ လေဖြတ်နေသူများပင် ပြန်လည်ကောင်းမွန်လာခြင်း၊ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကင်းခြင်းတို့ကြောင့် လာရောက်ခပ်ယူသူများနေခြင်းဟုထင်မြင်ကြောင်း ဒေသခံများကပြောဆိုသည်။

''တောထဲမှာဆို ဆင်တွေက ရေရှိတဲ့နေရာကိုသိလို့ ဒီလိုပဲ တူးထားတဲ့
ရေတွင်းတွေ အများကြီးပဲရှိပါတယ်။ ဒါပေမဲ့ ဒီလိုရေမျိုးမရှိပါဘူး။ ပထမတော့ဆင်တွေ လာဆော့တာလို့ထင်တာ။ နောက်မှလာတဲ့ ဆင်တွေက ဒဏ်ရာရတာတို့နေမကောင်းတာ တစ်ခုခုဖြစ်နေတဲ့ ဆင်တွေမှန်း သတိထားမိရာကနေ ရေကိုခပ်တော့မှ ပိုထူးဆန်းနေတာတွေ့ရတာ''ဟုရေတွင်းကိုစတင်တွေ့ရှိသူ ဒေသခံစောသာဂေးက ပြောဆိုသည်။

ရေတွင်းတည်ရှိရာ တင်းချောင်းကျေးရွာသည်ပုသိမ်မြို့မှ သုံးနာရီခန့်
ကားမောင်းသွားနိုင်သည့်နေရာတွင် တည်ရှိနေသောကရင်တိုင်းရင်း
သားအများစုနေထိုင်သည့်ကျေးရွာဖြစ်သည်။

Sources : The Myanmar Times

No comments:

Post a Comment