Latest News

Wednesday, February 22, 2017

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေနှင့် သဘောထားပြဿနာ

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေနှင့် သဘောထားပြဿနာ



ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး(USDP) က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ-မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥပဒေမူကြမ်းကို ရေးဆွဲထားပြီးဖြစ်ပြီး လွှတ်တော်သို့ ပြန်လည်တင်ပြရန် စီစဉ်နေပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဦးအောင်မြင့်က ထိုသို့ဖြေကြားစဉ်မှာ လွန်ခဲ့တဲ့ ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကို မပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲဆန္ဒရှင်များအနက် ၁ ရာခိုင်နှုန်းက လက်မှတ်ထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် ပြဋ္ဌာန်းထားသော်လည်း ယင်း ၁ ရာခိုင်နှုန်းက နည်းလွန်းသည်။ ယင်းအစား ၈ ရာခိုင်နှုန်း ဖြစ်သင့်သည်ဟုလည်းကောင်း၊ ၁၀ ရာခိုင်နှုန်း ဖြစ်သင့်သည်ဟုလည်းကောင်း၊ ၂၀ ရာခိုင်နှုန်း ဖြစ်သင့်သည်ဟုလည်းကောင်း၊ ၂၅ ရာခိုင်နှုန်း သို့မဟုတ် သုံးပုံတစ်ပုံ ဖြစ်သင့်သည်ဟုလည်းကောင်း ၎င်းတို့၏ ထင်မြင်ချက် အသီးသီးကို ဆွေးနွေးခဲ့ကြသည်ဟု ထည့်သွင်း ပြောဆိုသွားပါသည်။

မှန်ပါသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလက အဆိုပါဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးပြီး နောက်ဆုံးအကြိမ်တွင် ပထမအကြိမ် လွှတ်တော်က ပြဋ္ဌာန်းခြင်း မပြုတော့ဘဲ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

မည်သည့်အတွက် ပထမအကြိမ် လွှတ်တော်က မပြဋ္ဌာန်းခဲ့သလဲ

ထိုစဉ်က ထူးခြားသော နိုင်ငံရေး အခြေအနေတစ်ရပ် ရှိနေပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သူ သူရဦးရွှေမန်းကို တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ၁ ရာခိုင်နှုန်းထက်ပိုသော မဲဆန္ဒရှင်များက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားသည့်အမှု ရှိနေသောကြောင့် အကယ်၍ ထိုဥပဒေပြဋ္ဌာန်းပြီးပါက သူရဦးရွှေမန်းမှာ အခြားသော လွှတ်တော်ကိုယ်စားလှယ် လေးငါးခြောက်ဦးတို့ကဲ့သို့ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စုံစမ်းစစ်ဆေးခြင်းကို ခံရပေလိမ့်မည်။

သူရဦးရွှေမန်းကို တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် လက်မှတ်ရေး ထိုးတိုင်တန်းကြသူများမှာ ၎င်း၏မဲဆန္ဒနယ်မှ တပ်မတော်သား မိသားစုဝင်များ ဖြစ်နေကြခြင်းမှာ အံ့ဩစရာ ကောင်းသလို ဥပဒေကြမ်းနှင့်ပတ်သက်၍ NLD ပါတီဝင် လွှတ်တော်အမတ်များ၏ လွှတ်တော်တွင်း ပထမအကြိမ် ဆွေးနွေးခဲ့စဉ်က သဘောထားနှင့် နောက်ဆုံးအကြိမ် ဆွေးနွေးကြသည့် သဘောထားနှစ်ရပ် ဆန့်ကျင်ဘက် ဖြစ်သွားကြပုံမှာလည်း အံ့ဩစရာ ကောင်းလှသည်။

၎င်းတို့မှာ လွှတ်တော်တွင် ပထမအကြိမ် ဆွေးနွေးခဲ့စဉ်က ပြဋ္ဌာန်းရန် ထောက်ခံခဲ့ကြသော်လည်း၊ ဒုတိယအကြိမ် ဆွေးနွေး မဲခွဲဆုံးဖြတ်ကြသောအခါတွင် ဆိုင်းငံ့ထားရန် ပူးပေါင်းမဲပေးခဲ့ကြခြင်းဖြင့် အဆိုပါ ဥပဒေဇာတ်လမ်း တစ်ခန်း ရပ်သွားခဲ့ရပေသည်။

ကျွန်တော့်အမြင်အရ ပြောရလျှင် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလက ဤဥပဒေကြမ်း မပြဋ္ဌာန်းနိုင်ဖြစ်ရခြင်းမှာ ဆောင်းပါး အစတွင်ဖော်ပြခဲ့သော မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း အရေအတွက်က နည်းလွန်းသည်ဆိုသည့် အကြောင်းပြချက်မှာ အဓိကမကျဘဲ လွှတ်တော်တွင်း ပုဂ္ဂိုလ်ရေး အားပြိုင်မှု၏ ရလဒ်ကြောင့်သာ ဖြစ်သည်ဟု ရှုမြင်ပါသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်း အစပိုင်းကာလများကတည်းက ဖြစ်ပွားလာခဲ့သော သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှုများသာ မရှိခဲ့ပါက အဆိုပါဥပဒေမှာ စောစွာကပင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းနိုင်သည် ဆိုသည့်အချက်မှာ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပါ ပြဋ္ဌာန်းချက် ဖြစ်နေသဖြင့် ပြင်ဆင်ရန် မလွယ်ကူသောကြောင့်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချရန် သူရဦးရွှေမန်း ခေါင်းဆောင်သည့် လွှတ်တော်က ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဥပဒေကို အခြေခံဥပဒေနှင့် ဆန့်ကျင်လျက် ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်ဟု ယူဆကြ၍လည်းကောင်း တင်းမာမှုမှာ ပိုမိုကြီးမားလာပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ ပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင်၍  တာဝန်မှရပ်စဲကြောင်း ကြေညာနိုင်ပေသည်။ စွပ်စွဲပြစ်တင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် ပြစ်ချက် ၅ ချက်၊ စွပ်စွဲပြစ်တင်ရန် လုပ်ကိုင်ဆောင်ရွက်ရမည့်နည်းလမ်း အပြည့်အစုံကိုပါ ထိုပုဒ်မ ၇၁ ၏ အပိုဒ်ခွဲများတွင် ပြဋ္ဌာန်းထားပေသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၃ ပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအားလည်းကောင်း၊ ပုဒ်မ ၂၃၈ ပါပြဋ္ဌာန်း ချက်အရ ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ ပုဒ်မ ၂၄၃ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်အားလည်းကောင်း၊ ပုဒ်မ ၃၀၂ ပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည် ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလည်းကောင်း၊ ပုဒ်မ ၃၃၄ အရ နိုင်ငံတော်အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များအားလည်းကောင်း စွပ်စွဲပြစ်တင်ကာ တာဝန်မှ ဖြုတ်ချနိုင်ပေသည်။သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများကို တာဝန်မှရုပ်သိမ်း ရန်ကိစ္စကို အခြေခံဥပဒေတွင် ပြည့်စုံစွာပြဋ္ဌာန်းမထားဘဲ လွှတ်တော် ဆိုင်ရာဥပဒေများတွင်သာ ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နှင့် နည်းဥပဒေများအရ တာဝန်မှ ရုတ်သိမ်းနိုင်ပေသည်။

လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ တစ်ယောက်ယောက်ကို တာဝန်မှရုပ်သိမ်းလိုလျှင် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ လေးပုံ တစ်ပုံက လက်မှတ်ထိုးတိုင်တန်းရန် လိုအပ်သည်။ စွပ်စွဲသည့်အဆိုကို လွှတ်တော်တွင်း ဆွေးနွေးပြီးသည့်အခါ သုံးပုံနှစ်ပုံ ထောက်ခံမဲရမှသာ လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး အမှုကို စုံစမ်းစစ်ဆေးရမည်။  အကယ်၍ စုံစမ်းစစ်ဆေးသည့်အဖွဲ့က စွပ်စွဲချက်မှန်ကန်သည်ဟု ဆုံးဖြတ် ပါသော်လည်း လွှတ်တော်၏ သုံးပုံနှစ်ပုံ ထောက်ခံမဲ မရလျှင် တာဝန်မှ မရုပ်သိမ်းနိုင်ပေ။

သို့ဖြစ်လေရာ လွှတ်တော်တွင်း ဩဇာတိက္ကမကြီးသော လွှတ်တော် ဥက္ကဋ္ဌတစ်ယောက်ကို တာဝန်မှ ရုပ်သိမ်းရေး လွှတ်တော်တွင်းနည်းလမ်း ဖြင့်ဆောင်ရွက်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။

သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ အရ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကိုလည်း ရိုးရိုးသာမန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကဲ့သို့ပင် မဲဆန္ဒရှင် ပြည်သူလူထု အနည်းဆုံး ၁ ရာခိုင်နှုန်း၏ တိုင် တန်းချက်ဖြင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ တင်ပြတိုင်တန်းနိုင်သည်။ ထိုအခါ ဥပဒေနှင့်အညီ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရန်နှင့်  ထိုစွပ်စွဲချက် သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ဆိုထား လေရာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင် ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်လျှင် လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ တို့ကိုလည်း အဆိုပါဥပဒေဖြင့် တာဝန်မှရုပ်သိမ်းနိုင်ပေလိမ့်မည်။

မည်သည့်ပြစ်ချက်များဖြင့် တိုင်တန်းနိုင်သလဲ

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စုအဆင့်တွင် သမ္မတအုပ်ချုပ်ရေးစနစ်ပုံစံ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ မဏ္ဍိုင်ကြီး သုံးရပ်ကို ခွဲခြားထားသော်လည်း သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ လွှတ်တော်နှစ်ရပ်က ရွေးကောက် တင်မြှောက်ခြင်းဖြစ်သဖြင့် အစိုးရအဖွဲ့ ခေါင်းဆောင်နှင့် နိုင်ငံအကြီးအကဲဖြစ်သူ သမ္မတမှာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရသည်။

သို့ဖြစ်ရာ နိုင်ငံတော် သမ္မတကို ထင်ရာ မစိုင်းနိုင်စေရန် ပြည်သူလူထု ကိုယ်စား လွှတ်တော်က ထိန်းချုပ်ခွင့် ပေးထားသကဲ့သို့ လွှတ်တော်ကိုယ် စားလှယ်များကိုလည်း ထင်ရာမစိုင်းနိုင်စေရန် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ပြည်သူလူထုအား ပုဒ်မ ၃၉၆ ဖြင့် ပေးအပ်ထားခြင်း ဖြစ်လေသည်။

၎င်းတို့အပေါ် သတ်မှတ်ထားသည့် စောင့်ထိန်းလိုက်နာရန် အချက် ၅ ချက်မှာလည်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအပေါ် သတ်မှတ်ထားသည့်အတိုင်းဖြစ်ပြီး အောက်ပါအတိုင်းဖြစ်သည်။

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊

(၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊

(၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။

ထိုအချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲလိုသော သက်ဆိုင်ရာ မဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက တိုင်တန်းသည့်အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်မှပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးခြင်း၊ အထက်ဖော်ပြပါ အကြောင်းအချက် ၅ ချက်အနက် တစ်ချက်ချက်ကို ကျူးလွန်ဖောက်ဖျက်ကြောင်း မတွေ့ရှိရလျှင် စုံစမ်းစစ်ဆေးမှု မပြုဘဲ ပလပ်ခြင်း၊ စွပ်စွဲချက် မမှန်ကန်လျှင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကို အပြစ်မရှိကြောင်း ကြေညာခြင်း စသည်တို့ကို ဥပဒေနှင့်အညီ ပြုလုပ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက လက်မှတ်ထိုး တင်ပြရမည်ဆိုသည့်ကိစ္စမှာ ၎င်းတို့ တိုင်တန်း လိုက်ရုံဖြင့် တာဝန်မှ ရုပ်သိမ်းခံရမည်ဟု အဓိပ္ပာယ် မသက်ရောက်ဘဲ ၁ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက တိုင်တန်းခွင့်ရှိသည် ဆိုရုံမျှသာဖြစ် ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အရေအတွက် မဟုတ်ချေ။

သို့ဖြစ်၍ အလွန်နည်းသည့် အရေအတွက်ဟု မဆိုနိုင်ပေ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို လူတစ်ယောက် နှစ်ယောက်တည်းက မကျေမနပ်ဖြစ်ရုံနှင့် တိုင်တန်းချင်၍ မရဘဲ အနည်းဆုံး မဲဆန္ဒရှင်အားလုံး၏ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုး တိုင်တန်းမှရမည်ဆိုသည်မှာ သင့်တော်သည့် သတ်မှတ်ချက်ဖြစ်သည်ဟု ယူဆသည်။

ထို့အပြင် မိမိထင်ရာမြင်ရာ ပြစ်ချက်ဖြင့် တိုင်တန်း၍မရဘဲ အထက်တွင် ဖော်ပြထားသော သတ်မှတ်ချက် ၅ ချက်အနက် တစ်ချက်ချက်ကို ကျူးလွန် ဖောက်ဖျက်မှသာလျှင် တိုင်တန်းနိုင်မည်ဖြစ်၍ မဟုတ်မမှန် တိုင်တန်းလာပါလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချမည်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ အမှုကို စုံစမ်းစစ်ဆေး ဆုံးဖြတ်ခွင့်ရှိသည့်အဖွဲ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖြစ်သည်။ ယခင် ပထမအကြိမ် လွှတ်တော်ကာလက ရွေးကောက်ပွဲကော်မရှင်မှ ပုဂ္ဂိုလ်များမှာ သမ္မတဦးသိန်းစိန်၏ ဩဇာခံများ ဖြစ်နိုင်သည်၊ ဘက်လိုက်နိုင်သည် စသည့် စိုးရိမ်စိတ်များ ရှိကောင်းရှိခဲ့ပေလိမ့်မည်။ ယခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ NLD က တင်မြှောက်ထားသူများဖြစ်သဖြင့် အဆိုပါစိုးရိမ်စိတ် မရှိတန်ကောင်းတော့ဟု ယူဆသည်။ စိုးရိမ်စိတ်ရှိခြင်းရှိလျှင် NLD မဟုတ်သော အခြားအတိုက်အခံ နိုင်ငံရေးပါတီများမှ အမတ်များကသာ စိုးရိမ်ရန် ရှိပေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖောက်ဖျက်မှု စွပ်စွဲချက်ကို မည်သူဆုံးဖြတ်မှာလဲ

ပြီးခဲ့သည့်ကာလက သူရဦးရွှေမန်းအား စွပ်စွဲခဲ့သည့်ကိစ္စမှာ နံပါတ် ၂ အချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ဆိုသည့် စွပ်စွဲချက်ဖြစ်ဖွယ်ရာရှိပြီး ဖောက်ဖျက်ကျူးလွန်မှု ရှိ-မရှိ ဆိုသည့်ကိစ္စမှာ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သုံးသပ်ထောက်ခံချက် လိုပေလိမ့်မည်။ အခြေခံဥပဒေကို ဖောက်ဖျက်ပါသည် ဆိုသည့်စကား ကို လွှတ်တော် ကိုယ်စားလှယ်များရော၊ ပြင်ပမှ ဝေဖန် လေ့လာသူများကပါ  လွတ်လပ်စွာ ပြောဆိုနိုင်သော်လည်း ဖောက်ဖျက်မှု ရှိ-မရှိ ဆိုသည့် တရားဝင် ဆုံးဖြတ်ချက်ကိုကား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကသာ အဆုံးအဖြတ် ပေးရမည်ဖြစ်သည်။ ဤအချက်ကို လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းသည့်ဥပဒေ ရေးဆွဲသည့်အခါ ထည့်သွင်းသင့်သည်။

ပြည်သူကို ထိန်းကျောင်းခွင့်အာဏာ ပေး မပေး သဘောထားပြဿနာ

သတ်မှတ်ချက် ၅ ချက်အနက် အလွယ်တကူ စွပ်စွဲနိုင်သော ပြစ်ချက်ဆို၍ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်းဆိုသော ပြစ်ချက်တစ်ချက်သာ ရှိသည်ဟု ထင်ပါသည်။ သို့သော်လည်း ထိုသို့အစွပ်စွဲ အတိုင်တန်း မခံရလေအောင်၊ တာဝန်များကို ထမ်းဆောင်ချင်စိတ် ဖြစ်ပေါ်အောင်၊ လွှတ်တော်ကိုယ်စားလှယ်များက အမြဲနိုးကြားတက်ကြွနေအောင် ထိုးဆွနှိုးဆော်ပေးသည်မှာ မကောင်းပါလော။

သို့ဖြစ်၍ တိုင်တန်းရမည့် မဲဆန္ဒရှင် အရေအတွက် ၁ ရာခိုင်နှုန်းကို ပြင်ဆင်ရန် မသင့်ပါ။ ပြင်ဆင်၍လည်း မရပါချေ။ အဆိုပါ အရေအတွက် နည်းသည်ဟု ယူဆခဲ့လျှင် ဥပဒေတွင် ပြဋ္ဌာန်းချက်တစ်ရပ် ထည့်သွင်းနိုင်ပါသည်။ စုံစမ်းစစ်ဆေးသည့်အဖွဲ့ အစီရင်ခံစာက ဖောက်ဖျက်ကျူးလွန်သည်မှာ မှန်သည်ဆိုသည့်အခါတွင်မှ မဲဆန္ဒရှင် ပြည်သူလူထု ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ အတည်ဖြစ်ကြောင်း ပြဋ္ဌာန်းရန်ပင်ဖြစ်သည်။

ထိုသို့ပြဋ္ဌာန်းလျှင်လည်း အဆိုပါ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲတစ်ကြိမ် ထပ်မံ လုပ်ဆောင်ပေးရမည်ကဲ့သို့ ဖြစ်နေနိုင်သဖြင့် မလွယ်ကူပါချေ။

နိဂုံးချုပ်ဆိုရလျှင် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက “တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တိုင်တန်းနိုင်သည် ဆိုသည့်ကိစ္စအပေါ် နည်းသည်၊ များသည်ဆိုသည့် အငြင်းပွားမှုမှာ မိမိမဲဆန္ဒရှင် ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ မရှိ၊ ပြည်သူကို အပြန်အလှန် ထိန်းကျောင်းခွင့်အာဏာ ပေးအပ်လိုစိတ် ရှိ မရှိ ဆိုသည့် သဘောထား ပြဿနာသာဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပေသည်။

ရဲထွန်း (သီပေါ)



The Voice

No comments:

Post a Comment