Latest News

Wednesday, February 8, 2017

အရှုံးသမားဖြစ်ချင်သူများ မဖတ်သင့်တဲ့စာ

အရှုံးသမားဖြစ်ချင်သူများ မဖတ်သင့်တဲ့စာ


ကိုယ်က အောင်မြင်ချင်တဲ့သူ ဖြစ်ချင်တာလား၊ အရှုံးသမားဖြစ်ချင်တာလား ?
အဲဒီမေးခွန်းကို ကျမက ကိုယ့်ကိုယ်ကို မေးလေ့ရှိပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျချင်သလို ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။

အောင်မြင်တဲ့သူ ဖြစ်ချင်တယ်ဆိုရင်တော့ အတွေးအခေါ်ကစ အဆင့်အတန်းမြင့်မားဖို့ လိုအပ်ပါလိမ့်မယ်လို့ ကိုယ့်ကိုကိုယ်လည်း သွန်သင်ပါတယ်။ တကယ်လည်း
 မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေက ကိုယ့်ကိုအောင်မြင်စေတာပါ။

ကိုယ့်လုပ်ရပ်တွေ အဆင့်အတန်းမြင့်လာတာနဲ့အမျှ အောင်မြင်မှု ရလဒ်ကောင်းတွေ ရရှိလာနိုင်တယ်လို့ကျွန်မကတော့ယုံကြည်ထားမိတယ်။ ဒါကြောင့်ကျွန်မအနေနဲ့တော့ အတွေးအခေါ်ပိုင်းနဲ့ လုပ်ဆောင်ချက်တွေမှာ သေချာစဉ်းစားပြီး လေ့ကျင့်ရယူခဲ့ရတာတွေ ရှိပါတယ်။

လူမှန်းသိတတ်တဲ့အရွယ်နဲ့ကတည်းက ကျွန်မပတ်ဝန်းကျင်မှာ ရှိနေတဲ့ အများလေးစားတဲ့သူတွေ၊ အောင်မြင်နေတဲ့ သူတွေကို ငေးကြည့်ပြီး အားကျတဲ့စိတ်ရှိခဲ့ပါတယ်။

အဲဒီစိတ်နဲ့သူတိုလို ဖြစ်ချင်လိုက်တာ ဘယ်လိုလုပ်ရမလဲ လို့ ဖေဖေ့ကို မေးခဲ့တော့ ဖေဖေကသူတို့ကို အားကျစိတ်နဲ့အတုယူဖို့ သွန်သင်ပြီး လမ်းပြပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကျွန်မအနေနဲ့သူတို့ရဲ့ ပြောပုံဆိုပုံတွေကစပြီး ၀တ်စားဆင်ယင်မှုတွေအဆုံး ဂရုတစိုက်နဲ့ လေ့လာကြည့်မိပါတယ်။

တကယ်တော့ သူတို့အနေနဲ့လည်း ဆန်းဆန်းပြားပြားနေထိုင်ကြသူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကတော့ အဆင့်အတန်းမြင့်ကြတာ တွေ့ရပါတယ်။

ကျွန်မ သတ်မှတ်ထားတဲ့ အဆင့်အတန်းဆိုတာ လူအထင်ကြီးစေတဲ့တန်ဖိုးကြီး အ၀တ်အစားတွေ၊ တန်ဖိုးကြီး တာတွေ စားသောက်နေထို်ငတာကို ပြောတာမဟုတ်ပါဘူး။ စိတ်ဓါတ် အဆင့်အတန်းရှိတာ၊ လိမ်ညာခိုးဝှက်တာမျိုး ကင်းပြီး ဖြောင့်မှန်စွာနေထိုင်ပြောဆိုတာ၊သာမန်လူတွေသာ  မှားလေ့ရှိတဲ့အမှားမျိုး ကင်းစင်တာကို ဆိုလိုပါတယ်။

သူတို့တွေဟာစံပြုလောက်တဲ့ ကိုယ်ကျင့်တရားတွေလည်း ပိုင်ဆိုင်ကြပါတယ်။ပြီးတော့ အများစုက  စာဖတ်ဝါသနာပါပြီးတော့သင်ယူဖို့ အမြဲတမ်း စိတ်အားထက်သန်နေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဗဟုသုတကြွယ်ဝကြပြီး စကားပြောလည်း ကောင်းကြတာ တွေ့ရပါတယ်။

ပြီးတော့ လွယ်လွယ်နဲ့ အရှုံးမပေးတတ်၊ စိတ်မပျက်တတ်ကြဘူး၊ ဘယ်လောက် ခက်ခဲပင်ပန်းပါစေ တက်ကြွစွာနဲ့ အလုပ်လုပ်တတ်ကြတယ်။

အဲလို တွေ့လာပြီးနောက်ပိုင်းမှာတော့ ကျွန်မအနေနဲ့ အားကျစိတ်နဲ့ ဘာပဲလုပ်လုပ်သူတို့အကြောင်းစဉ်းစားရင်း နှိုင်းယှဉ်မိလာခဲ့တယ်။

ကျွန်မက ငယ်ငယ်တုန်းကလည်းက စာဖတ်ဝါသနာပါတော့ စာအုပ်ဆိုင် သွားပြီး စာအုပ်ဝယ်ရင်တောင်မှ စဉ်းစားမိတယ်။ အရေးပါတဲ့သူတွေအောင်မြင်နေတဲ့ သူတွေက ဒီလို စာအုပ်မျိုး ဖတ်ရဲ့လား။ သူတို့တွေက ဘယ်လိုစာအုပ်တွေ ဖတ်နေသလဲ ဆိုတဲ့ အတွေးနဲ့ စာအုပ်ဝယ်လေ့ရှိပါတယ်။

အ၀တ်အစား ၀တ်တဲ့အခါမှာလည်း ငါ့ရဲ့ဝတ်စားဆင်ယင်မှုက သင့်လျော်ရဲ့လား၊ အပြင်အဆင်ကရော ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေရဲ့လား ဆိုတာကစပြီး တွေးမိလာတယ်။ ကိုယ့်အတွက် မလျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဟာ ကိုယ့်ကို ထိခိုက်စေတယ်လို့လည်း ယုံကြည်လာခဲ့တယ်။

နောက် တစ်စုံတစ်ခုခုကြောင့် စိတ်ပျက်ဝမ်းနည်းနေတဲ့အချိန်မှာလဲ စဉ်းစားမိတာက အောင်မြင်နေတဲ့သူတွေက ဒီလောက်တော့ ပျော့ညံ့မယ်မထင်ဘူး၊ ဒါလေးနဲ့ စိတ်ပျက်ဝမ်းနည်းမယ်ဆိုရင် သူတို့လို ဘယ်ဖြစ်နိုင်ပါ့တော့မလဲ...ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်အားတင်းပါတယ်။

စိုးရိမ်သောကရောက်မိတဲ့အချိန်ဆိုရင်တော့ ကျွန်မအနေနဲ့ စဉ်းစားမိတာက ထိပ်တန်းရောက်နေတဲ့ သူတွေ ဒီလိုမျိုးစိုးရိမ်သောက ရှိနေသလား၊ သူတို့အနေနဲ့ စိုးရိမ်သောက တွေကို ဘယ်လိုဖြေဖျောက်ကြသလဲ။ ဒါလောက်နဲ့ စိုးရိမ်သောက ရောက်ပါ့မလား။... ဆိုပြီးတွေးပါတယ်။

နောက် လုပ်ငန်းခွင်ထဲရောက်တဲ့အချိန်မှာလည်း တစ်ခုခု အိုင်ဒီယာရလို့စဉ်းစားဖြစ်ရင် အောင်မြင်နေတဲ့သူတွေရော ဒီလိုအကြံစည်မျိုးရှိရင် ဘယ်လိုဆောင်ရွက်သလဲ ဆိုတာကို ဆက်တွေးမိပြန်ရော။

အပျက်စိတ်လေးတစ်ခုခုကို စဉ်းစားမိရင်တောင်မှ ဟာ …ဒါမျိုး အပျက်စိတ်ထား မရှိရဘူး ဆိုပြီးတော့အဲဒီစိတ်ကို ခေါင်းထဲကနေ ချက်ခြင်းထုတ်ပစ်ခဲ့တယ်။

နောက်တစ်ချက်ကတော့ ကြည်ညိုရတဲ့သူတွေရဲ့ အိမ်ထောင်ရေးတွေကို တွေ့ရတဲ့အခါသူတို့တွေဟာ မိသားစုဘ၀ကို တန်ဖိုးထားတဲ့သူတွေ အိမ်ထောင်ရေးမှာလည်း အောင်မြင်နေတဲ့သူတွေ ဖြစ်နေကြတာ မြင်ရပါတယ်။အဲဒါကြောင့် ကိုယ့်မိသားစု၊ ကိုယ့်အိမ်ထောင်ရေးနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သလား ဆိုတာကို တွေးတတ်လာခဲ့တယ်။

အောင်မြင်နေတဲ့သူတွေ၊ထိပ်တန်းရောက်နေတဲ့သူတွေကို အားကျစိတ်နဲ့နှိုင်းယှဉ်စဉ်းစားတဲ့အလေ့ရှိလာခဲ့တယ်။ ဒါကို ကောင်းတယ်ဆိုတာကို ခုလို အသက်ကြီးလာချိန်မှာ သိရပါတယ်။

ခုချိန်ထိပါပဲ ကျွန်မတိုဲ့ ပတ်ဝန်းကျင်ထဲကသာမက ကမ္ဘာပေါ်က အောင်မြင်နေတဲ့သူတွေ၊ ခေါင်းဆောင်ကောင်းတွေ၊ လူများလေးစားကြည်ညိုသူတွေကို စိတ်ဝင်စားတယ်။ သူတို့ကြောင်း စာအုပ်တွေလည်း ဖတ်တယ်။ပြီးတော့ သူတို့ တွေးသလို လိုက်တွေးကြည့်တယ်။ သူတို့ ကြိုးစားအားထုတ်သလို၊ လိုက်ကြိုးစားအားထုတ်ပါတယ်။

နောက်သူတို့ရဲ့ ပေးဆပ်မှုတွေနဲ့စွန့်စားမှုတွေကိုလည်း နှစ်သက်မိတော့ သူတို့လို ပေးဆပ်နိုင်အောင် အနစ်နာခံနိုင်အောင်လည်း ကြိုးစားရပါတယ်။

ကျွန်မ လေ့လာခဲ့မိသလောက် အောင်မြင်နေတဲ့သူတွေ၊ ထိပ်တန်းရောက်နေတဲ့ သူတွေရဲ့ ဓလေ့စရိုက်တစ်ခုကတော့ စိတ်အားထက်သန်ကြခြင်းပါ။ တကယ်ပဲ သူတို့ဟာ ကိစ္စအတော်များများကို စိတ်အားထက်သန်စွာနဲ့ ဆောင်ရွက်ကြတဲ့အတွက် တက်ကြွလန်းဆန်းမှုတွေနဲ့ထက်မြက်မှုတွေ ပင်ကိုယ်စွမ်းရည်တွေပါ ပါဝင်လာကြတာ တွေ့ရပါတယ်။

ကျွန်မတို့လို သာမန်လူတွေအနေနဲ့လည်း ကိုယ်လုပ်ဆောင်တဲ့ကိစ္စတိုင်းကို စိတ်ပါလက်ပါနဲ့ စွမ်းရည်ပေါ်လွင်တဲ့အထိ လုပ်ဆောင်ရမယ်ဆိုတာကို သိလာခဲ့တယ်။

ခုချိုန်ထိပါပဲ အမြဲတမ်း ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့ မေးခွန်းတွေ အမြဲမေးပါတယ်။ ကိုယ်က အောင်မြင်ချင်တဲ့သူလား၊ အရှုံးသမားဖြစ်ချင်တာလား ဆိုတာပါ၊ အောင်မြင်ချင်တယ်ဆိုရင်တော့ သာမန်လူတွေလိုပဲ စဉ်းစားနေထိုင်လို့မရပါဘူး။ ပျင်းလို့ရမလူး၊ ဖျင်းလို့မရဘူး၊ အပျက်စိတ်ထားကို စွဲထားလို့မရဘူး၊ အပြစ်တင်တတ်လို့မရဘူး၊ မသင်ယူပဲနေလို့မရပါဘူး။

အောင်မြင်မှုရရှိဖို့အတွက် ရည်မှန်းချက်ထားရတာ၊ စိတ်ဓါတ်ခိုင်မာရတာ၊ အချိန်ကို အလေအလွင့်မရှိအောင် သုံးစွဲရတာ၊ သည်းခံရတာ၊ ဆင်ခြင် ထိန်းသိမ်းရတာ၊ ကြိုးစားအားထုတ်ရတာ၊ လေ့လာ သင်ယူရတာတွေ ရှိပါတယ်။
ကျေးဇူးတင်ပါတယ်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment