Latest News

Friday, February 3, 2017

ပြည်သူ့လွှတ်တော်မှာ စာအိတ်ဗုံးအကြောင်း သိကောင်းစရာများ ကြေညာထား

ပြည်သူ့လွှတ်တော်မှာ စာအိတ်ဗုံးအကြောင်း သိကောင်းစရာများ ကြေညာထား

စာအိတ်ဗုံးနဲ့ ပါဆယ်ဗုံးများအကြောင်းကို လွှတ်တော်ရေးရာကော်မတီများသို့လည်း ဖြန့်ဝေထားပါတယ်။

ပြည်သူ့လွှတ်တော်ရှိ ကြော်ငြာသင်ပုန်းမှာ ယခုရက်ပိုင်းအတွင်း စာအိတ်ဗုံးနဲ့ ပါဆယ်ဆုံးများအကြောင်း သိထားသင့်တဲ့ အကြောင်းအရာတွေကို ကြေညာပေးထားကြောင်း သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ သိထားနိုင်ရန်အတွက် ထိုသို့ ကြေညာပေးထားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြား ရေးမှူး ဦးကိုကိုနိုင်က ပြောပါတယ်။ ယခင်ကထက် လုံခြုံရေးအသိရှိပြီး ပိုသတိထားနိုင်ရန် စာအိတ်ဗုံးနဲ့ ပါဆယ်ဗုံးအကြောင်း သိကောင်းစရာတွေကို ကြော်ငြာသင်ပုန်းမှာ ကပ်ပေးထားခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုပါတယ်။

ထိုသို့ ကြေညားထာရာမှာ စာအိတ်ဗုံးအကြောင်း၊ စာအိတ်ဗုံးပြုလုပ်ပုံ၊ စာအိတ်ဗုံးအရွယ်အစားနဲ့ စာအိတ်ဗုံးရဲ့ ထိခိုက်သက်ရောက်နိုင်မှုတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားပါတယ်။ စာအိတ်ဗုံးနဲ့ ပါဆယ်ဗုံးများအကြောင်းကို လွှတ်တော်ရေးရာကော်မတီများသို့လည်း ဖြန့်ဝေထားပြီး လွှတ်တော်လုံခြုံရေးကို ပိုမိုဂရုစိုက်လာခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလှမိုးက ပြောပါတယ်။

‘‘လုံခြုံရေး သတိရှိတာ ကောင်းတာပေါ့။ ဦးတို့ ပြည်ပလွှတ်တော်တွေ သွားလေ့လာရင် ဒီမှာထက် ပိုပြီးလုံခြုံရေးက တော်တော်ကို တင်းကျပ်တယ်’’လို့လည်း ဒေါက်တာလှမိုးက ဆိုပါတယ်။ လွှတ်တော်ရေးရာ ကော်မတီများထံ တိုင်ကြားစာတွေနဲ့ တင်ပြစာတွေ လာလေ့ရှိရာ လုံခြုံရေး အသိဖြင့် သတိထားနိုင်ရန် စာအိတ်ဗုံးများ၊ စာအုပ်ဗုံးများနဲ့ ပါဆယ်ဗုံးများအကြောင်း သိကောင်းစရာများ ဖြန့်ဝေထားခြင်းက အကျိုးမယုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကြော်ငြာကပ်ထားပေမဲ့ အမျိုးသားလွှတ်တော်မှာ ထိုသို့ ကြေ်ငြာထားမှု မတွေ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရပြီး ရက်ပိုင်းအကြာမှာ ပြည်သူ့လွှတ်တော် ကြော်ငြာသင်ပုန်းမှာ အခုလို ကြေညာထားခြင်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်မြင့်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှစပြီး ကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။

Source: 7Day Daily : Duwun

No comments:

Post a Comment