Latest News

Thursday, February 23, 2017

ကင်မ်ဂျုံနမ် သေဆုံးမှုတွင် မလေးရှား၌ အဓိက တာဝန်ရှိဟု မြောက်ကိုရီးယား စွပ်စွဲ

ကင်မ်ဂျုံနမ် သေဆုံးမှုတွင် မလေးရှား၌ အဓိက တာဝန်ရှိဟု မြောက်ကိုရီးယား စွပ်စွဲ



ကင်မ်ဂျုံနမ် သေဆုံးမှုသည် သာမန် ကျန်းမာရေး ဖောက်ပြန်မှုသာဖြစ်ပြီး မလေးရှား အစိုးရက ၎င်းတို့၏ တာဝန်ရှိမှုကို ရှောင်လွှဲရန် လုပ်ကြံမှုအသွင် ဖန်တီးခဲ့ခြင်းဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မိမိတို့ နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ ယင်းကိစ္စကို တုံ့ပြန်ကိုင်တွယ်ပုံအတွက် သက်ဆိုင်ရာ အစိုးရက လုံးဝ တာဝန်ခံထိုက်ကြောင်း မြောက်ကိုရီးယားက ဆိုသည်။ ထို့အပြင် ကင်မ်ဂျုံနမ်၏ အလောင်းကို ပြန်လည် လွှဲအပ်ပေးသင့်သော်လည်း မလေးရှားက နိုင်ငံရေး ကစားကွက် အမျိုးမျိုးဖြင့် ရှောင်ဖယ်နေကြောင်းလည်း မြောက်ကိုရီးယားဘက်က ပြစ်တင်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ဆက်ဆံရေး စိမ်းကားမှုများ ရှိနေသော ဖအေတူ မအေကွဲ အစ်ကို ကင်မ်ဂျုံနမ်ကို မြောက်ကိုရီးယား အေးဂျင့်များက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဟု ယူဆရသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် မလေးရှား ရဲတပ်ဖွဲ့က ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံရုံးမှ သံအရာရှိ တစ်ဦးအပါအဝင် မြောက်ကိုရီးယား နိုင်ငံသား အချို့ကို ဖမ်းဆီးစစ်ဆေးရန် ကြိုးစားနေကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီး မကြာမီတွင်ပင် မြောက်ကိုရီးယားဘက်က မလေးရှားကို တန်ပြန်ထိုးနှက် စွပ်စွဲလာခြင်း ဖြစ်သည်။ ကင်မ်ဂျုံနမ်သည် ကင်မ်ချိုလ်ဆိုသော အမည်ဖြင့် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး မလေးရှားမှ မကာအိုသို့ပြန်ရန် စီစဉ်နေချိန်တွင် လေဆိပ်ထဲ၌ အမျိုးသမီး နှစ်ဦးက အဆိပ်ဖြင့် အနီးကပ် လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက “မြောက်ကိုရီးယား ပြည်သူတစ်ယောက်ဟာ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ခရီးသွားနေချိန်မှာ ရုတ်တရက် နှလုံးဖောက်ပြန်ပြီး သေဆုံးခဲ့ပါတယ်။ သတင်းတွေမှာ ဖော်ပြနေတဲ့ အဆိပ်ခတ်မှု ဆိုတာက မှားယွင်းပါတယ်။ ပြီးတော့ မလေးရှားဟာ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တစ်ဦးကို သက်ဆိုင်ရာ နိုင်ငံရဲ့ ခွင့်ပြုချက် မရဘဲ ရင်ခွဲစစ်ဆေးခဲ့ပါတယ်။ ဒါဟာ လူ့ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပါတယ်”ဟု ဖော်ပြသွားသည်။

ဆက်လက်၍ KCNAက “အခုသေဆုံးမှုအတွက် အဓိက တာဝန်အရှိဆုံးက မလေးရှား အစိုးရ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သေဆုံးသူ မြောက်ကိုရီးယား နိုင်ငံသားရဲ့ ရုပ်အလောင်းကို ပြန်လွှဲပေးဖို့ ငြင်းဆိုနေခြင်းဟာ မလေးရှား အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို မလေးမစား ပြုမူပြီး မသင်္ကာစရာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတယ်ဆိုတဲ့ သက်သေပါပဲ”ဟုလည်း အတိအလင်း စွပ်စွဲခဲ့သည်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယားနှင့် မလေးရှားတို့သည် ရင်းနှီးသော သံတမန် ချိတ်ဆက်မှု ရှိခဲ့သော်လည်း ယခုလုပ်ကြံမှု နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေး အေးခဲ တင်းမာသွားခဲ့ကြောင်း သိရသည်။

Ref: BBC

7Day News Journal

No comments:

Post a Comment