Latest News

Friday, February 10, 2017

မိဘ စိတ်မဆင်းရဲစေမယ့်နည်းနဲ့ ကျေးဇူးဆပ်ကြမယ်

မိဘ စိတ်မဆင်းရဲစေမယ့်နည်းနဲ့ ကျေးဇူးဆပ်ကြမယ်



အသက်အရွယ် ရလာတာနဲ့အမျှ မိဘတွေက ကိုယ်အား၊ စိတ်အား ချိနဲ့လာကြတယ်။ သူတို့ကို သူတို့ အိုပြီဆိုတဲ့ အတွေးတွေ တစ်သီကြီးနဲ့ သားသမီးတွေရဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ပြောဆိုဆက်ဆံမှုကို လိုလားလာတတ်ကြပါတယ်။ ဒီလိုနဲ့ အထီးကျန် စိတ်ဝေဒနာများ ဖြစ်လာတတ်ကြပြီး စိုးရိမ်ပူပန်မှုတွေ အမျိုးစုံ ခံစားလာရတတ်ပါတယ်။


ဒီလို ပူပန်သောကတွေနေ့စဉ်နဲ့အမျှ ဖိစီးလာလေ၊ စိတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလာလေဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေအနေနဲ့ မိမိရဲ့မိဘအတွက် အချိန်ပေးနိုင်ဖို့ လိုအပ်သလို မိဘတွေကို ရိုရိုသေသေဆက်ဆံ၊ ကြင်ကြင်နာနာဆက်ဆံဖို့ လိုပါတယ်။ သားသမီးနဲ့ မိဘပြောဆိုဆက်ဆံတဲ့ ပုံစံကလည်း သူတို့ ကျန်းမာရေးအတွက် များစွာ မူတည်နေပါတယ်။ ဒါကြောင့် သူတို့တွေ စိတ်ကျရောဂါဖြစ်နိုင်ချေမှ ကာကွယ်ပေးနိုင်ဖို့ သားသမီးတွေအနေနဲ့ မိဘတွေအပေါ် မပြုမူသင့်တဲ့ အပြုအမူအချို့ကို ဖော်ပြပေးလိုက်ပါတယ်။


အဆက်အသွယ်မပြတ်ပါစေနဲ့
သင့်အတွက် အလုပ်ဘယ်လောက်များများပါ။ အလုပ်ကိစ္စနဲ့ တခြားနယ်မြေကို ရောက်နေတယ်ဆိုရင်တောင်မှ ပုံမှန် မိဘနဲ့ အဆက်အသွယ်ရှိနေသင့်ပါတယ်။ အမြဲတမ်းလည်း သူတို့နဲ့ နွေးနွေးထွေးထွေးပြောဆို ဆက်ဆံသင့်ပါတယ်။ အနည်းဆုံး  ကားပိတ်နေတဲ့အချိန်မှာ ဖုန်းတစ်ချက်လောက်တော့ လှမ်းဆက်လိုက်သင့်ပါတယ်။


အထင်အမြင်သေးတဲ့ စကား မဆိုမိပါစေနဲ့
သင့်အဖေ၊ အမေက အသက် ဘယ်လောက်ပဲ ကြီးနေပါစေ၊ သူတို့ကို ဘယ်တော့မှ အမေတို့ အဖေတို့က ဘာသိလို့လဲ၊ ဒိတ်အောက်နေပြီ ဆိုပြီး ဘယ်အရာကိုမှ ကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ဘူး၊ အမေတို့ လုပ်တာ အကုန် ဆိုးကုန်ပြီတို့၊ လာမရှုပ်နဲ့တို့ စသဖြင့် သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို အထင်အမြင်သေးတဲ့စကား မပြောမိပါစေနဲ့။ သူတို့က စိတ်ဆိုးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက အသက် ၅၀၊ ၆၀ ကျော် လာတာနဲ့ သူ့ဘာသာသူ ဘယ်လောက်ပဲ ကျန်းမာသန်စွမ်းပြီး လှုပ်လှုပ်ရှားရှားသွားလာနိုင်သူတစ်ဦးဖြစ်နေပါစေ၊ ကလေးတွေလိုမျိုး စိတ်ထားနုနုရွရွလေးတွေ ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုပြောလိုက်တဲ့အခါမှာ သင်ငယ်ငယ်တုန်းက သင့်ကို နှိမ်ပြောခဲ့တဲ့အခါ ခံစားရသလို မိဘစိတ်ထဲမှာ သိမ်ငယ်တဲ့ စိတ်မျိုးခံစားသွားရနိုင်ပါတယ်။ အဲဒီလို ပြောမယ့်အစား ကူညီဝင်ရောက် လုပ်ကိုင်ပေးလိုက်တာဖြစ်ဖြစ်၊ နည်းလမ်းကောင်းတွေ ပေးလိုက်တာဖြစ်ဖြစ် သူတို့တွေ ရွှင်လန်းတက်ကြွနေအောင် ဂရုပြုပေးသင့်ပါတယ်။


အနိုင်ယူလိုတဲ့ စိတ်ထားမျိုး၊ အပြုအမူမျိုး မလုပ်ပါနဲ့
သူတို့က ဆူတဲ့အခါ ပြိုင်ငြင်းတာမျိုး၊ ပိတ်အော်တာမျိုး လုပ်လိုက်တဲ့အခါမှာ သူတို့က အရမ်းကိုစိတ်ထိခိုက်တတ်ကြပါတယ်။ စဉ်းစားကြည့်လိုက်ပါ။ သူတို့က သင်နဲ့ ပြိုင်အော်နိုင်မယ်ထင်ပါသလား။ ပြိုင်အော်ရင်တောင် သင်က နိုင်ပြီးသားပါ။ ဥပမာ ပြောပြတာဖြစ်ပြီး တကယ်တမ်းတော့ ဒီလို မိဘနဲ့ ပြိုင်ပြီး စိတ်တို ဒေါသထွက်တာ ဖြစ်ကို မဖြစ်သင့်တာပါ။ သူတို့စိတ်ထဲမှာ သားသမီးတွေက သူတို့ကို မလေးစား၊ မယုံကြည်တော့ဘူးလားဆိုတဲ့ အားငယ်စိတ်များခိုအောင်းလာတတ်ပြီး သူတို့ရဲ့ကိစ္စရပ်တိုင်း၊ သဘောထားတိုင်းကို မြိုသိပ်ထားတော့မှာပါ။ ပွင့်ပွင့်လင်းလင်း တိုင်ပင်တာမျိုးမရှိတဲ့ဘဲ အဆင်ပြေပါတယ် သမီးရယ် သားရယ်ဆိုပြီး နှုတ်ဆိတ်သွားတတ်ကြပါတယ်။


သားသမီးတွေအနေနဲ့ မိဘအပေါ် သိမ်သိမ်မွေ့မွေ့ကျိုးကျိုးနွံနွံဆက်ဆံပေးခြင်းက မိဘတွေကို စိတ်အားငယ်မှု၊ စိတ်ထိခိုက်မှုဖြစ်စေတာကနေ ကာကွယ်ပေးသလိုဖြစ်တာမို့လို့ ဒီလိုနေတာက မိဘ စိတ်မဆင်းရဲစေမယ့်နည်းနဲ့ ကျေးဇူးဆပ်တာလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ သင်စိတ်ဝင်စားနိုင်မယ့် ~ မိဘတွေနဲ့ အမြဲတမ်း ငြင်းခုံစကားများနေရတာ ဘာကြောင့်လဲ

Source : PsychologyToday : Duwun

No comments:

Post a Comment