Latest News

Thursday, February 2, 2017

ရိုမေးနီးယားက ဆန္ဒပြမှု ကြီးထွားလာ

ရိုမေးနီးယားက ဆန္ဒပြမှု ကြီးထွားလာ

ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူခါရပ်စ်က လမ်းမတွေပေါ်မှာ ‘အစိုးရ ထွက် ထွက်၊ သူခိုးတွေ ဟေ့.. သူခိုးတွေ’  ဆိုပြီး အော်ဟစ်ကြွေးကြော်နေတဲ့ ဆန္ဒပြ လူအုပ်ကြီး ရောက်ရှိနေပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အစိုးရ အရာရှိ အများအပြားကို ထောင်က လွတ်စေနိုင်တဲ့ ဥပဒေအာဏာကို သုံးထားတဲ့ အမိန့် ဒီကရီ တခုကြောင့် ဘူခါရပစ်မြို့တော်ဟာ နိုင်ငံ့ သမိုင်းမှာ အကြီးမားဆုံး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီး တခုနဲ့ ရင်ဆိုင်နေရတာပါ။

ဗုဒ္ဓဟူးနေ့ ညပိုင်းတုန်းက အနည်းဆုံး လူ အယောက် ၁၅၀,၀၀၀ လောက်ရှိတဲ့ လူအုပ်ကြီးဟာ ဘူခါရပ်စ်က အစိုးရဌာနရုံးတွေရှေ့မှာ အစိုးရကို နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အခြား မြို့ကြီး၊ မြို့ငယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။

ဆန္ဒပြသူတွေဟာ ရဲတွေကို ဗြောက်အိုးတွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်ကြပြီး ရဲတွေကလည်း မျက်ရည်ယိုငွေ့တွေနဲ့ ပြန်လည် တုံ့ပြန်ကြပါတယ်။

အစိုးရရဲ့ အမိန့်ဟာ အင်္ဂါနေ့ညပိုင်းတုန်းက ထွက်လာခဲ့တာပါ။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) က ဝန်ကြီးချုပ် ဆိုရင်ဂရင်ဒါနူး ဦးဆောင်တဲ့ လက်ဝဲအင်အားစု အစိုးရအဖွဲ့က ဒီ အမိန့်ဟာ ထောင်တွေမှာ အကျဉ်းသားတွေ များပြားနေတာကို လျှော့ချနိုင်ဖို့ လိုအပ်တယ်လို့ အကြောင်းပြထားပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်တွေ ထောင်က လွတ်ဖို့ အတွက် ဒီ အမိန့်ကို ထုတ်ခဲ့တာလို့ ထောက်ပြကြပါတယ်။

ဥရောပသမဂ္ဂ (EU) က ရိုမေးနီးယားနိုင်ငံရဲ့ အကျင့်ပျက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုဟာ နောက်ကြောင်းပြန်လှည့်နေပြီလို့ သတိပေးပြီး နာရီပိုင်းအကြာမှာ ဒီလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အာဏာရ အစိုးရရဲ့ အမိန့်ကြောင့် လက်ငင်း အကျိုးကျေးဇူးခံစားရပြီး ထောင်က လွတ်လာမှာကတော့  အစိုးရငွေ ယူရိုဒေါ်လာ ၂၄,၀၀၀ လိမ်လည်သုံးစွဲခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဗြူဒါရာနီယာ ဖြစ်ပါတယ်။  ထောင်က လွတ်လာမယ့် သူတွေထဲမှာ အစိုးရခန့်အပ်ခဲ့တဲ့ အရာရှိတွေနဲ့ တရားသူကြီးတွေလည်း ပါပါတယ်။

ဆန္ဒပြသူတွေကတော့ တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုကြမယ့် ရာဇဝတ်သားတွေရဲ့ ဘေးကနေ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ရှေးရှုဖို့ သူတို့ ဆန္ဒပြနေကြတာလို့ ဆိုနေကြပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment