လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခိုးယူခြင်း၊ အလစ်သုတ်ခြင်း လျော့နည်း
Photo - FB
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်နေခြင်းကြောင့် လူနာယောင်ဆောင်ကာ ခိုးယူခြင်း၊ လုယက်ခြင်း၊ အလစ်သုတ်ခြင်းများ ဇန်နဝါရီလအတွင်း လျော့နည်းခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ယခင်နှစ်က ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်နေသော လူနာများသည် လစဉ် ခြောက်ကြိမ်မှ ဆယ်ကြိမ်ခန့်ထိ ပုံမှန်ပစ္စည်း ပျောက်ဆုံးခဲ့ပြီး အချို့မှာ လူနာစောင့် အယောင်ဆောင်ခြင်း၊ ဆေးကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ခြင်းအပြင် ပုံစံအမျိုးမျိုးဖြင့် အလစ်သုတ်ခံရခြင်း၊ ခိုးယူခံရခြင်းများ ရှိခဲ့ရာမှ လုံခြုံရေး ကင်မရာမှတစ်ဆင့် စောင့်ကြည့်စစ်ဆေးနေသည်ဟု ပညာပေးဟောပြောမှုများ နေ့စဉ်ပြုလုပ်ခဲ့ခြင်းကြောင့် ဇန်နဝါရီလတွင် လူရှုပ်သည့် လူနာဆောင်များတွင် ခါးပိုက်နှိုက်မှု နှစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အုံးက ဆိုသည်။
“စီစီတီဗီကနေ ကြည့်တယ်။ လူရှုပ်နေတဲ့ ရောဂါကုသဆောင်တွေကို အော်လံနဲ့ လိုက်အော်သတိပေးတယ်။ လူနာရှင်တွေ ပိုက်ဆံအိတ်နဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ဂရုစိုက်ဖို့ လူနာအချင်းချင်း ယုံကြည်မှု မလွန်ကဲဖို့ ပညာပေး ရှင်းပြတယ်။ နောက်ပြီး လုံခြုံရေးကင်မရာတွေ နေရာအနှံ့ တပ်ဆင်ထားလို့ မဟုတ်တာ လုပ်ခဲ့ရင် အကုန်မှတ်တမ်း ရှိပါတယ်လို့ ပြောဆိုတယ်။ ဒါကြောင့် လျော့ကျကုန်တာပဲ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ယခင်နှစ်တွင် ဆေးရုံကြီးသို့ အကြိမ်ကြိမ် ခိုးယူ၊ အလစ်သုတ်ပြီး လွတ်မြောက်နေသော အမျိုးသားတစ်ဦး၏ ဓာတ်ပုံမှတ်တမ်းကိုလည်း ဆေးရုံကြီး ရောဂါကုသဆောင်များရှိ နံရံကပ်နေရာများတွင် ကြေညာအသိပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီး၏ ရောဂါကုသဆောင်များ ဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောကုသဌာန၊ နှလုံးကုသဌာနနှင့် နှလုံးနှင့် ကျောက်ကပ် စသော နေရာများတွင် ယခုနှစ်အတွင်း အလှူရှင်များ လှူဒါန်းမှုဖြင့် လုံခြုံရေးကင်မရာ အလုံး ၂၀ဝ နီးပါး ဆက်လက်တပ်ဆင်မည် ဖြစ်ပြီး လက်ရှိတွင် ယခင်က တပ်ဆင်ထားသော ကင်မရာအလုံး ၁၀ဝ ကျော်ကို Control Center ဖြင့် ထိန်းချုပ်စောင့်ကြည့်နေကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။
၂၀၁၆ ခုနှစ်က ရန်ကုန်ဆေးရုံကြီးတွင် ပုံစံမျိုးစုံဖြင့် အယောင်ဆောင် ခိုးယူခြင်း၊ လုယက်ခြင်း၊ အလစ်သုတ်ခြင်း အကြိမ်ပေါင်း ၁၀ဝ ကျော် ရှိခဲ့ကြောင်း ဆေးရုံကြီး မှတ်တမ်းအရ သိရသည်။
Sources : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment