Latest News

Thursday, February 16, 2017

ကင်ဂျုံနမ်းရုပ်အလောင်းကိုပြန်ပေးဖို့ မြောက်ကိုရီးယားတောင်းဆိုဟုဆို

ကင်ဂျုံနမ်းရုပ်အလောင်းကိုပြန်ပေးဖို့ မြောက်ကိုရီးယားတောင်းဆိုဟုဆို

ဖေဖော်ဝါရီ ၁၅ – မြောက်ကိုရီးယားအစိုးရခေါင်းဆာင်ကင်ဂျုံအန်းရဲ့အဖေတူအမေကွဲအစ်ကိုလို့ယူဆရသူ အမျိုးသားရဲ့ရုပ်အလောင်းကိုလွှဲပြောင်းပေးဖို့ မလေးရှားအစိုးရထံ မြောက်ကိုရီးယားကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ကင်ဂျုံနမ်းဟာ တနင်္လာနေ့က မလေးရှားမြို့တော်ကွာလာလမ်ပူလေယာဉ်စောင့်ဆိုင်းနေစဉ် အဆိပ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရတာလို့ယူဆရပါတယ်။ ဒေသအာဏာပိုင်တွေဟာ သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျသိရှိနိုင်ဖို့ အလောင်း ခွဲစိတ်စစ်ဆေးမှု တွေ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် အလောင်းခွဲစိတ်စစ်ဆေးတာကို ပြုံယမ်းအစိုးရက ကန့်ကွက်နေတယ် လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က သေဆုံးမှုနဲ့ပတ်သက်ပြီးသံသယရှိသူအမျိုးသမီးနှစ်ဦးကိုထိန်းသိမ်းထားပြီး အခြားသံသယရှိသူတွေ ကိုတော့ဆက်လက်ရှာဖွေနေပါတယ်။ ဗုဒ္ဓဟူးနေ့ကမြောက်ကိုရီးယားအစိုးရဟာ အလောင်းကို လွှဲပြောင်းပေးဖို့ ကင်ဂျုံနမ်းအလောင်းကိုခွဲစိတ် စစ်ဆေး နေတဲ့ ဆေးရုံဆီကို ကိုယ်စားလှယ်များစွာကိုစေလွှတ်ခဲ့တယ်လို့ သတင်းတွေမှာပါရှိပါတယ်။

မလေးရှားအစိုးရကတော့ Kim Chol အမည်နဲ့ခရီးသွားအထောက်အထားတွေကိုင်ဆောင်လာတဲ့ သေဆုံးသူ အမျိုးသားဟာ ကင်ဂျုံနမ်ဖြစ်တယ်လို့ အတည်ပြုထားခြင်းမရှိသေးပါဘူး။ မလေးရှားက မြောက်ကိုရီးယားအစိုးရရဲ့တောင်းဆိုချက်ကို လက်သင့်မခံခဲ့ပါဘူး။ “အခုကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရဘက်က ဖိအားပေးတာတွေကို လက်ခံသွားမှာမဟုတ်ပါဘူး။

လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် Doan Thi Huong ဆိုသူ ဗီယက်နမ်ပတ်စ်ပို့ကိုင်ဆောင်သူအမျိုးသမီးနဲ့ နောက်ထပ် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အင်ဒိုနီးရှားပတ်စ်ပို့ကိုင်ဆောင်သူတို့ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားတဲ့သံသယရှိသူတွေဟာ လေဆိပ် စီစီတီဗွီကင်မရာမှတ်တမ်းကနေတွေ့ရှိခဲ့တဲ့အမျိုးသမီးတွေလို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားမီဒီယာကတော့ မြောက်ကိုရီးယားအေးဂျင့်တွေလို့ယူဆရတဲ့အမျိုးသမီး ၂ ဦးဟာ သည်လုပ်ကြံမှု ကိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး လေဆိပ်ကနေတက္ကစီနဲ့ထွက်သွားတယ်လို့ဖော်ပြခဲ့ပေမယ့် မလေးရှားရဲဌာနကတော့ သည်အသေးစိတ်အချက်အလက်တွေကို အတည်ပြုခြင်းမရှိပါဘူး။

အစောပိုင်းက မလေးရှား နိုင်ငံပိုင်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Bernama သတင်းဌာနက မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ဦး လေဆိပ်မှာအဖမ်းခံလိုက်ရတယ်လို့ဖော်ပြခဲ့ပါတယ်။

အဲ့သည့်အမျိုးသမီးဟာ အခုထိန်းသိမ်း ခံထားရတဲ့အမျိုးသမီးတွေထဲ ပါဝင်သလား၊ မှားယွင်းဖော်ပြခဲ့တာလားဆိုတာကိုတော့ သတင်းဌာနက ရှင်းရှင်းလင်းလင်း မဖော်ပြထားသေးပါဘူး။

 မအေးသီမွန်

[Ref:BBC; 15 February 2017]

Kumudra

No comments:

Post a Comment