Latest News

Sunday, February 19, 2017

ဦးမင်းမင်းဦးသည် သိက္ခာရှိရှိ၊ သတ္တိရှိရှိနုတ်ထွက်သွားသည့်အတွက် ချီးကျူးကြောင်း ဦးဝင်းထိန်ပြော

ဦးမင်းမင်းဦးသည် သိက္ခာရှိရှိ၊ သတ္တိရှိရှိနုတ်ထွက်သွားသည့်အတွက်

ချီးကျူးကြောင်း ဦးဝင်းထိန်ပြော

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် မည်သူတဦး တယောက်ကိုမှ ပြစ်တင်ပုတ်ခတ်ခြင်းမရှိဘဲ သိက္ခာရှိရှိ၊ သတ္တိရှိရှိ နုတ်ထွက်သွားသည့်အတွက် ချီးကျူးကြောင်း ဦးဝင်းထိန်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ မီဒီယာအချို့နှင့်တွေ့ဆုံရာတွင် ဦးဝင်းထိန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဦးမင်းမင်းဦးကိစ္စကတော့ သူ့အနေအထားအတိုင်း တိုင်စာတွေတက်တယ်။ complain တွေတက်တဲ့အခါမှာ ပါတီအနေနဲ့ ဦးဥာဏ်ဝင်းခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တယ်။ စစ်ဆေးတယ်။ အဲဒီကနေ တင်ပြလို့ရတဲ့ဟာကို ကျွန်တော်တို့ဆီ တင်ပြတယ်။ ကျွန်တော်တို့က အစိုးရအဖွဲ့ကို အကြောင်းကြားတယ်။ ကျွန်တော်တို့ကနေ ရာထူးနဲ့ပတ်သက်လို့ ဆွေးနွေးပေးတဲ့ဟာကို သူ့သဘောနဲ့သူ သိက္ခာရှိရှိ ထွက်သွားတယ်။ သတ္တိရှိရှိထွက်သွားတယ်။ အဲဒီလို ထွက်သွားတဲ့အခါမှာ ဘယ်သူ့ကိုမှ မပုတ်ခတ်ဘူး။ ဘာကိုမှလည်း အပြစ် မတင်ဘူး။ ဒါဟာ အရမ်းချီးကျူးစရာကောင်းတယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ရာထူး မှနုတ် ထွက်ကြောင်းကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ၄င်း၏ ဖေ့စ်ဘွတ်စ်စာမျက်နှာမှ “နုတ်ထွက်ပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ”ဟု ရေးသားအသိပေးခဲ့သည်။

ထွန်း(နေပြည်တော်)

NewsWatch

No comments:

Post a Comment