Latest News

Wednesday, February 8, 2017

ဘုရားမကြိုက်တဲ့လူတစ်စု

ဘုရားမကြိုက်တဲ့လူတစ်စု


(တစ်)

ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဆွေဇင်ထိုက်နှင့် ကျွန်တော် တော်တော်ကလေးရင်းနှီးပါသည်။ ရှားရှားပါးပါး ပညာကို တန်ဖိုးထားသည့် မင်းသမီး၊ လွတ်လပ်ပွင့်လင်း၍ တိုးတက်သောအမြင်ရှိသည့် မင်းသမီးဖြစ်သည့်အတွက် သိကျွမ်းပြီးနောက် မကြာလှသော အချိန်ပိုင်းကလေးတွင် ပြောမနာဆိုမနာ ရင်းနှီးသွားကြရာက ယခုဆိုလျှင် ပွင့်ပွင့်လင်းလင်း စကားပြောဖော်ပြောဖက်များပင် ဖြစ်သွားကြပါလေသည်။

ဒေါ်ဆွေဇင်ထိုက်၏ နှုတ်ဖျားမှ ထွက်လာသည့်စကားများကို ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှ (သို့မဟုတ်) ဟောပြောပွဲစင်မြင့် တစ်ခုခုပေါ်မှ (သို့မဟုတ်) ဝိုင်းဖွဲ့ ပြောဆိုကြရာမှ ကြားရသမျှထဲ တွင် တစ်ခါက စကားတစ်ခွန်းကို ဖြင့် ကျွန်တော်ငြိသွားမိပါသည်။

လူတွေကလေ တရားပွဲတွေများ လုပ်လိုက်ကြတာ၊ တရားတွေလည်း နာလိုက်ကြတာ၊ တရားခွေတွေလည်း ထွက်လိုက်တာ၊ တရားကော တကယ်ရကြရဲ့လားမသိပါဘူးဟူ၍။ အလွန်တရာထူးခြားသည့် အတွေးအခေါ်စကားမဟုတ် သော်လည်း ကျွန်တော်တို့ သတိလက်လွတ်ဖြစ်နေသည့် စိတ်အ နေအထားကို လက်တို့ကာ သတိပေးလိုက်သလိုဖြစ်သည့်အတွက် သဘောကျသွားမိခြင်းလည်း ဖြစ်ပါသည်။

တရားပွဲများ၊ တရားခွေများအကြားတွင် ကျွန်တော်တို့ တကယ်တရားရကြပါလေစ။ တကယ်လည်း တရားရှိသွားကြပါစ။

(နှစ်)

ယခုနောက်ပိုင်း အချိန်ကလေးများ အလုအယက်ရလာသည့်အခါ ကျွန်တော် တရားနာလေ့ရှိပါသည်။ လေယာဉ်ပေါ်၊ ကားပေါ်၌ ရေဒီယိုကလေးတစ်လုံးတွင် Memory Stick ကလေးတစ် ချောင်းတပ်ကာ နားကြပ်ကလေး ဖြင့် နာခြင်းဖြစ်ပါသည်။ အိမ်တစ်လုံးထဲ၌ တစ်ယောက်တည်းနေခွင့် ရသည့်အခါမျိုးတွင်ကား မည်သည့်နားကြပ်မှ မလို။ လွတ်လွတ်လပ်လပ်။

ကျွန်တော် နာယူလေ့ရှိသည့် တရားက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားတွေပဲ ဖြစ်ပါသည်။

တရားတစ်ပုဒ်တွင် ဆရာတော်ဘုရားက မေတ္တသုတ်အကြောင်း ဟောပါသည်။ မေတ္တသုတ်ကို တတွတ်တွတ်ရွတ်ဆိုနေခြင်းဖြင့် မည်သည့်အကျိုးမှ မရှိ နိုင်ကြောင်းနှင့် မေတ္တာဟူသည် ဝစီကံမဟုတ်ကြောင်း၊ မနောကံ ကိစ္စသာဖြစ်ကြောင်း ဟောကြားခဲ့ရာ အမိုက်အမှောင်ထဲက ကျွန်တော့်မှာ လင်းပွင့်သွားခဲ့ရပါသည်။

ထို့အပြင် ဆရာတော်ဘုရားက ပုတီးစိပ်သည့်ကိစ္စကိုလည်း မိန့်ကြားလိုက်ပါသေးသည်။ ဘုရားဂုဏ်တော်ကိုးပါးကို ပုတီးစိပ်သည်ဆိုပါစို့တဲ့။ ဘုရား၏ ဂုဏ်တော်များရှိရာဆီသို့ စိတ်မရောက်ဘဲ ပုတီးစေ့နှင့် ကိန်းဂဏန်းများ အပေါ်၌သာ စိတ်ကရောက်နေကာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စသည်ဖြင့် တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ် စသည်ဖြင့် လုံးပန်းနေ ခြင်းများသည် ဘာများအကျိုးရှိပါသနည်းတဲ့။

(သုံး)

ကျွန်တော် ဟင်္သာတမြို့၌ ရှိနေခဲ့စဉ် လွန်လေပြီးသော ဆယ် နှစ်ဝန်းကျင်ခန့်က သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရ ဟင်္သာတမြို့သို့ကြွလာဖူးပါသည်။

ဆရာတော်ဘုရားက ဟင်္သာတမြို့၏ ကျက်သရေဆောင် ဦးပါရဲ ဘုရားရင်ပြင်တော်ပေါ်၌ ဓမ္မသဘင်ဆင်ယင်ကျင်းပပါသည်။ တရားနာဧည့်ပရိသတ်တို့ ကြက်ပျံမကျ များပြားလှပေရာ ကျွန်တော်တို့မှာအနားသို့ မည်သို့မှ ကပ်မရဘဲ ဧရာဝတီမြစ်ရေကို ဟန့်တားထားသည့် တာကြီးပေါ်တွင်သာ မော်တော်ကားနောက်ဖုံးကို လှန်ပြီးတရားနာခွင့်ရခဲ့ပါသည်။

ထိုပွဲတွင် ဆရာတော်ဘုရားက အသံမစဲပဋ္ဌာန်းပွဲတချို့နှင့် ပတ်သက်၍ ထောက်ပြပါသည်။ ပဋ္ဌာန်းမြတ်ဒေသနာနှင့်ပတ်သက်၍ ရွတ်ဆိုနေသည့် ပုဂ္ဂိုလ်များကလည်း ရွတ်သာရွတ်ဆိုနေပါလျက် မည်သည့်အဓိပ္ပာယ်ကိုမှ မသိ၊ ရွတ်သံကို စက္ကန့်မလပ်ကြားနာနေသည့်သူတွေကလည်း မည်သည့် အဓိပ္ပာယ်တွေမှန်းမသိခဲ့ကြလျှင် ထိုပတ်ဝန်းကျင်တစ်ခုလုံးသည် ဆူညံနေသည်မှလွဲ၍ ဘာများအကျိုးရှိပါသနည်းတဲ့။ ယင်းနေရာ၌ လူတိုင်းနားလည်နိုင်မည့် တရားတစ်ပုဒ်ကို ဟောကြားပေးလိုက်သည်ကမှ ပို၍အကျိုးမထူးနိုင်ပါသလောတဲ့။

ကျွန်တော်အပါအဝင် တရားနာပရိသတ်တို့ ငြိမ်ကျသွားပါသည်။

ကျွန်တော်တို့၏ လွဲနေပုံကလေးများကို ဆရာတော်ဘုရားကြီးက ထောက်ပြဝေဖန်သွားခဲ့သည်မဟုတ်လား။

အရပ်လေးမျက်နှာ နားမခံသာအောင် ဆူညံနေစေဖို့လား။ လူတို့၏ ရင်ထဲတွင် တရားဒေသနာတစ်ခုခု အမြစ်တွယ်သွားစေဖို့လား။

(လေး)

စလေဦးပုညက ‘ဘုရားမကြိုက်တဲ့ လူစု’ဟူ၍ စာဖွဲ့ခဲ့ဖူးပါသည်။

‘‘သောမနဿ သဟဂုတ်
လက်ဖက်က သုံးလေးလုပ်
ဒိဋ္ဌိက တသမ္ပယုတ်
ကြက်သွန်ကြော်များများနှင့်
ဗိုက်ကားအောင် တုတ်ပြီးလျှင်
သရုပ်များကွဲလေဟန်
လက်လေးသစ်လောက်စာတိုကို
ဝိဂြိုဟ်တွေ ကျင်းပြီးလျှင်
အငြင်းက ကြောက်ဖွယ်သန်’’

စသည်စသည်ဖြင့် လက်ဖက်ကလေးစားလိုက်၊ သင်္ဂြိုဟ်ကို ခွဲခြမ်းစိတ်ဖြာကာ တရားစကားတွေ ပြောလိုက်နှင့် စားကောင်း သောက်ကောင်း တရားစကား ပြောနေသူကို သရုပ်ဖော်ကာ ထိုသို့သော သူမျိုးကို ဤသို့တန်ဖိုး ဖြတ်ပါသည်။

‘‘အလှူမသာ၊
ရှိလေရာတွင်၊
လည်ကာဝါကြွား၊
လက်ဖက်စားသည်၊
ဘုရားမကြိုက်တဲ့
လူစုတည်း’’ဟူ၍။

ကျွန်တော်တို့သည် လူအထင်ကြီးခံရရုံ၊ စကားဝိုင်းထဲ၌ ပြောနိုင်ဆိုနိုင်သူအဖြစ် ဝင်ဆံ့ရုံမျှဖြင့် တကယ့်တရားနှင့် မတွေ့နိုင်ပါလေ။ တံဆိပ်ကပ်ထားရုံမျှဖြင့်လည်း တရားရှိသူအဖြစ် သတ်မှတ်၍ ရကောင်းသည်မဟုတ်။ မည်သည့်တံဆိပ်မှ ကပ်မထားသည့်တိုင် တရားရှိသူက ရှိနေတတ်သည်မျိုး။

နိုင်ငံသားတိုင်း၏ ရင်ထဲ၌ တရားကို တည်ဆောက်ပေးရန် လိုအပ်ပါသည်။ ဓမ္မကိန်းဝပ်ရန် လေ့ကျင့်ပေးရပါသည်။ ရွတ်ရုံ၊ ဆိုရုံ၊ ကြားရုံ၊ နာရုံဖြင့် အလုပ်မဖြစ်။

ဘုရားကြိုက်သည့် နိုင်ငံတော်သားများဖြစ်ဖို့ရာအတွက် တစ်ခုတည်းသော လိုအပ်ချက်က ဓမ္မနှလုံးသား။    ။

=============
7Day News Journal

No comments:

Post a Comment