Latest News

Tuesday, February 28, 2017

ဂျာမန် ဓားစာခံ တစ်ဦးကို ဖိလစ်ပိုင်ရှိ အဘူဆေယက်ဖ် စစ်သွေးကြွ များ ခေါင်းဖြတ်ကွပ်မျက်

ဂျာမန် ဓားစာခံ တစ်ဦးကို ဖိလစ်ပိုင်ရှိ အဘူဆေယက်ဖ် စစ်သွေးကြွ

များ ခေါင်းဖြတ်ကွပ်မျက်


ပြန်ပေးငွေ ပေးချေရန် သတ်မှတ်ရက် ကျော်လွန်သွားသည့်နောက် ဖိလစ်ပိုင်ရှိ အဘူဆေယက်ဖ် စစ်သွေးကြွများက ဂျာမန် ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် ဂျာမနီ အစိုးရများက အသက် ၇၀ အရွယ် ဂျာဂန်ကန့်နာသည် အဘူဆေယက်ဖ်တို့၏ လက်ချက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ကန့်နာသည် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အုပ်စုများ ထိန်းချုပ်ထားရာ တောနက်တစ်နေရာတွင် သုံးလမျှ အဖမ်းခံထားခဲ့ရသည်။

ကန့်နာသည် ၂၀၀၈ ခုနှစ်ကလည်း အမျိုးသမီးအဖော် ဆာဘီနီမက်ဇ်နှင့်အတူ ဆိုမာလီယာ ပင်လယ်ဓားပြများ၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးပြီး ပြန်လည် လွတ်မြောက်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကန့်နာ အနေဖြင့် ကံမကောင်းခဲ့ရှာတော့ချေ။

အဘူဆေယက်ဖ် စစ်သွေးကြွများက ဓားကောက်ကြီး တစ်လက်ဖြင့် ကန့်နာကို ကွပ်မျက်နေသည့် ကြမ်းတမ်းရက်စက်သော ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့သည်။

“အဓိပတိ အနေနဲ့ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါဟာ အကြမ်းဖက်သမားတွေရဲ့ စက်ဆုပ်စရာ သဘောထားနဲ့ ခံယူချက်တွေကို ပြသနေတဲ့ နောက်ထပ် လူသတ်မှုတစ်ခု ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို အားလုံးအတူ လက်တွဲပြီး ချေမှုန်းတွန်းလှန်ရပါမယ်”ဟု ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်လ်၏ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဆီဘတ်က ကြေညာခဲ့သည်။

ဖိလစ်ပိုင်၏ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အကြံပေး အရာရှိ ဂျေဇူးစ် ဒူရီဇာက “ပြန်ပေးဆွဲခံရတဲ့ ဓားစာခံ နောက်တစ်ယောက်ကို ရက်စက်ကြမ်းကြုတ်လှတဲ့ လုပ်ရပ်မျိုးအဖြစ် ခေါင်းဖြတ် ကွပ်မျက်လိုက်ပြန်ကြောင်း အတည်ပြုပါတယ်။ ဒီလို အကြမ်းဖက်မှုမျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့များသည် ကန့်နာကို ကယ်ဆယ်ရန် နောက်ဆုံးအချိန်ထိ အစွမ်းကုန် ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း လက်တွေ့ အောင်မြင်မှု မရခဲ့ကြောင်းလည်း ဒူရီဇာက ဆိုသည်။ အဘူဆေယက်ဖ် စစ်သွေးကြွများက ကန့်နာအတွက် မလေးရှားပီဆိုငွေ သန်း ၃၀ (ဒေါ်လာ ခြောက်သိန်းမျှ) တောင်းဆိုခဲ့ပြီး နောက်ဆုံးရက်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ကို သတ်မှတ်ထားသည်။

ဂျာမနီ အစိုးရသည် အကြမ်းဖက်သမားများနှင့် အပေးအယူလုပ် ညှိနှိုင်းမှု မပြုသည့် မူဝါဒကို ဆွဲကိုင်ထားသောကြောင့် အဘူဆေယက်ဖ်တို့၏ တောင်ဆိုမှုကို မျက်ကွယ်ပြုခဲ့သည်။ ကန့်နာနှင့် ၎င်း၏ အဖော်အမျိုးသမီးတို့ကို ပြန်ပေးဆွဲထားကြောင်း ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက ကြေညာခဲ့သည်။ သို့သော် မက်ဇ်မှာ မကြာမီတွင်ပင် ပစ်သတ်ခြင်း ခံခဲ့ရပြီး သူမ၏ အလောင်းကို ဖိလစ်ပိုင် အာဏာပိုင်များက ရှာတွေ့ခဲ့သည်။

အဘူဆေယက်ဖ်တို့သည် စက်တင်ဘာလအတွင်းတွင် နော်ဝေးနိုင်ငံသား တစ်ဦးကို တစ်နှစ်နီးပါး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့ဖူးသည်။ ၎င်းနှင့် ပတ်သက်၍ ပြန်ပေးငွေ အပေးအယူ ရှိမရှိ ဆိုသည်ကိုမူ တိတိကျကျ မသိရဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Ref: CNN


7Day News Journal

No comments:

Post a Comment