Latest News

Tuesday, February 21, 2017

လွန်​ခဲ့​သောနှစ်​ သုံးဆယ်​​ကျော်​က အာဇာနည်​ကုန်းဗုံးခွဲမူမှာ ​မြောက်​ကိုရီးယားနိုင်​ငံသား ဇင်​မို ကိုအရှင်​ရ​အောင်​ဖမ်းဆီး​ပေးခဲ့​သော .......

လွန်​ခဲ့​သောနှစ်​ သုံးဆယ်​​ကျော်​က အာဇာနည်​ကုန်းဗုံးခွဲမူမှာ ​မြောက်​ကိုရီးယားနိုင်​ငံသား ဇင်​မို ကိုအရှင်​ရ​အောင်​ဖမ်းဆီး​ပေးခဲ့​သော .......

ယောဂီ ဓားစန်းရီ
*************
19-Feb-20


နေခြစ်ခြစ်တောက် ပူနေသည်။ အသက် ၈၄ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတစ်ဦး လက်တစ်ဖက်တွင် တောင်ဝှေးကိုင်၍ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့်  ပုဇွန်တောင်ဈေးရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်ဆီ တရွေ့ရွေ့နှင်လျက်ရှိသည်။

ထိုယောဂီဝတ် အဘွားအိုကား လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ဖြစ်ပွားခဲ့သည့် အာဇာနည်ဗိမာန်ကုန်း ဗုံးဖောက်ခွဲမှုမှ မြောက်ကိုရီးယားနိုင်ငံသား အကြမ်းဖက်တရားခံ ဇင်မိုကို အရှင်ရအောင် အသက်စွန့်၍ ဖမ်းဆီးပေးခဲ့သူ။ လတ်တလော ဖြစ်ရပ်ဖြစ်သည့် ဦးကိုနီကိုလုပ်ကြံသူ သေနတ်သမားကြည်လင်းကို အသက်စွန့်၍ဖမ်းခဲ့သူ ကိုနေဝင်းကဲ့သို့ပင်။ သို့သော် အမျိုးသမီး။

ဆံဖြူသွားကျိုးနေသည့် ထိုအဘွားအိုမှာ တစ်ချိန်က လူအများ ကြောက်ရွံ့နေရသူ၊ ရဲများကပါ ထိပ်တိုက်မရင်ဆိုင်ဝံ့သူ ပုဇွန်တောင် ဓားစန်းရီဖြစ်ကြောင်း ၎င်းလွယ်ထားသည့် အနီရောင် ကချင်လွယ်အိတ်ထဲမှ ဂုဏ်ပြုမှတ်တမ်းများက ငြင်းဆန်မရအောင် သက်သေခံနေရှာသည်။

အရောင် လွင့်နေပြီဖြစ်သည့် ယောဂီဝတ်စုံနှင့် ဒေါ်စန်းရီမှာ တစ်ချိန်က သွက်လက်ဖျတ်လတ်ပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် မည်သည့်အမှုကိစ္စမဆို လက်ရဲဇက်ရဲ လုပ်ကိုင်တတ်သူဖြစ်ကြောင်း ယနေ့အချိန်ထိ ၎င်း၏ စကားပြောဆိုပုံနှင့် အမူအရာတွေက သက်သေခံလျက်ရှိသည်။

စစ်အစိုးရ မအုပ်ချုပ်ခင် ၁၉၈၃ ခုနှစ်က ပုဇွန်တောင်ပန်းခြံနေရာမှာ အရက်ဆိုင်တန်းဖြစ်သည်။ မစန်းရီမှ ပုဇွန်တောင် ဓားစန်းရီအဖြစ် ထိုအရက်ဆိုင်တန်းမှ  စခဲ့သည်။

“အဘွားက အရက်ရောင်းတယ်။ သမီးအကြီးက ဆိုင်ဘေးမှာ ကွမ်းယာ ရောင်းတယ်။ အဲဒီနေ့က Navy (ရေတပ်)က ငါးယောက်ဆိုင်မှာ လာသောက်တယ်။  မူးလာတော့ သမီးကြီးကို မဖွယ်မရာ လုပ်ပြလို့ ငှက်ကြီးတောင်ဓားနဲ့ အဘွားက လိုက်ခုတ်တာ။ သုံးယောက် အခုတ်ခံလိုက်ရတယ်။ အဲဒီအချိန်ကစပြီး တပ်ထိန်းနဲ့   ရဲက အဘွားကို ဓားစန်းရီလို့ နာမည်ပေးလိုက်ကြတာ”ဟု ဒေါ်စန်းရီက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် မိန်းမချော မစန်းရီတစ်ယောက် ယင်းအချိန်က ၎င်းနေထိုင်ပြောဆိုပုံက ယောက်ျားဆန်ဆန်။ ပေါင်တွင် သရေကြိုးဖြင့်ပတ်၍ ခေါက်ဓား အမြဲဆောင်ထားသူ၊ ဘူတာကြီးတစ်ဝိုက်ရှိ ပြည့်တန်ဆာခေါင်းများနှင့် ဖဲဝိုင်းများထံမှ ဆက်ကြေးကောက်ယူသူ ဖြစ်ခဲ့သည်။

“ဓားစန်းရီကို အရက် ရောင်းနေတဲ့ မိန်းမဆိုပြီး ရိသဲ့သဲ့ သွားလုပ်တဲ့ကောင်တွေ ဓားနဲ့ဆွဲခွဲခံရတာ မနည်းဘူး။ မိန်းမပေမယ့် အတော်ကြမ်းတယ်။ စွာလည်း စွာတယ်။ ဘယ်လိုကောင်နဲ့ဖြစ်ဖြစ် နပန်းလုံးဖို့ ဝန်မလေးဘူး”ဟု လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ပုဇွန်တောင်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ဆိုသည်။

အချုပ်ခန်းကို ခြင်ထောင်လို သတ်မှတ်သည့် ဓားစန်းရီအပေါ် ရဲတပ်ဖွဲ့က ဂုဏ်ပြုမှတ်တမ်းဆု ချီးမြှင့်ပေးရမည့် တစ်နေ့ ရောက်လာခဲ့သည်။ ယင်းနေ့က ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။

“သူခိုး သူခိုး”ဟု အော်ဟစ်သံများနှင့်အတူ ပုဇွန်တောင်ဈေး အနောက်ဘက်ရှိ ချောင်းရိုးတစ်လျှောက် လူများ ပြေးလွှားနေသည်။ အချိန်က ည ၉ နာရီခွဲ။ ညောင်တန်းဆိပ်ကမ်းအနီး နေထိုင်သူ ဓားစန်းရီတစ်ယောက် ညဝတ်အင်္ကျီဖြင့် ချောင်းစပ်သို့ ပြေးထွက်လာခဲ့သည်။

ဆိပ်ကမ်း ဘောတံတားအောက်တွင် အတွင်းခံတစ်ထည်သာ ဝတ်ဆင်ထားသည့် လူစိမ်းတစ်ယောက် ရေထဲ ငုပ်ချည်ပေါ်ချည် ဖြစ်နေသည်ကို မြင်လိုက်သည်။ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယား နိုင်ငံသားသုံးဦး ဗုံးဖောက်ခွဲသည့်သတင်းကို ဓားစန်းရီ ပြန်တွေးမိလိုက်သည်။

“နိုင်ငံခြားသားကြီးက ချောင်းထဲ ငုပ်လိုက်ပေါ်လာလိုက်လုပ်နေတာ။ ဟာ ဒါ သူခိုးမှ မဟုတ်ဘဲ။ မနက်က အာဇာနည်ကုန်း ဗုံးပေါက်ကွဲတယ် ပြောတယ်။ အခု  ဒီလူကြီးက သူတို့ကို လိုက်ဖမ်းနေလို့ ပြေးလာတဲ့သူ ဖြစ်မယ်”ဟု ဒေါ်စန်းရီက ထိုအချိန်က သူ့အတွေးစများကို ပြန်ပြောင်း ပြောပြသည်။

ပုဇွန်တောင်ချောင်းဘေးတွင် လူအုပ်ကအပြည့်။ ထိုလူအုပ်ကြားထဲမှ ဒေါ်စန်းရီတစ်ယောက် ပြေးထွက်ကာ ချောင်းထဲရှိ နိုင်ငံခြားသားကို ဆင်းဆယ်သည်။ ခန္ဓာကိုယ် ထွားကြိုင်းလှသည့် နိုင်ငံခြားသားကို ကုန်းပေါ် ဆွဲတင်ရန် ကမ်းစပ်ရှိနေသူများကို လှမ်းအကူအညီ တောင်းလိုက်သည်။

“ချောင်းစပ် အုတ်ခုံပေါ်ရောက်တော့ သူ့ညာလက်ကို ဖက်ထားတဲ့ မစန်းရီကို Get Out လို့ပြောပြီး တွန်းထုတ်တယ်။ လာကူဆွဲတင်တဲ့ ကျွန်တော်နဲ့ဘကြီးမှုံကို  ကိုရီးယားကြီးက ဆောင့်ကန်လွှတ်တာ။ လူကောင်ကြီးက အကြီးကြီး၊ သူ့အားနဲ့ အကန်ခံရလို့ ကျွန်တော်တို့တွေ လွင့်ထွက်သွားတယ်။ ပြီးတော့ သူက အတွင်းခံထဲက လက်ပစ်ဗုံးထုတ်ပြီး စနက်တံကို ဆွဲထုတ်တာ၊ ရင်ဘတ်ထဲထည့်ပြီး အသေခံ ဗုံးခွဲဖို့ လုပ်တာ။ ဗုံးက သူ့လက်ထဲမှာတင် ပေါက်ထွက်သွားတယ်”ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော ဦးအုန်းရွှေက ပြန်ပြောပြသည်။

ပေါက်ကွဲမှုကြောင့် လက်နှစ်ဖက်ရှိ လက်ချောင်းများ ပြတ်ထွက်ခဲ့သူ ကိုရီးယားနိုင်ငံသား ဇင်မိုက ပုဇွန်တောင်ချောင်းထဲ ခုန်ချလိုက်သည်။ ၎င်းအနောက်သို့ ကမ်းစပ်မှ ဒိုင်ဗင်ထိုး လိုက်သွားသူက ဓားစန်းရီ။

“ရေထဲမှာ သူ့ဆံပင်ကို လက်တစ်ဖက်က ဆွဲကိုင်ပြီး ကျန်လက်တစ်ဖက်က လည်ပင်းကို ဖက်ထားလိုက်တယ်၊ အမျိုးသား နှစ်ယောက်ပါ ချောင်းထဲ ဆင်းလာပြီး  နိုင်ငံခြားသားကြီးကို ကြိုးတွေနဲ့ ဝိုင်းချည်ပြီး အရှင်ရအောင် ဖမ်းနိုင်ခဲ့တယ်”ဟု ဓားစန်းရီက ပြန်ပြောပြသည်။

အကြမ်းဖက်သမားထံတွင် ဗုံးရှိသည်ဟုယူဆ၍ မည်သူမျှ အနားမကပ်ရဲချိန် အသက်စွန့်၍ ဖမ်းဆီးပေးခဲ့သူ ဓားစန်းရီမှာ ယင်းအချိန်က တာဝန်ရှိသူများ၏ အထင်အမြင် လွဲမှားမှုကို ခံခဲ့ရသေးသည်။

“ဇင်မိုရဲ့ စကားပြန်ပါဆိုပြီး အဘွားအိမ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ရှိ မရှိ လာစစ်တယ်။ ပြီးတော့ အမှန်အတိုင်း မထွက်ဆိုရင် ရိုက်စစ်မယ် ခြိမ်းခြောက်တယ်။ ရဲအရာရှိတစ်ယောက်က ဒီအမျိုးသမီးနဲ့ မဆိုင်ဘူး။ သူက ပုဇွန်တောင်မှာ အရက်ရောင်းနေတဲ့ ဓားစန်းရီလို့ ဝင်ပြောလို့ ပြန်လွှတ်ပေးခဲ့တာ”ဟု ကြုံတွေ့ခဲ့ရသည့် ခါးသီးမှုများကို ဒေါ်စန်းရီက မာန်တင်းပြီး ပြန်ပြောပြသည်။

တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်ကို လုပ်ကြံမှုတွင် တောင်ကိုရီးယားအရာရှိ ၁၇ ဦးနှင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးခဲ့သည်။ လုပ်ကြံမှုတွင် ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေ ဖမ်းမိခဲ့သည်။ ပုဇွန်တောင် ချောင်းအတွင်း၌ ဇင်မိုကိုလည်းကောင်း၊ သန်လျင်မြို့ သခွတ်ပင်ချောင်းတွင် ကင်မင်ချူးကိုလည်းကောင်း အရှင်ဖမ်းမိခဲ့သည်။

ပုဇွန်တောင်ချောင်းတွင် တရားခံ ဇင်မိုကို အရှင်ရအောင် ဖမ်းဆီးပေးခဲ့သည့် ဓားစန်းရီ အပါအဝင် ဦးဘိုကြီး၊ ဦးအုန်းရွှေနှင့် ဦးမှုံကြီးတို့ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က ဂုဏ်ပြုမှတ်တမ်းဆုနှင့်အတူ ကက်ဆက်တစ်လုံး၊ ကက်ဆက်ခွေ နှစ်ခွေ ဆုချီးမြှင့်ခဲ့သည်။

“လွန်ခဲ့တဲ့သုံးနှစ်က ကိုရီးယားတွေ အိမ်လာပြီး ကိုဘိုကြီးနဲ့ အင်တာဗျူး လုပ်သွားတယ်။ ညောင်တန်းဆိပ်ကမ်းမှာ ဇင်မိုကို ဖမ်းဆီးချိန်က အဖြစ်အပျက်တွေ  ပြန်ပြောခိုင်းပြီး ဗီဒီယိုမှတ်တမ်း ရိုက်ယူသွားတာ။ ငွေငါးသောင်းလည်း ကန်တော့သွားတယ်။ ဂုဏ်ပြုမှတ်တမ်းတွေလည်း ဓာတ်ပုံ ရိုက်ယူသွားတယ်”ဟု ပုဇွန်တောင်မြို့နယ်၊ (၅) ရပ်ကွက်၊ ဦးဖိုးမင်းလမ်းတွင် နေထိုင်သူ ဦးဘိုကြီး၏ဇနီး အသက် ၆၈ နှစ်အရွယ် ဒေါ်ဝင်းကြည်က ဆိုသည်။

ဦးဘိုကြီးမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက ဆုံးပါးခဲ့သည်။ ဂုဏ်ပြုမှတ်တမ်းဆု ချီးမြှင့်ခံရသူ ဦးမှုံကြီး (ခ) ဘကြီးမှုံမှာလည်း ဆုံးသွားရှာပြီ။

သက်ရှိထင်ရှား ကျန်နေခဲ့သူ ဓားစန်းရီနှင့် အသက် ၇၂ နှစ်အရွယ် ဦးအုန်းရွှေတို့ နှစ်ဦးမှာ ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဘဝလောကဓံကို ခက်ခဲစွာ ရင်ဆိုင် ဖြတ်သန်းနေရှာသည်။

“ကိုရီးယားသားကို ဖမ်းပေးလို့ ရဲစခန်းက ပုဆိုးတစ်ထည် ဆုချီးမြှင့်တယ်။ ၈၈ အရေးအခင်းပြီး နောက်ပိုင်းမှာ ညောင်တန်းရပ်ကွက်ကိုဖျက်ပြီး ရွှေပြည်သာကို ပြောင်းခိုင်းတယ်။ မြေတစ်ကွက်စာရဖို့ ငွေငါးထောင် သွင်းခဲ့ရတယ်။ အခု မိသားစုနဲ့အတူ (၃) ထိပ်မှာ မုန့်ဟင်းခါး ရောင်းနေတယ်”ဟု ကျန်းမာရေး မကောင်းသူ  ဦးအုန်းရွှေက ပြန်ပြောပြသည်။

သမီးနှစ်ဦး ရှိသော်လည်း ပြုစုစောင့်ရှောက်မှု မခံရသူ ဒေါ်စန်းရီခမျာမှာတော့ တူမနေအိမ်တွင် ကပ်နေရရှာသည်။ ဆေးဖိုးစရိတ်အတွက် လမ်းပေါ်ထွက်၍  ယောဂီဝတ်ဖြင့် အလှူခံ ထွက်နေရှာသည်။

“အဘွားခင်ပွန်းက ၂၀ဝ၃ ခုနှစ်မှာ ဆုံးသွားရှာတယ်။ သူမဆုံးခင် သုံးနှစ်လောက်မှာ အဘွား သီလရှင် ဝတ်သွားတာ။ ဘာကြောင့်ဆို ယောက်ျားက အဘွားတူမနဲ့ ယူသွားလို့ အိမ်ထောင်ရေးကို စိတ်ကုန်ပြီး သီလရှင် ဝတ်ခဲ့တာ”ဟု အဝေးတစ်နေရာကို ငေးကြည့်ရင်း ဒေါ်စန်းရီက ပြောသည်။

ဘဝခရီးကြမ်းပြီး အိမ်ထောင်ရေး ကံမကောင်းခဲ့သူ ဒေါ်စန်းရီတွင် ပထမအိမ်ထောင်ဖြင့် သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ဒေါ်စန်းရီ၏ ဇာတိက ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ဖောင်တော်သီကျေးရွာ။

ကလေးဘဝကတည်းက ဆတ်ဆတ်ကြဲ မဟုတ်မခံ၊ လုံးထွေး သတ်ပုတ်ရန် ဝန်မလေးသူ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွင်  ကြီးပြင်းခဲ့ရသူ ဖြစ်သောကြောင့် စာမသင်ခဲ့ရ၊ ယနေ့အထိ သူစာမဖတ်တတ်သေး။ ၁၄ နှစ်အရွယ်တွင် မီးရထားဂတ်ဗိုလ် ဦးညိုကြီးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးနှစ်ဦး ထွန်းကားပြီးနောက် အိမ်ထောင်ကွဲခဲ့သည်။

အရွယ်ကောင်း ၂၄ နှစ်အရွယ်မှာ သမီးအကြီးကို ဆွဲခေါ်၍ ရန်ကုန်သို့ သူရောက်လာခဲ့သည်။ လသားအရွယ် သမီးငယ်ကို ဖောင်တော်သီရွာက မိဘများထံ အပ်ခဲ့ပြီး ဝမ်းရေးအတွက် ရန်ကုန် ရုပ်ရှင်ရုံများအကြား မှောင်ခိုလက်မှတ်တိုး ရောင်းခဲ့ရသည်။

“အဘွား ရန်ကုန်ရောက်တော့ ရှေ့ဝိုင်းဆံထောက် ရှိနေတုန်း။ စာမတတ်ဘူးလေ။ ဆွေမျိုးလည်း မရှိဘူး။ လက်မှတ် မှောင်ခိုရောင်းတဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်မ ဆိုပြီး ရိသဲ့သဲ့ လုပ်ခံရတယ်။ အဲဒီအချိန်ထဲက ဓားဆောင်ခဲ့တာ။ ကိုယ်ကကြမ်း မပြရင် ခံသွားရမှာလေ၊ ပုဇွန်တောင်ရောက်မှ ဓားစန်းရီလို့ နာမည်တွင်သွားတာ”ဟု အဘွားစန်းရီက ပြန်ပြောရှာသည်။

ပုဇွန်တောင်ရှိ အရက်ဆိုင်တန်းတွင် အရက်ရောင်းနေသူ ဓားစန်းရီက ဖဲရိုက် ဝါသနာပါသူ။ ယင်းဖဲဝိုင်းမှ နောက် အိမ်ထောင်ဖြစ်သူ ဦးစိုးတင့်နှင့် ဖူးစာဆုံခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။

“သားက ၃၂ နှစ်အရွယ်မှာ ဆုံးသွားတယ်။ ညောင်တန်းရပ်ကွက် အဖယ်ခံရပြီး ရွှေပြည်သာရောက်တော့ အဘွားတို့မှာ အလုပ်အကိုင် မရှိတော့ဘူး။ ပုဇွန်တောင်ကမ်းနားသွားပြီး အထည်ဟောင်းတွေ သွားရောင်းတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ သားရော၊ ယောက်ျားရော ကျန်းမာရေးမကောင်းလို့ အိမ်ရောင်းပြီး ဆေးကုခဲ့တယ်။ သူတို့က ဆုံးသွားရှာပြီ။ မသေဘဲ ကျန်ခဲ့တဲ့ အဘွားမှာတော့ နေစရာ မရှိလို့ တူမတွေ ငှားနေတဲ့အိမ်မှာ လိုက်ကပ်နေရတယ်”ဟု ဒေါ်စန်းရီက ပြောသည်။

ခင်ပွန်းဖြစ်သူ မဆုံးခင် ဒေါ်စန်းရီသည် ပထမအိမ်ထောင်နှင့်ရခဲ့သည့် သမီးကြီးဖြစ်သူ မသိန်းမြင့်ရှိရာ ရှမ်းပြည် တောင်ကြီးသို့ သွားခဲ့သည်။ ယင်းနေရာတွင် ၁၆ နှစ်ကြာ သီလရှင် ဝတ်ခဲ့သည်။

“အဆစ်တွေ ကိုက်ခဲတဲ့ဝေဒနာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အဘွား သီလရှင်ကထွက်ပြီး ယောဂီဝတ်ခဲ့တာ၊ တောင်ကြီးမှာ အဘွား မနေနိုင်ဘူး၊ ရန်ကုန် ပြန်လာတယ်”ဟု ယောဂီဝတ် အဘွား စန်းရီက ပြောသည်။

ယင်းသို့အလှူခံ ထွက်ခြင်းကြောင့် ဟံသာဝတီရဲစခန်းတွင် မကြာခဏ အဖမ်းခံရပြီး ငွေငါးသောင်းဖြင့် လိုက်ရွေးထုတ်ပေးရကြောင်း အိမ်ချင်းကပ် နေထိုင်သည့်  အမျိုးသမီးက ဆိုသည်။

“သူ့မှာ အလှူခံခွင့် ထောက်ခံစာ မပါဘူးလေ၊ လှည်းတန်းဘက် သွားအလှူ ခံလို့ ခဏခဏ အဖမ်းခံရတယ်၊ အဘွား စန်းရီကိုသနားလို့ ကျွန်မက ပိုက်ဆံထုတ်ပေးပြီး သွားရွေးထုတ်ပေးတာပါ”ဟု အဆိုပါ အမျိုးသမီးကဆိုသည်။

မှီခိုရာမဲ့ သက်ကြီးရွယ်အိုဖြစ်နေသူ ဒေါ်စန်းရီကို ဘိုးဘွားရိပ်သာတွင် အပ်နှံပေးခဲ့သော်လည်း ၎င်းက ထွက်ပြေးခဲ့သည်။

“သူဌေးမကြီးတစ်ယောက်က ဘိုးဘွားရိပ်သာ လိုက်အပ်ပေးဖူးတယ်။ ဟိုက ကလေးတွေက အတော် ဂရုစိုက်တာ၊ သူတို့ပဲ ရေချိုးပေး၊ အဝတ်အစား လဲပေး၊ ထမင်းခူးကျွေးနဲ့ ကိုယ့်မှာတော့ ရောဂါသည်ကြီးတစ်ယောက်လို ခံစားနေရတာ၊ မနေတတ်ဘူး။ ပြီးတော့ တီဗီလည်း စိတ်ကြိုက် မကြည့်ရဘူး။ အဘွားက တီဗီ အရမ်းကြိုက်တာ၊ မကြည့်ရရင် မနေနိုင်ဘူး။ ဒါကြောင့် ထွက်ပြေးခဲ့တာ။ အဘွား သွားနိုင်လာနိုင်သေးတယ်၊ အလှူခံစားမယ်”ဟု ဒေါ်စန်းရီက အားမာန်အပြည့်နဲ့  ပြောနေသည်။

ဓားစန်းရီသည် လောကဓံ၏ ကလူကျီစယ်ပြုမှုအောက်တွင် ဇာတ်ရုပ်မျိုးစုံဖြင့် အသုံးတော်ခံခဲ့ရသည်။ ယနေ့တိုင် မနားနိုင်သေးပါ။ လက်ရှိကပြနေရသည်က  ဘဝနေဝင်ချိန်ကို ဖြတ်ကျော်နေရသည့် အသက် ၈၀ ကျော် ယောဂီအသွင်ဖြင့်။

အမိုးအကာ မလုံခြုံသည့် နေအိမ်ထဲတွင် နေထိုင်လျက် မပြည့်စုံသည့် ဆေးဝါးနှင့်အာဟာရတို့ကို ဖြည့်ဆည်းရန် ပုဇွန်တောင်နာမည်ကျော် ဓားစန်းရီ သို့မဟုတ် အဘွားစန်းရီတစ်ယောက် နောက်ရက်များတွင်လည်း အလှူခံထွက်ရပေဦးမည်။

“သမီးငယ်က အားမကိုးရဘူး၊ ဒါကြောင့် တူမအိမ်မှာ ကပ်နေတာ၊ တူမက ကျွေးပေမယ့် သူတို့မိသားစုလည်း အဆင်မပြေရှာဘူး၊ ဒါကြောင့် ကိုယ့်ဆေးဖိုးနဲ့ ဘာဘာညာညာလေး ဝယ်စားချင်တာ စားလို့ရအောင် တစ်ပတ်တစ်ခါ မြို့ထဲ အလှူခံထွက်တယ်”ဟု ယောဂီဝတ် အဘွားစန်းရီက ပြောလိုက်လေတော့သည်။

ခိုင်စိုးလင်း

The Voice





1 comment:

  1. အဘွားဓါးစန်းရီအား မိမိတတ်နိုင်သမျှလေးနှင့် ဂုဏ်ပြုလိုပါသည်။မည်သို့ဆက်သွယ်၍ရနိုင်ပါသလဲ
    win naing soe,095183705

    ReplyDelete