ဦးကိုနီ အသတ်ခံရမှု ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲလုပ်သင့်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က News Watch သို့ ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူများ ယုံကြည်မှုပိုမိုမြင့်မားလာစေရန်နှင့် ပြည်သူများ စိတ်ဝင်စားနေသည့် အမှုတခုဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စေချင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“တတိုင်းပြည်လုံးက စိတ်ဝင်စားနေတဲ့ အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပေးရင် ကောင်းတာပေါ့။ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့မေးခွန်းတွေအပေါ် အခြေံခံပြီးတော့ ဆက်စပ်စဉ်းစားစရာတွေ ရလာနိုင်တာပေါ့။ သတင်းထုတ်ပြန်မှု အားနည်းရင် လူတွေရဲ့ စိုးရိမ်မှုက ပိုဆိုးလာနိုင်တာပေါ့။ ဒီအမှုနဲ့ပတ်သက်တဲ့သတင်းတွေကို ဆက်တိုက် အချိန်နဲ့တပြေးညီ လုပ်ပေးနိုင်ဖို့ လိုပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ဖေဖော်ဝါရီ ၁ ရက်တွင် News Watch သို့ ပြောကြားသည်။
ထို့ပြင် Viber မှတဆင့် တရားခံ၏ထွက်ဆိုချက်များ ပျံ့နှံ့ခဲ့ခြင်းမှာလည်း မဖြစ်သင့်ကြောင်းနှင့် ပျံ့နှံ့အောင်ပြုလုပ်ခဲ့သူများကို စစ်ဆေးဖော်ထုတ်ရန် နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် အရေးယူသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဘာပဲဖြစ်ဖြစ် မပေါက်ကြားရဘူးဗျ။ ပေါက်ကြားတယ်ဆိုကတည်းက မဟုတ်တော့ဘူး။ သတင်းလုံခြုံမှုမရှိတော့ဘူး။ အဲဒီ စာရွက်တွေထဲမှာအပြင်က ကွင်းဆက်တရားခံ အကြောင်းပါနေရင် မင်းပြေးပေတော့လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ အချက်ပေးတဲ့ သဘော။ ဒီတာဝန်ရှိတဲ့လူကို ထိထိရောက်ရောက် အရေးယူမယ်။ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၂)က တရားရုံးတွေမှာ ကပ်ထားပါတယ်။ ချိတ်ထားပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်ဗျ။ ဒီတော့ ဒီဥပဒေကို လက်တွေ့အသုံးချပြီး ဒီရဲအရာရှိကို အရေးယူရမယ်။ သူ့ကို Viber နဲ့ ဘယ်ကိုပို့ခိုင်းတာလဲ။ ဘယ်သူက ပို့ခိုင်းတာလဲ။ သူ့ရဲ့တာဝန်က Viber နဲ့ ပို့ရမယ့် တာဝန်လား။ သူ့အဆင့်က ဘာရှိလဲ။ ဒီလိုကိစ္စမျိုးလေးတောင်မှ လုံခြုံမှုမရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
နန္ဒမျိုးဆောင်
News Watch
Wednesday, February 1, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment