Latest News

Sunday, February 5, 2017

မဲဆွယ်စည်းရုံးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို သတိထားအသုံးပြုကြဖို့ ဦးဝင်းထိန် ပြော

မဲဆွယ်စည်းရုံးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို သတိထားအသုံးပြုကြဖို့ ဦးဝင်းထိန် ပြော

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါတီ ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို သတိထားအသုံးပြုရေး အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ၁၈ ဦးကို မှာကြားဖို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲက ယူနီစန်လက်ဖက်ရည်ဆိုင်မှာ ကျင်းပတဲ့ အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ပါတီရဲ့ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီဟာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီအတွက် မဲဆွယ်ခွင့်မရှိတော့တဲ့အတွက် ပါတီစည်းရုံးရေး အားနည်းနိုင်တယ်လို့လည်း ဦးဝင်းထိန် က ပြောထားပါတယ်။

"ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ၁၈ မြို့နယ်ကိစ္စဆွေးနွေးကြတာပေါ့၊ ဆွေးနွေးတဲ့အခါမှာတော့ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကမှာလို ဆောင်ပုဒ်တွေမထုတ်တော့ဘူး၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမထုတ်တော့ဘူး၊ အရင်က ၂ဝ၁၅ သုံးတဲ့ဟာကိုပဲ ပြန်သုံးမယ်၊ နောက်ပြီးတော့ သူတို့မေးတဲ့ကိစ္စကတော့ သူတို့မဲဆန္ဒရှင် ကိုယ်စားလှယ်လောင်းတွေရဲ့ ပန်းဖလက်တွေမှာပေါ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံ ပါသင့်သလား၊ မပါသင့်ဘူးလား မေးတဲ့အခါကျတော့ ကျနော်တို့ ၂ဝ၁၅ မှာ ကြံ့ခိုင်ရေးကလည်း ဦးသိန်စိန်ပုံသုံးတယ်လို့ အဲဒါတော့ရှိတယ်၊ သို့သော်လည်း သတိနဲ့တော့လုပ်ကြလို့တော့ ပြောလိုက်တယ်၊ ပါတီအလံနဲ့ ပါတီဆောင်ပုဒ်ကတော့ သုံးလို့ရတာပေါ့"

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ နေရာအတွက် ပါတီ ၂၄ ပါတီက ကိုယ်စားလှယ် ၉၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒရှင် ၂ သန်းက မဲရုံပေါင်း နှစ်ထောင်မှာ မဲပေးကြမှာဖြစ်ပါတယ်။ လစ်လပ် ၁၉ နေရာထဲမှာ အန်အယ်လ်ဒီပါတီက ၁၈ နေရာမှာ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေကနေ ဦးကိုနီနဲ့ လုပ်ကြံသူ ကို ဖမ်းဆီးရင်း ကွယ်လွန်ခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းတို့ကို ပါတီက ထောက်ပံ့သွားဖို့လည်း ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ငွေကြေးပမာဏဘယ်လောက်ထောက်ပံ့မယ်ဆိုတာတော့ မသိရသေးပါဘူး။

အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဖြိုးမင်းသိန်းတို့ အပါအ၀င် ၁၀ ဦး တက်ရောက်ခဲ့ပါတယ်။

Photo: Win Ko Ko Latt/ RFA

( ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကကျင်းပတဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ တွေ့ရစဉ် )

RFA

No comments:

Post a Comment