Latest News

Tuesday, February 7, 2017

ဆေးပညာသင်ကြားရေးသမိုင်းကြောင်းနှင့် တစ်ထပ်တည်း တည်ရှိခဲ့ သည့်ဆေးတက္ကသိုလ် (၁) (ရန်ကုန်) နှစ် ၉ဝ ပြည့်ပြီ

ဆေးပညာသင်ကြားရေးသမိုင်းကြောင်းနှင့် တစ်ထပ်တည်း တည်ရှိခဲ့

သည့်ဆေးတက္ကသိုလ် (၁) (ရန်ကုန်) နှစ် ၉ဝ ပြည့်ပြီ


မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် စုစုပေါင်း ငါးခုရှိ သည့်အနက် ဆေးတက္ကသိုလ် (၁) ရန်ကုန်သည် အစောဆုံး နှင့် ရှေးအကျဆုံး ဖွင့်လှစ်ခဲ့သည့် ဆေးတက္ကသိုလ်ဖြစ်ပြီး ဆေးပညာသင်ကြားရေး သမိုင်းကြောင်းနှင့် တစ်ထပ်တည်း တည်ရှိနေသည့် တက္ကသိုလ်လည်း ဖြစ်သည်။

ယခုအချိန်တွင် ယင်းဆေးတက္ကသိုလ်ကြီးသည် နှစ် ၉ဝ ပြည့်၍ ရတုနှင့်တွက်ပါလျှင် နဝရတ်ရတုသို့ပင် တိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းကြောင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ နှစ် ၉ဝ ပြည့်အထိမ်းအမှတ် ညစာစားပွဲကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ရန်ကုန်ဆေးတက္ကသိုလ်ဝင်း မြက်ခင်းပြင်၌ ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကအထိမ်းအမှတ် အမှာစကားပြောကြားခြင်း၊ အထိမ်းအမှတ်ရတု ရွတ်ဆို ခြင်း၊ ပါမောက္ခဒေါက်တာတင်အောင်ဆွေ၊ ပါမောက္ခ ဒေါက်တာ မောင်မောင်စိန်၊ ပါမောက္ခ ဒေါက်တာမြဦးနှင့် ပါမောက္ခဒေါက်တာ ကျော်မြင့်တို့က အထိမ်းအမှတ်စကား များပြောကြားခဲ့ကြသည်။ ယင်းနောက် ကျောင်းသီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသလို ဇွဲအငြိမ့်ဖြင့်လည်း ဧည့်ခံခဲ့ကြသည်။

''ကျောင်းဝင်းကြီးထဲကို ပြန်ခြေချမိတယ်။ ပြခန်းထဲ က ဓာတ်ပုံတွေကို မြင်ရတော့ ဘယ်လိုပြောရမလဲ မသိဘူး။ ရင်ထဲ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ရတယ်'' ဟု ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဆရာကြီး ဒေါက်တာမောင်မောင်စိန်က နှစ်၉ဝ ပြည့် အထိမ်းအမှတ်အဖြစ် ပြသသည့်အမှတ်တရဓာတ်ပုံများနှင့် ပန်းချီပြခန်း အတွင်းမှ ဓာတ်ပုံများကို ကြည့်ရှုပြီးနောက် ပြောပြသည်။

''ဝမ်းနည်းတာက တချို့လူတွေ မရှိတော့ ဘူး။ ကျွန်တော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်ပေါ့။ ဝမ်းသာတာ ကတော့ ဆရာ ဦးညွန့်သိန်းတို့လို ပုဂ္ဂိုလ်တွေက အင်တိုက် အားတိုက် ဒီကျောင်းသားထုကို စည်းရုံးနိုင်ခဲ့တယ်ဆိုတာ။ ဒါက သဒ္ဓါတရားနဲ့ ယုံကြည်မှုပေါ် မူတည်တယ်။ အကြီးအကျယ်ရှားပါးပစ္စည်းပဲ။

ဒီနေ့မှာလည်း စီစဉ်သူတွေက အမိတက္ကသိုလ်အနေ နဲ့ လျှောက်လာခဲ့တဲ့ လမ်းအကြောင်းကို ကောင်းစွာ ပြသနိုင်လို့ ချီးကျူးဂုဏ်ပြုပါတယ်။ ဆက်လက်ရှင်သန် ထမြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်''ဟု အသက် (၈၅) နှစ်အရွယ်ရှိ ဆရာကြီး ဒေါက်တာ မောင်မောင်စိန်က ဆက်လက်ပြောပြသည်။ ဆေးတက္က သိုလ် (၁) ရန်ကုန်၏ သမိုင်းကြောင်းကို ပြန်ပြောင်းပြောရ မည်ဆိုလျှင် ၁၉ဝ၇ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် (Burma Government Medical School)ဟူသည့် မြန်မာ အစိုးရဆေးကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်အောက်၌ ဆေးပညာဌာနကို ဖွဲ့ခဲ့သည်။မြန်မာနိုင်ငံ၌ ဆေးပညာသင်ကြားရေးကို ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင် စတင်ခဲ့သည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်အဖြစ် တည်ထောင်ခြင်းမပြုမီက ရန်ကုန်ဆေးရုံ ကြီးရှေ့ရှိ သစ်သားဆောင်များ (ယခု ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာနနှင့် အရေပြားရောဂါဌာန) အဆောက်အအုံတွင် လက်တွေ့အကြိုသင်တန်းများကို သင်ကြားခဲ့သည်။ ယင်းခေတ်ကတက်ရောက်သည့် သင်တန်းသား ၄ဝ တွင် မြန်မာလူမျိုး ၁ဝ ဦးနှင့် အမျိုးသမီး လေးဦးသာ ပါဝင်ခဲ့သည်။

၁၉၂၇ ခုနှစ်တွင် လက်ရှိဆေးတက္ကသိုလ် (၁) လမ်းမတော်အဆောက်အအုံကို ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာက ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပန္နက်ရိုက်၍ စတင်တည်ဆောက်ခဲ့သည်။ ၁၉၂၉ ခုနှစ် မှစ၍ ရန်ကုန်တက္ကသိုလ်အောက်ရှိ ဖွဲ့စည်းပြီးဖြစ်သည့် ဆေးပညာဌာနကို ယခုအဆောက်အအုံသို့ပြောင်းရွှေ့ပြီးနောက် လက်တွေ့အကြိုသင်တန်းများကို စတင်သင်ကြား ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပထမဆုံး M.B.,B.S ဘွဲ့ကို စတင် ချီးမြှင့်နိုင်ခဲ့သည်။
ယင်းနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်အဖြစ် မြှင့်တင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်ဆေးကောလိပ်မှ ချီးမြှင့်သော အမ်ဘီဘီအက်စ် ဘွဲ့ကို ဗြိတိန်နိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ပြန့်ပွားလာသည့် ၁၉၄၂ ခုနှစ်တွင် ဆေးပညာသင်ကြားရေးကို ခေတ္တရပ်စဲခဲ့ သော်လည်း လိုင်စင်ရဆရာများကို မွေးထုတ်ပေးနိုင်ခဲ့ သည်။ဆေးကောလိပ်သည် စစ်ကြီးအတွင်း ပျက်စီးခြင်း မရှိခဲ့သော်လည်း ၁၉၄၅ ခုနှစ် ဗြိတိသျှတပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အခါတွင် ဆေးကောလိပ်အဆောက်အအုံကို စစ်ဆေးရုံအဖြစ် အသုံးပြု ခဲ့သည်။ ယင်းကြောင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ရောဂါ ဗေဒနှင့် ဥပဒေရေးရာ ဆေးပညာဌာနများ၏ ပြတိုက်များ တွင် ထိန်းသိမ်းထားသော ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသလို အဖိုးတန်စာအုပ်များလည်း ဆုံးရှုံးခဲ့ရသည်။ ယင်းပြတိုက်သည် ဗြိတိသျှအင်ပါယာတွင် အကောင်းဆုံးပြတိုက်အဖြစ် အသိအမှတ်ပြုခြင်းခံရသည့် ပြတိုက်ဖြစ်သည်။

၁၉၂၃ ခုနှစ်မှ လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်တွင် အမ်ဘီဘီအက်စ်ဆရာဝန်၂ဝဝ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ရာ မြန်မာလူမျိုး၂ဝ ရာခိုင်နှုန်းခန့်သာ ပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ ၁၉၆၄ ခုနှစ်အထိ ဆရာဝန် ၁၉၈ဝ ကျော်ကို မွေးထုတ်ပေး နိုင်ခဲ့သည်။ ယင်းနောက်၁၉၆၄ ခုနှစ် ဧပြီလတွင် ပြုလုပ်သည့် အဆင့်မြင့်ပညာရေးဆွေးနွေးပွဲအပြီး အတည်ပြုခဲ့သည့် တက္ကသိုလ်ပညာရေးစနစ်သစ် ဥပဒေအရ ရန်ကုန် တက္ကသိုလ် လက်အောက်ခံ ဆေးပညာဌာနမှ သီးခြား တက္ကသိုလ်အဖြစ် ဆေးတက္ကသိုလ် (၁) ရန်ကုန် ( Institute of Medicine 1 Yangon) အဖြစ် ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် Institute of Medicine 1 မှ University of Medicine 1 Yangon အဖြစ် အမည် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

ယနေ့အချိန်တွင် ဆေးတက္က သိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ ၁၆ဝဝဝ ကျော်၊ ဒီပလိုမာ ဘွဲ့ ၁၆ဝဝ ကျော်၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၉ဝဝ ကျော်၊ ပါရဂူဘွဲ့ ၈၄ ဦးခန့်နှင့် ဆေးလက်တွေ့ ပါရဂူဘွဲ့ ၃ဝဝ ကျော်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

သတင်းဆောင်းပါး-ခင်ဇာလီ၊ ဓာတ်ပုံ-မီချီကိုဟန်(ပြန်/ဆက်)

No comments:

Post a Comment