Latest News

Monday, February 27, 2017

အမောခံနိုင်သူတစ်ယောက်ဖြစ်စေဖို့

အမောခံနိုင်သူတစ်ယောက်ဖြစ်စေဖို့

ဒေါက်တာ လွင်သန့်
.
ရောဂါဘယကင်း၍ သာမန် ကျန်းမာသူ တစ်ဦးပင် အလေ့အကျင့် မရှိပါက လှုပ်ရှားသွားလာမှု များကို လုပ်ရိုးလုပ်စဉ်ထက် ပိုလုပ်ရလျှင် မောပန်းတတ် ကြသည်။ အချို့ လမ်းအနည်းငယ် လျှောက်ရုံနဲ့ မောတတ်သည်။ အချို့မှာ
အလိုလိုနေရင်း ထိုင်နေရင်း မောတတ်သည်။ လူတိုင်း မောပန်းခြင်းကို တစ်ကြိမ်ထက်ပို၍ ခံစားဖူးကြသည်။
.
မောပန်းခြင်း၏ အကြောင်းရင်းမှာ ရောဂါအမျိုးမျိုး ကြောင့်ဖြစ်နိုင် သကဲ့သို့ ရောဂါမရှိ ပါလျက် မောပန်းတတ်ရာ မောပန်းရသည့် အကြောင်းရင်း များကို နားလည် သိရှိထားရန် လိုအပ်ပါသည်။
.
မောပန်းခြင်း ဆိုသည်မှာ ခန္ဓာကိုယ် အတွင်း၌ အကြောင်း အမျိုးမျိုးကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ စုဝေးနေလျှင်၊ အောက်ဆီဂျင်ဓာတ် လျော့နည်းနေလျှင် ဦးနှောက်က သိရှိခံစားရသည်။ ထိုအခါ ဦးနှောက်၏
အသက်ရှူခြင်းနှင့် ဆိုင်သော အင်္ဂါအစိတ်အပိုင်း များသည် အာရုံကြောမှ တစ်ဆင့် အဆုတ်အား လေကိုပို၍ ရှူစေရန် ညွှန်ကြား လိုက်သည်။
.
အဆုတ်သည် ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ဓာတ်များ ပိုရရှိစေရန်၊ ပိုမိုသော ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် ထုတ်ပစ်ရန် ပို၍အလုပ်လုပ် ပေးရသည်။ ဤသို့ဖြင့် မောပန်းခြင်း ဖြစ်ရသည်။ မောပန်းခြင်းနှင့် အတူ အသက်ရှူ
မဝခြင်း၊ နှလုံးခုန်မြန်ခြင်း တို့ တွဲ၍ ဖြစ်တတ်သည်။
.
မောပန်းရခြင်းအကြောင်းရင်း ။ ။ နှလုံးရောဂါတွင် မောပန်းခြင်းသည် အရေးကြီးသော ရှေးဦးလက္ခဏာ ဖြစ်သည်။ သူများလို ပင်ပင်ပန်းပန်း မလုပ်နိုင်သည့် မောပန်းခြင်း မှသည် အလိုလိုနေရင်း မောပန်းခြင်း အထိဖြစ်နိုင်
သည်။ အဆုတ်ရောဂါ အမျိုးမျိုးတွင် မောပန်းခြင်း ဖြစ်နိုင်သည်။ အဆုတ်ကောင်းစွာ မပွနိုင်၊ ကောင်းစွာ အသက်မရှူနိုင်၊ ပုံမှန် မလုပ်နိုင်သော အခြေအနေတွင် မောပန်းရသည်။ အဆုတ်တွင် ရေဝင်ခြင်း၊ ပြည်တည်ခြင်း၊
သွေးများစုဝေး နေခြင်း၊ လေများပိုမို ခိုအောင်းနေခြင်း၊ ရင်ခေါင်းပိုင်းရှိ အင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း၊ ရေဖျဉ်းနှင့် ဝမ်းဗိုက်ရှိ အသားပို၊ အကျိတ်လုံး များကဖိ၍ အဆုတ်တွင် တင်းကျပ်ခြင်းတို့ ဖြစ်လေသည်။
.
အသက်ရှူ လမ်းကြောင်း ကောင်းကောင်း မပွင့်ခြင်း တွင် မောပန်းတတ်၏။ အသံအိုး ရောင်ခြင်း၊ အသက်ရှူ လမ်းကြောင်း တစ်လျှောက် အခြား အရာဝတ္ထုများနှင့် ပိတ်ဆို့နေခြင်း၊ အဆုတ်လေပြွန် ရောင်ခြင်း၊ အဆုတ်
အအေးမိခြင်း၊ ပန်းနာရင်ကျပ် ရောဂါ၊ ကာလသားရောဂါ၊ တတိယအဆင့်တွင် အသံအိုးကို ထိခိုက်ခြင်း၊ လည်ပင်းရှိ အသားပို အကျိတ်လုံးများ၊ သိုင်းရွိုက် အကျိတ်ကင်ဆာ ရောဂါတို့ ဖြစ်သည်။
.
သွေးအားနည်းခြင်း၊ ဦးနှောက်နှင့် ကျောရိုးတွင်းရှိ အာရုံကြောမ ကြီးတွင် ဒဏ်ရာရခြင်း၊ အနာရောဂါ ဖြစ်ခြင်း၊ ဆီးချိုရောဂါ၊ တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းသည့် ရောဂါ၊ သိုင်းရွိုက် အကျိတ်ရောဂါ တို့တွင်လည်း
မောတတ်သည်။ တစ်ခါတစ်ရံ စိတ်ကြောင့်လည်း မောတတ်သည်။ စိတ်ပင်ပန်းလျှင်၊ စိတ်ညစ်လျှင် မောပန်းလေ့ရှိ၏။ ထို့ကြောင့် စိတ်မောလူမော စကားရှိသည်။ စိတ်အလိုမကျ ရောဂါတွင်လည်း အလွန်အကျွံ မောတတ်သည်။
အလွန်နာကျင်သော အခြေအနေမျိုး ၊ ဗိုက်ခွဲခြင်း ပြီးသည့်အခါ တွင်လည်း မောလေ့ရှိသည်။ လေဖိအား နည်းသော နေရာတွင် အသက်ရှူမ၀ သဖြင့် မောရသည်။ ဥပမာ - တောင်တက်ရာတွင် အသက်ရှူ မဝသဖြင့် မောရသည်။
.
သက်ကြီးရွယ်အို များတွင် လူငယ်လူရွယ် များနှင့်မတူ မောပန်းလွယ် တတ်ကြသည်။ အသက်ကြီး လာသောအခါ အဆုတ်ကောင်းစွာ မပွနိုင်။ ကြွက်သားအင်အား နည်းပြီး သွေးကြောများ အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက် ကို
မြန်မြန်ဖယ်ရှား မပစ်နိုင်ပေ။ ယင်းမှာ သဘာဝဖြစ်သည်။ အလေ့အကျင့် မရှိပါက ရောဂါဘယ ကင်း၍သာမန် ကျန်းမာရေးနှင့် ပြည့်စုံသော လူတစ်ယောက် ဖြစ်လင့်ကစား လုပ်ရိုးလုပ်စဉ်ထက် ပိုမို၍ လှုပ်ရှား လုပ်ကိုင်လျှင်
မောပန်းတတ်သည်။ ခန္ဓာကိုယ် တက်ကြွစွာ လှုပ်ရှားရ သောကြောင့် ခန္ဓာကိုယ်တွင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်များ အများအပြား စုဝေးမိသည်။ ယင်းကို ကိုယ်တွင်းမှ ထုတ်ပစ်ရန် အဆုတ်တွင် အလုပ်ပိုလုပ် ရသဖြင့်
မောပန်းရ လေသည်။
.
မောပန်းခြင်းကင်းဝေးရန် ။ ။ မောပန်းခြင်း အကြောင်း အမျိုးမျိုးရှိသည့် အားလျော်စွာ အခြား အခြေအနေများ နှင့် မဖြစ်ရန် ကာကွယ်နေထိုင် ကြရမည် ဖြစ်သည်။ နှလုံးနှင့်အဆုတ် ရောဂါအမျိုးမျိုး တို့မှ ကာကွယ်ရန်
အဓိကအားဖြင့် အဆီအအိမ့်ကို အလွန်အကျွံ မစားခြင်း၊ ဆေးလိပ် မသောက်ခြင်း၊ စိတ်ပင်ပန်း စိတ်ညစ်ညူးမှုများ အတတ်နိုင်ဆုံး ဖယ်ရှားခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အညီ နေထိုင်ခြင်း၊ နေ့စဉ်ကိုယ်လက် လှုပ်ရှား
အားကစား နာရီဝက်မှ တစ်နာရီ အပြေး လမ်းလျှောက်၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကောင်းစွာ အနားယူခြင်း၊ အိပ်ချိန်စားချိန် မှန်ခြင်းတို့ ဆင်ခြင်နေထိုင် ကြရမည်။
.
ပန်းနာရင်ကျပ် ရောဂါအခံ ရှိသူများသည် မိမိတို့နှင့် ဓာတ်မတည့်သော ပန်းနာထ စေသော အကြောင်းခြင်းရာ တို့ကို ဆင်ခြင် ရှောင်ရှား၍ နေထိုင်ရမည်။ သွေးအားနည်းခြင်း မဖြစ်စေရန်လည်း သင့်တင့် မျှတသော
အစားအစာများ စားသောက် နေထိုင်သင့်သည်။ ရောဂါဘယ မရှိဘဲ မောပန်းခြင်း မဖြစ်စေရန်၊ အမောခံနိုင်ရန် နေ့စဉ် သင့်လျော်သော ကိုယ်လက် အားကစား နှင့် အလုပ်အကိုင်မျှတ စေသင့်သည်။ ကိုယ်လက် လှုပ်ရှားမှု
အလေ့အကျင့် ရှိသူများ၊ အားကစားသမား များသည် အခြားသူများထက် ပို၍ အမောခံ တတ်ကြသည်။ သက်လုံ ကောင်းကြသည်။ တက်ကြွစွာ လှုပ်ရှားမှု အလေ့အကျင့် ရှိသူတို့တွင် အဆုတ်သည် မူလကပင် ခန္ဓာကိုယ်၏
လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေး နေကျ ဖြစ်သောကြောင့် အလေ့အကျင့် မရှိသူထက် အမောခံနိုင် ကြသည်။
.
အားကစား လုပ်ခြင်းဖြင့် အဆုတ်အတွင်း သို့ လေကို အပြည့်အဝ ရှူသွင်းနိုင်သည်။ ဤနည်းဖြင့် အဆုတ်ကို အားပေးသကဲ့သို့ ဖြစ်စေ၏။ လူအများစုမှာ နေ့စဉ်လေကို အဆုတ်တွင် ပြည့်သည့်တိုင် ပြည့်ပြည့်ဝဝ အသက်ရှူလေ့
မရှိပါ။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းတွင် အသက်ပြင်းပြင်း ရှူရှိုက်ရသော လေ့ကျင့်ခန်းများ ပါသည်။ ကိုယ်လက် လှုပ်ရှားခြင်းသည် ခန္ဓာကိုယ် တွင်းရှိ သွေးအသွားအလာ ကို ပိုမိုကောင်းမွန် တက်ကြွ စေသည်။
ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ်မှု အရှိန်မြင့်တက် ကောင်းမွန် လာသည်နှင့်အမျှ နှလုံးရှိ ကြွက်သားတို့ သည်လည်း ပို၍ လှုပ်ရှားရကာ ပိုမိုသန်စွမ်း လာသည်။ ခန္ဓာကိုယ်တွင် ပိုလျှံသော အဆီများသည် ခန္ဓာကိုယ်ကို
အလေးချိန် တိုးစေလျက် နှလုံးကို အလုပ်ပိုစေသည်။ အဝလွန် ခြင်းသည် ရောဂါတစ်ရပ် ဖြစ်သည်။
.
ကိုယ်လက်လှုပ်ရှား အားကစားက ခန္ဓာကိုယ် ဣရိယာပုတ် မျှတပြီး ခန္ဓာကိုယ်တွင်းရှိ ကြွက်သား အမျိုးမျိုး ပိုမို သန်စွမ်းလာ၍ အလုပ်ပိုမို လုပ်စေနိုင်သည်။ အစာကို လွယ်ကူစွာ ကြေညက်စေသည်။ ကိုယ်လက် လှုပ်ရှားခြင်း
ဖြင့် အစာအိမ်တွင်း ကြွက်သားများ ပိုမိုလှုပ်ရှားစေပြီး အစာအိမ်တွင်လည်း အစာခြေအရည် ပိုမိုထွက်ရှိစေ၏။ အူသိမ်၊ အူမကြီး တစ်လျှောက် ကြွက်သားများ တက်ကြွစွာ အလုပ်လုပ်နိုင် သဖြင့် ဝမ်းချုပ်ခြင်းလည်း မရှိနိုင်ပါ။
.
ကိုယ်လက် လှုပ်ရှားခြင်းဖြင့် အိပ်ပျော် စားဝင်ခြင်း၊ စိတ်ကြည်လင် လန်းဆန်းခြင်း၊ အသားအရေ စိုပြည်ခြင်း တို့ဖြစ်နိုင်သည်။ လှုပ်လှုပ်ရှားရှား နှင့် ဆော့ကစား ပြေးလွှားနေသော ကလေးငယ်သည် မလှုပ်မရှား ငြိမ်ငြိမ်သက်သက်
နေသော ကလေးငယ် များထက် ပို၍ဖွံ့ဖြိုး နိုင်ပါသည်။ လွယ်ကူသော လေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်း ဖြစ်သည်။ လေကောင်းလေသန့် ရရှိနိုင်မည့် နေရာများတွင် နေ့စဉ်မှန်မှန် လမ်းလျှောက်ရမည်။ သို့မှသာ အသက်အရွယ်
မရွေး အမောခံနိုင်ကာ ခန္ဓာကိုယ် သွေးလည်ပတ်မှု မျှတစေသည်။
.
မောပန်းလာပြီ ဆိုလျှင် ရှေးဦးစွာ မည်သည့် အကြောင်းကြောင့် ဖြစ်နိုင်သည်ကို စဉ်းစားရပါမည်။ ရောဂါကြောင့် သို့မဟုတ် အခြား အကြောင်းကြောင့် မောပန်းခြင်း ခွဲခြားရမည်။ ရောဂါကြောင့် မောခြင်း၊ အလိုလိုနေရင်း
မောခြင်း၊ အလုပ်အနည်းငယ်မျှ လုပ်ရုံဖြင့်မောခြင်း စသည်တို့ဖြစ်ပါက နီးစပ်ရာ ဆရာဝန်၊ မိသားစုဆရာဝန် နှင့်ပြသ စစ်ဆေးကုသ ရမည်။ ရောဂါကြောင့် မဟုတ်ဘဲ အခြားသူများနည်းတူ အမောမခံ နိုင်ပါက သင့်တင့်
မျှတသော ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ် နာရီဝက်မှ တစ်နာရီမှန်မှန် လေ့ကျင့် စေခြင်းဖြင့် မောပန်းခြင်းမှ ကင်းဝေးစေပြီး ခန္ဓာကိုယ် ဣရိယာပုတ်ကို မျှတစေသင့်သည်။
.
လမ်းလျှောက်ခြင်း ဆိုရာတွင် နံနက်စောစော အချိန် တစ်မိုင်ခန့် လမ်းလျှောက်ခြင်း၊ သုံးမိုင်ခန့် အသွားအပြန် လျှောက်ပေးခြင်း စသည်ဖြင့် လူတစ်ယောက် ခံနိုင်ရည် ရှိသော အတိုင်းအတာ အထိ ဆင်ခြင် လုပ်ဆောင်ခြင်း
ဖြင့် အမောခံနိုင်သူ တစ်ယောက် ဖြစ်စေပါကြောင်း ရေးသား လိုက်ပါသည်။
.
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Themyawadydaily

No comments:

Post a Comment