ပုသိမ်မြို့တွင် ဆောက်လုပ်ခွင့် ရပ်ဆိုင်းခဲ့ရသော ကိုးထပ်ဆေးရုံ
သစ်ကြီး ပြန်လည်တည်ဆောက်ခွင့် ရရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အသစ်ထပ်မံ တည်ဆောက်ခဲ့သော ကိုးထပ်ဆေးရုံသစ်ကြီးအား Structure အပိုင်း အဆင်မပြေမှုကြောင့် ဆောက်လုပ်ခွင့် ရပ်နားခဲ့ပြီး လိုအပ်သည့် ဒီဇိုင်းများ ထပ်မံဖြည့်တင်းပြီး ပြန်လည် တည်ဆောက်မှု ပြန်လည်စတင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးမှ သိရသည်။
အဆိုပါ ဆေးရုံသစ်ကြီးအား ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တည်ဆောက်ခွင့် ရပ်နားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အကူညီအဖြင့် ပညာရှင်များ စစ်ဆေးပြီး လိုအပ်သည့် ဒီဇိုင်းများ ထပ်မံဖြည့်သွင်းပြီး ပြန်လည်တည်ဆောက်ခွင့် ရရှိကာ ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး ပြန်လည် တည်ဆောက်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ထပ်တိုးခဲ့တဲ့ ဒီဇိုင်းတွေရှိတယ်။ အထပ်မြင့်ဖြစ်တဲ့အတွက် Earthquake (ငလျင်ဒဏ်ခံနိုင်တဲ့ဒီဇိုင်း)၊ မီးဘေးဒဏ်နဲ့ ပတ်သတ်တဲ့စနစ်မှာ အဆင့်မြင့်တာ ထက်ထည့်ဖို့လိုတယ်။ လိုအပ်တာတွေ ထပ်ထည့်တဲ့အခါမှာ စစ်ဆေးတဲ့ဘက်က စစ်ဆေးတဲ့အခါမှာ ဒီဇိုင်းကအောင်သွားတော့ ဆက်ပြီးလုပ်ခွင့်ရသွားတာပါ” ဟု လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၀င်းဌေးက ပြောကြားသည်။
အဆိုပါ ဆေးရုံကြီးသစ်ကြီးအား တာဝန်ရှိသူ၊ ကျွမ်းကျင်သူများ စစ်ဆေးပြီးနောက် ဒီဇင်ဘာလ တတိယပတ်အတွင်းက ဆက်လက် တည်ဆောက်ခွင့် ရရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက် ကျပ် ၂၈၈၄ သန်းမှာ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ယခုအချိန်တွင် Steel Structure အပိုင်းမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
“တည်ဆောက်မှု ရပ်ဆိုင်းခဲ့ရတဲ့ အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် မပါဝင်ခဲ့ပါဘူး။ ဖြည့်စွက်ဘဏ္ဍာငွေမှာ ရရှိရင် မြန်မြန်ပြီးစီးမှာ ဖြစ်ပါတယ် ၂၀၁၇-၂၀၁၈ မှာ အပြီးတည်ဆောက်ဖို့ပါ လျာထားတာပါ” ဟု Royal Lotus Company Limited မှ စီမံကိန်းတာဝန်ခံ ဦးအောင်မြင့်က ဆိုသည်။
ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ ကိုးထပ်ဆေးရုံသစ်ကြီး စီမံကိန်းမှာ ပုသိမ်မြို့ မင်းကြီးလမ်းရှိ ယခင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းရှိ မြေဧက ၁ ဒသမ ၅ ဧက တွင် Floor ဧရိယာ နှစ်သိန်း ခုနစ်သောင်း စတုရန်းပေရှိ ကိုးထပ် အဆောက်အအုံတစ်လုံးနှင့် သုံးထပ်အဆောက်အအုံ တစ်လုံး ပါရှိမည်ဖြစ်သည်။
Sources : နီလာစိုး (ပုသိမ်) Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment