Latest News

Thursday, February 9, 2017

“ကျွီ”

“ကျွီ”

အနက်ရောင် အလုံပိတ် ကားကြီး တစ်စီး ထန်းတောရှေ့ တွင် ဘရိတ် အုပ်ကာ ထိုးရပ်လိုက်သည်။ ကား၏ဘေး တစ်ဖက် တစ်ချက် တွင် S.W.A.T ဟူ သည့် စာတန်း ကြီးကို ရေးထားသည်။ အထူး လက်နက် နှင့် နည်းဗျူဟာ အဖွဲ့။ တနည်း အားဖြင့် အကြမ်း ဖက်နှိမ် နင်းရေး အထူးတပ်ဖွဲ့။

ကားတံခါး ပွင့်သွားပြီး ရှေ့ဆုံးမှ အထူး အဖွဲ့ခေါင်းဆောင် ရဲအုပ်စူပါ ဆင်းလာသည်။  အပေါ်အောက် အနက်ရောင် ယူနီဖောင်းကို စမတ် ကျကျ ၀တ်ဆင်ထားပြီး S.W.A.T  ဟု ရေးထားသည့် ကျည်ကာ အင်္ကျီ တစ်ထည် ကို အပေါ်မှ ထပ်ဝတ် ထားသည်။ ပစ္စတို တစ် လက်ကို ခါးကြားတွင် ထိုးထားပြီး ခါးပတ်တွင် ကျည်အိတ် များလည်း ပါရှိ သည်။ ခေါင်းပေါ် တွင် ဟဲလ်မက်ဦးထုပ်နှင့် နေကာမျက်မှန်ကို လည်း  စတိုင်ပါပါ တပ်ဆင်ထားသည်။  အ နည်းငယ် ၀ဖိုင့်ဖိုင့် ဖြစ်နေသည့် ခန္ဓာကိုယ် ကြောင့် ဗိုက်နေရာတွင် ကြယ်သီးများပြုတ် ထွက်ကာ ဗိုက်ပေါ်နေ သည်ကို မမြင်မိလျှင် နိုင်ငံခြား ဇာတ်ကားများ ထဲက အထူး တပ်ဖွဲ့ ၀င် ပုံစံမျိုးဟု ပြောနိုင်သည်။

ရဲအုပ်စူပါက ယခု စစ်ဆင်ရေးကို ဦး ဆောင်နေ သည့် ရဲမှူးထံ သွားကာ သတင်း ပို့သည်။

“ကျွန်တော်တို့အဖွဲ့ ရောက်ပါပြီ ရဲမှူး”

ရဲမှူးက စစ်ဆင်ရေး အကြောင်း ရှင်းပြသည်။

“အေး။ ကောင်းတယ်။ ဒီကောင်တွေရဲ့ သတင်းကို ငါတို့ တပ်ဖွဲ့ ၀င်တွေ လိုက်နေတာ ကြာပြီ။ အခု အဲဒီ ထန်းတောထဲက တဲမှာ သက်သေခံ ပစ္စည်းတွေနဲ့ အတူ ရှိနေတယ် ကြားလို့ ၀ိုင်းထားတာ။ ဒါပေမယ့် အဖမ်းခံ မခံဘဲ ပြန်ခုခံနေလို့ မင်းတို့ အဖွဲ့ကို အရေး ပေါ် လှမ်းခေါ်လိုက် ရတာပဲ”

“ဟုတ်ကဲ့။ ကျွန်တော်တို့ လုပ်ရမယ့် စစ်ဆင်ရေးက ဘာလဲ”

“မင်းတို့ လုပ်ရမှာ ကတော့ အဲဒီ တဲထဲက လူအားလုံးကို ၀င်ပြီး အရှင် ဖမ်းပေးဖို့ပဲ။ သတိ တော့ထား။ တဲနား ကပ်တာနဲ့ သူတို့ အထဲက လှမ်းလှမ်း ပစ်နေတယ်”

“သေနတ်နဲ့လား ရဲမှူး”

“မဟုတ်ဘူး။ လေးခွနဲ့”

“ငင့်”

“လေးခွမှာ ကုန်းသီးတပ်ပြီး ပစ်နေ တာကို ပြောတာဟ။ အန္တရာယ် များတယ်။ အရမ်း မ၀င်နဲ့”

“ဟုတ်ကဲ့ ရဲမှူး”

ရဲအုပ် စူပါက ကားရှေ့ ပြန်သွားပြီး သူ့ လူများကို ခေါ်လိုက်သည်။ ကား ပေါ်တွင် S.W.A.T တပ်ဖွဲ့ဝင် ဆယ်ဦး ပါလာ ပြီး အားလုံး ကလည်း ရဲအုပ် စူပါ ကဲ့သို့ပင် ၀တ်စုံပြည့် ၀တ်ဆင်ထားသည်။

“ရဲဘော်တို့။ မင်းတို့ ဒီနေ့ လုပ်ရမယ့် စစ်ဆင်ရေး ကတော့ ဟော ဟိုမှာ မြင်ရတဲ့ ထန်းတော ထဲက ဒုစရိုက် သမား တစ်စုကို အရှင် ဖမ်းဖို့ပဲ။ အားလုံး လေ့ကျင့်ထားတဲ့ အတိုင်း တစ်ဆင့်ချင်း သွားမယ်။ ဘာမေးစရာ ရှိလဲ”

“မရှိပါဘူး”

တပ်ဖွဲ့ဝင်များက သံပြိုင် ဖြေကြသည်။

ရဲအုပ်စူပါနှင့် အထူး တပ်ဖွဲ့ဝင်များ ထန်းတော ထဲသို့ ထန်းပင်များ အကာအ ကွယ် ယူကာ ၀င်သွားသည်။ သို့သော် သူတို့ကို ထန်းတဲ အတွင်းမှ လူများ သတိထား မိသွားပြီး တဲအတွင်းမှ ကုန်း သီးများ ထွက်လာရာ မြေပေါ်သို့ အမြန် ၀ပ်ချလိုက် ရသည်။

“ထောက်”

“ထောက်”

“အား”

အနည်းငယ် နှေးနေသည့် တပ်ဖွဲ့ဝင် တစ်ယောက် ကုန်းသီး မှန်သွား သည်။ ခေါင်း နှင့် ရင်ဘတ်တို့တွင် ကျည်ကာများ ရှိသော် လည်း အကာအကွယ် မရှိသည့် ဒူးခေါင်းကို တည့်တည့် မှန်သွား သဖြင့် ခွေကနဲ ကျသွား ခြင်း ဖြစ်သည်။

“ဟာ။ တစ်ယောက် ထိသွားပြီ။ ပြန် ခေါ်ထုတ်သွား။ ပြန်ခေါ်ထုတ်သွား”

ရဲအုပ်စူပါက ဒဏ်ရာ ရသည့် တပ်ဖွဲ့ဝင်ကို ဆွဲခေါ် သွားစေသည်။ ထို့နောက် သူနှင့် လက်ကျန် တပ်ဖွဲ့ ၀င်များ မြေကြီးပေါ်တွင် မိကျောင်း သွား သွား ကာ တဲအနီးသို့ ချဉ်းကပ်သည်။ ကုန်းသီး များက သူတို့ခေါင်းနှင့် ပုခုံး များကို ဆက်လက် ထိမှန်နေပြီး ကျည်ကာ များကြောင့်သာ ဒဏ် ရာ မရခြင်း ဖြစ်သည်။

ထန်းတဲနှင့် လက်တစ်ကမ်း အကွာသို့ ရောက်သည့် အခါ ရဲအုပ်စူပါက မုဆိုး ဒူး ထောက်ထိုင် လိုက်ပြီး သူ၏ သေနတ်ကိုဆွဲ ထုတ်လိုက်သည်။ သို့သော် အထဲတွင်ကျည် ဆံ ပါမလာ။ အစောပိုင်းက ကျည်ထည့် ရန် မေ့နေသဖြင့် ဗလာဖြစ်နေသည်။

သေနတ် ကျည်အိမ်ကို ဆွဲထုတ်ကာ ကျည်ဆံဖြည့်စဉ် ကုန်းသီးတစ် လုံးက သေနတ်ဒင်ကို လာမှန်ပြီး ရဲအုပ်စူပါ လက်ထဲ မှ သေနတ် လွတ်ကျ သွားသည်။ ထို့ကြောင့် မြေပေါ်သို့ ချက်ချင်း ပြန်ဝပ်ကာ ကျည်ကပ်ကို ကောက်ပြီး ကျည်ဆံ တစ် တောင့်ပြီးတစ်တောင့် ထည့်နေသည်။

သေနတ်ထဲ ကျည်ဖြည့်ပြီး သည့်အခါ ရဲအုပ်စူပါက တဲနောက်မှ ပတ်ပြီး ၀င်မည်ဟု တပ်ဖွဲ့ဝင်နှစ်ဦးကို အချက်ပြ လိုက်ပြီး ကျန် တပ်ဖွဲ့ ၀င် များကို တဲရှေ့တွင် အယောင်ပြ ထားခဲ့သည်။ တဲ အတွင်းမှ လူများက တဲရှေ့တွင် ကျန်ခဲ့သည့် သူများကို အာရုံစိုက်နေ စဉ် ရဲအုပ်စူပါနှင့် အ ထူး တပ်ဖွဲ့ဝင်နှစ်ဦး တဲနောက်ပေါက်မှ တဲ အတွင်း ၀င်နိုင်ခဲ့သည်။

“ဟာ အထဲမှာ ရောက်နေပြီဟေ့”

ဒုစရိုက် သမား တစ်ဦးက တဲအတွင်း ရောက်နေသော အထူးတပ်ဖွဲ့ဝင် များကို တွေ့သွားသဖြင့် သူတို့နှစ်ဖွဲ့ အနီးကပ် လုံး ထွေးသတ်ပုတ် ကြလေတော့ သည်။

ခေါင်းဆောင် ဖြစ်ဟန် တူသူက ရဲအုပ် စူပါကို ထန်းရည်အိုး တစ်လုံးဖြင့် ကောက် ပေါက်လိုက်ရာ ရဲအုပ်စူပါက မြေပေါ်တွင် လှိမ့်ရှောင် လိုက်သည်။ ထို့နောက် သေနတ်ကို ထုတ်၍ ချိန်ကာ တဲ အတွင်းမှ လူများအားလုံးကို လက်ရ ဖမ်းဆီး နိုင်ခဲ့တော့သည်။

=============

နောက်တစ်နေ့ထုတ် သတင်းစာများ တွင် အဆိုပါ အဖြစ်အပျက်ကို ခေါင်းကြီး သတင်းများ အဖြစ် ပါလာလေတော့သည်။

“ထန်းရည် နှစ်သောင်းဖိုး အထက် သယ်ဆောင်ရောင်းချ သူများကို သက်သေခံ ပစ္စည်း များနှင့်တကွ လက်ရဖမ်းမိ”

( Zin Thaw Naing ) ရေးသားသည်။

No comments:

Post a Comment