Latest News

Tuesday, February 14, 2017

သီလဝါဆိပ်ကမ်းမှ မော်တော်ယာဉ် တစ်ထောင်ကျော် နိုင်ငံပိုင်သိမ်း

သီလဝါဆိပ်ကမ်းမှ မော်တော်ယာဉ် တစ်ထောင်ကျော် နိုင်ငံပိုင်သိမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပြည်ပမှမှာယူတင်သွင်းပြီး တစ်နှစ်ကျော်ကာလအထိ လာရောက်ထုတ်ယူခြင်း မရှိသေးသော ရန်ကုန်သီလဝါဆိပ်ကမ်းမှ မော်တော်ယာဉ် အစီးရေ ၁၀၈၀ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။

တစ်နှစ်ကျော်ဖြစ်သည့်အတွက် လေလံတင်၍ ပြန်လည် ရောင်းချခြင်းပြုတော့မည် မဟုတ်ဘဲ နိုင်ငံတော်သို့ အပ်နှံမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“နှစ်လကျော်ဆိုရင်တော့ ကျွန်တော်တို့ ဒဏ်ကြေးနဲ့ ပေးထုတ်ပါတယ်။ တစ်နှစ်ကျော်ဆိုရင်တော့ ပေးမထုတ်ဘူး။ တစ်ခါတည်း သိမ်းပါတယ်”ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တစ်နှစ်ကျော်အထိ လာရောက် ထုတ်ယူခြင်းမရှိသည့် မည်သည့်မော်တော်ယာဉ်ကိုမဆို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး ယခုနိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်သည့် မော်တော်ယာဉ်များတွင် မော်ဒယ်လ်မြင့် မော်တော်ယာဉ်များစွာ ပါဝင်ကြောင်း ၎င်းကဆိုသည်။

ဒဏ်ကြေးအဖြစ် သတ်မှတ်ထုတ်ပြန်ထားသည်ကို ဂရုမစိုက်၍ သိမ်းယူခံရခြင်း ဖြစ်နိုင်သကဲ့သို့ အခြားအကြောင်း အမျိုးမျိုးကြောင့် လာရောက် မထုတ်ယူသည်လည်း ဖြစ်နိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း၊ အမှတ်-၄ သီလဝါဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေး စခန်းများ၌ မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းနှင့် အမှတ်-၄ သီလဝါဆိပ်ကမ်းတို့မှာ မော်တော်ယာဉ်တင်သင်္ဘော ဝင်ရောက်မှု အများဆုံး ဆိပ်ကမ်းများဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

The Voice

No comments:

Post a Comment