Latest News

Tuesday, February 7, 2017

လေးလောင်းပြိုင် အပါအဝင် လူသတ်မှုများကို ရဲတပ်ဖွဲ့ မဖော်ထုတ်နိုင်သေး


လေးလောင်းပြိုင် အပါအဝင် လူသတ်မှုများကို ရဲတပ်ဖွဲ့ မဖော်ထုတ်နိုင်သေး

07-Feb-2017 tagged as မှုခင်း


အစိုးရသစ်လက်ထက် အလောင်းပြိုင် လူသတ်မှုများဖြစ်သည့် မင်္ဂလာဒုံမြို့ နယ် လေးလောင်းပြိုင် လူသတ်မှု၊ ခရမ်းမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှုတို့ အပါအဝင် ကျန်လူသတ်မှုဖြစ်စဉ် အချို့မှ ပြစ်မှုကျူးလွန်သူများကို ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

မှုခင်းအဖြစ်ပွားဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်တွင် အစိုးရသစ်လက်ထက်၌ မှုခင်းကျဆင်းရေး လုပ်ငန်းများကို စီမံချက်ဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သော်လည်း ဒုစရိုက်မှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သုံးရက်လျှင် လူတစ်ဦးနှုန်းဖြင့် လူသတ်မှုကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော်လည်း အလောင်းပြိုင် လူသတ်မှုများ ဖြစ်သည့် မင်္ဂလာဒုံမြို့နယ်ရှိ ဒုရဲအုပ်ဟောင်း မိသားတစ်စု အသတ်ခံရသည့် နာမည်ကြီး လေးလောင်းပြိုင် လူသတ်မှုနှင့် ခရမ်းမြို့နယ် တက္ကသိုလ်ကျောင်းသူ ညီအစ်မနှစ်ဦး အသတ်ခံရမှု ဖြစ်စဉ်များမှ တရားခံများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ယင်းမြို့နယ်ရဲစခန်းများထံမှ စုံစမ်းသိရသည်။

“လူသတ်သမားကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဒီအမှုတွေကို စီအိုင်ဒီက ကိုင်တွယ်စစ်ဆေးနေပါတယ်၊ လတ်တလောတော့ အမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို ခေါ်စစ်ဆေးခဲ့ပေမယ့် အဓိက တရားခံကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက် ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှ မဖော်ထုတ်နိုင်သေးသည့် လူသတ်မှုများမှာ ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ဒေါပုံမြို့နယ် ပုဇွန်တောင်ချောင်းအတွင်း မျောပါလာသည့် ခေါင်းပြတ် ဗိုက်ဖောက်ထားသော ၆ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးမှုနှင့် မေလက ဖြစ်ပွားခဲ့သည့် သုံးခွမြို့နယ် ချောင်းဘေးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု၊ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးမှု၊ အဖျောက်မြို့နယ်ရှိ လူမနေသည့် ခြံဝင်းတစ်ခု ရေအိုင်စပ်တွင် အမျိုးသမီးတစ်ဦး မှောက်လျက်အနေအထားဖြင့် လူသေဆုံးမှုတို့ ဖြစ်သည်။

ယင်းအပြင် ဇွန်လ ၁၉ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် BE ယန္တရား တပ်ရှေ့တွင် အငှားယာဉ်အတွင်း ယာဉ်မောင်း၏ ပါးစပ်ကို တိပ်ဖြင့်ပိတ်ပြီး အသတ်ခံရမှု၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဒုရဲအုပ်ဟောင်း မိသားစုဝင်လေးဦး နေအိမ်အတွင်း အသတ်ခံရမှု၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်အိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရမှု၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ခရမ်းမြို့နယ် မောင်းမကျေးရွာရှိ နေအိမ်တစ်အိမ်တွင် တက္ကသိုလ်ကျောင်းသူနှင့် ၎င်း၏ အစ်မဝမ်းကွဲ တော်စပ်သူနှစ်ဦး အသတ်ခံရမှု၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျောက်တံတားမြို့နယ် ၃၉ လမ်း (အလယ်) ရှိ တိုက်ခန်းတစ်ခုတွင် ၄၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံရမှု ဖြစ်စဉ်များမှာလည်း ယနေ့အချိန်ထိ မဖော်ထုတ်နိုင်သေးသည့် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုများ ဖြစ်သည်။

“လူသတ်မှု ၁၂၀ ကျော်မှာ အမှုပေါင်း ၁၀၀ ကျော်က လူသတ်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်၊ ကျန်မဖော်ထုတ်နိုင်သေးတဲ့ လူသတ်မှုတွေက ဖော်ထုတ်အရေးယူနိုင်အောင် စီအိုင်ဒီနဲ့ နယ်မြေရဲတပ်ဖွဲ့က ပူးပေါင်းစုံစမ်းနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နာမည်ကြီး စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စီအိုင်ဒီမှ ပြစ်မှုကြီးများကို ဖော်ထုတ်အရေးယူနိုင်မှု သိသာစွာ ကျဆင်းလာကြောင်း အငြိမ်းစား ရဲမှူးကြီးတစ်ဦးက မှတ်ချက်ပေးးသည်။

“အမှုစုံစမ်းဖော်ထုတ်တဲ့ ရဲအရာရှိတွေမှာ မိမိတာဝန်ကျေပွန်စွာ တရားခံကို ရေဆုံးမြေဆုံးလိုက်ပြီး ဖော်ထုတ်အရေးယူချင်ပေမယ့် အချို့အမှုတွေမှာ အပေါ်ဖိအားတွေ ရှိတာကြောင့် မထိရဲမကိုင်ရဲ အောက်ခြေတပ်ဖွဲ့ဝင်တွေမှာ ရင်ဆိုင်ကြုံတွေ့ရတာမျိုးတွေ ရှိတယ်၊ နောက်ပိုင်း တပ်ဖွဲ့ဝင် အများစုမှာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ အသိစိတ် စွဲကပ်လာတာကြောင့် ရာဇဝတ်မှုတွေကို ဖော်ထုတ်အရေးယူအမှု အပိုင်းမှာ သိသိသာသာ ကျဆင်းလာတာ တွေ့နေရတယ်၊ မျက်မြင်ရှိတဲ့ လူသတ်မှုတွေလောက်ပဲ ဖော်ထုတ်အရေးယူနိုင်ပြီး လျှို့ဝှက်နက်နဲတဲ့ လူသတ်မှုတွေဆို အခုချိန်ထိ မဖော်ထုတ်နိုင်ဘူး၊ အမှုလိုက်ရာမှာ တကယ်တော်ခဲ့တဲ့ စီအိုင်ဒီက အရာရှိကြီးအချို့လဲ အနားယူကုန်တာ ပါသလို လက်ရှိ ရဲတပ်ဖွဲ့မှာ နည်းပညာပိုင်း အားနည်းမှု၊ တပ်ဖွဲ့ဝင်အင်အား နည်းပါးမှုတွေ ရှိနေတာက ရာဇဝတ်မှုတွေ လျော့နည်းအောင် ထိန်းချုပ်နိုင်ဖို့ ကြီးမားစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုလို့ ကျွန်တော့်အမြင် သုံးသပ်မိတယ်” ဟု အဆိုပါ အငြိမ်းစား ရဲမှူးကြီးတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

ရာဇဝတ်မှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပွားနေပြီး သုံးရက်လျှင် တစ်မှုနှုန်း လူသတ်မှု ဖြစ်ပွားနေသည့် ရန်ကုန်မြို့တော်တွင် မှုခင်းလျော့နည်း ကျဆင်းစေရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေသော်လည်း ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေနဂါးဝင်းရှိ လေးလွှာတိုက်ခန်းတစ်ခုတွင် အမျိုးသားတစ်ဦး အသတ်ခံရမှုတို့ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေသော ရန်ကုန်ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်မှာ သိသာစွာ ကျဆင်းနေပြီ ဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် ပြည်သူအများ၏ ဝေဖန်သုံးသပ်မှုများ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။
________________________________________
THE VOICE ကို ရောင်းအားတက်အောင် ခရက်ဒစ်ပေးပါသည်။

*ဂိုလ်ရှယ်လေး

No comments:

Post a Comment