Latest News

Wednesday, February 1, 2017

ထမနဲပွဲ ပေါ်ပေါက်လာပုံ နှင့် မီးဖုန်းပွဲ ၊ သြ၀ါဒပါတိမောက်

ထမနဲပွဲ ပေါ်ပေါက်လာပုံ နှင့်  မီးဖုန်းပွဲ ၊ သြ၀ါဒပါတိမောက်


မြန်မာလူမျိုးတို.တွင် ၁၂လရာသီ တွင် သက်ဆိုင်ရာ အချိန်အခါလိုက် ပွဲတော်များ ရှိသည်. အနက် အချို.က ရာသီဥတု ကိုအကြောင်းပြု၍ ၊ အချို.က ဘာသာရေးဆိုင်ရာ ယုံကြည်မှုကိုအကြောင်းပြု၍ ၊အချို.က နိုင်ငံတော်၏ ကာကွယ်ရေး ၊ လူမျိုး၏ယဉ်ကျေးမှု စသည်ဖြင်. နယ်ပယ်စုံ ကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည်. ပွဲတော်များ အနက် မြန်မာ.ရိုးရာအစားအသောက်အမည်တစ်ခု တပ်လျှက် ပြုလုပ်သည်က တော. တပို.တွဲလ ထမနဲ ပွဲ တစ်ခုသာ ရှိသည် ။

မြန်မာ. ၁၂ လအနက် တပို.တွဲလပြည်.သည် ထူးခြားသော ဂုဏ်ပုဒ်တို.ရှိနေခဲ့သည် ။ ထိုနေ.တွင် * *

* အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသောနေ့ ဖြစ်ခြင်း။
* အရှင်သာရိပုတ္တရာ နှင့် အရှင်မဟာ မောဂ္ဂလာန် ဧတဒဂ် ရတော်မူသော နေ့ဖြစ်ခြင်း။
* အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိတ် သတ်တို့ အလိုအလျှောက် စုဝေးမိသော နေ့ဖြစ်ခြင်း။
* ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသော နေ့ဖြစ်ခြင်း (အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြဝါဒဟု ခေါ်ပါသည် ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒပါတိမောက်ပြသည်ဟု ခေါ်ဆိုပါသည် )
ထိုသို. သြ၀ါဒပါတိမောက် ပြ ရာတွင်လည်း ဘုရှားရှင်တိုင်းသည် သြဝါဒပါတိမောက်ကို အင်္ဂါလေးချက်နှင့် ညီသော်အခါမှသာ ပြတော်မူသည်….
* တပို့တွဲ လပြည့်နေ့ဖြစ်ခြင်း
* ဧဟိဘိက္ခု ရဟန်းတော်ချည်းသာ စုဝေးမိခြင်း
* ဆဠဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းသာ စုဝေးမိခြင်း
* မည်သူကိုမျှ မပင့်ဖိတ်ဘဲ အလိုလိုသာ စုဝေးမိသော အခါဖြစ်ခြင်း

ဂေါတမမြတ်စွာဘုရားသည် ပထမဦးဆုံးသော ပါတိမောက်ကို မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် တပို့တွဲလပြည့်နေ့ တွင် အထက်ပါ အင်္ဂါတို့နှင့် ပြည့်သည်ဖြစ်၍ ကဿပညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် နှင့် တပည့် ၂၅ဝ- စုစုပေါင်း ရဟန္တာ၁၂၅၂-ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြဝါဒပါတိမောက်ကို ပြတော်မူပါသည်။

ထိုတပို.တွဲလပြည်.နေ.တွင် မြန်မာ.ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ၊ အစားအသောက် ဆိုသည်ထက် ညီညွတ်မှု၏ ပြယုဂ် တစ်ခု လည်းဖြစ်သော ထမနဲ (သို.) နှမ်းမနဲ ထိုး၍ ဘုရားရှင်ကို ဆက်ကပ်လှုဒါန်းခြင်း ၊ စတုဒိသာပြုခြင်းများ ကို အစဉ်အဆက်ပြုလုပ်ခဲ့ကြပါသည် ။တစ်ခုတိုက်ဆိုင်နေသည်က ညီညွတ်ခြင်းဖြင်.သာ တင်.တည်အပ်သော ထမနဲပွဲ ရာသီကား ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြိး ခန်.ထည်စွာဖြစ်တည်လာရေးအတွက် အရေးပါသော ပြည်ထောင်စုနေ. နှင်. မနိးမဝေး ရက်တွင် ကပ်လျှက် တည်ရှိနေခြင်းဖြစ်သည် ။

ထမနဲပွဲ ပေါ်ပေါက်လာရပုံ နှင်. ပတ်သက်၍ လေ.လာမိသည်မှာ
တပို့တွဲလသည် မြန်မာလ၏၁၁လမြောက်သောလဖြစ်၏ဆောင်းဥတု၏ကုန်ဆုံးရန်နောက်ဆုံးလထဲလည်းပါ၏ တပိုလ၏နောက်ဆုံးအပတ်သည် အချမ်းဆုံးအချိန်ဟူပင်ဆိုကြသည် ။

ထို့ကြောင့်
တပို့တွဲလ၌ အချမ်းပိုသည် ။ မြတ်စွာဘုရားရှင်၏လက်ထက်၌ တပို့တွဲမှတပေါင်းသို့အကူးအကြား ရှစ်ရက်သည် အလွန်အေးမြသည် ။ ၀ိနည်းတော်အရဘုရားရှင်သည် ရဟန်းတို့ကို မီးမလှူံရန်တားမြစ်ပိတ်ပင်ထားသည် ။ တားမြစ်ရခြင်းအကြောင်းမှာ မိးနှင့် မျက်စိမသင့်ခြင်း ၊ မီးလှုံခြင်း ကြောင့်အဆင်းပျက်ခြင်း ၊
ခွန့်အားဆုတ်ယုတ်ခြင်း ၊မီးလှုံရင်းအပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့်အကျိုးမရှိသောစကားများကို ပြောဆိုခြင်းဟု၍ဖြစ်သည်။ သို့ရာတွင် အဆိုပါ တပို့တွဲလအကုန် တပေါင်းလအကူး ကြားရှစ်ရက်သည် အလွန်အေးမြသောကြောင့် ထိုရက်များ အတွင်း ရဟန်းမီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး ၊မိမိကိုယ်တော်တိုင် လည်းမိးလှုံတော်မူလေ့ရှိ၏။ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲ သဘင်ကို ဆင်ယင် ကျင်းပကြသည် ။

မီးပုံဟူသော အသုံးအနှူန်းမှာအရပ် စကားဖြစ်သည်။ စာပေအမှတ်အသားမှာမူ မီးဖုန်းသဘင်ဟုရေးရသည် ။ အလှူရှင်ဒကာ ဒကာမတို့သည် မီးဖုံးပွဲကို ကျင်းပရန်အလို့ငှါတောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေး နှင့်ခုတ်ကြသည် ။ထို့နောက်ထိုထင်းများကို စုပုံမီးရှို့၍ ဘုရားကျောင်းတန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည် ။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌အမွှေးနံ့သာ ထင်းများကို ထည့်၍ မီးဖိုကာ ပူဇော်ကြသည်။ ယခုခေတ်၌ပင်လင် ရွှေတိဂုံဘုရားပေါ်တွင် တပို့တွဲလဆန်း၁၄ ရက် အဖိတ်နေ့၌ မီးခဲများပေါ်တွင်း နှံ့သားမှုံ့များကျဲဖြန့်၍ ဘုရားရှင်အား အမွှေးနံ့သာ အပူဓာတ်တို့ဖြင့် ပူဇော်ကြသေးသည်ကို တွေ့ရှိုနိုင်ပေသေးသည်

ဤပွဲသဘင်ကိုစီရင်ကျင်းပရာ၌ ဆောင်ရွက် ရမြဲထုံးစံမှာ လူ ၁၀၀၀။ ယာဂုအိုး၁၀၀၀ ၊ ထန်းစင်၁၀၀၀တို့ကိုစီမံပြီးလျင် ဘုရား၊ ကျောင်း ၊တန်ဆောင်းများ၌ မီးအပူဓာတ်ကိုလှူဒါန်းပူဇော်ကြသည် ။
တပို့တွဲ လပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇောိသူ တို့သည် စင်းလုံးချောသက်ရင်းပင်များကို ခုတ်ယူ ပြီးလျှင်အခွံခွာ၍ နနွင်းဖြင့် လိမ်းကျံကာသုံးဆင့်စည်းနှောင်ထားကြ၏ ။
ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့ မတိုင်မီလာရောက်စုပုံကြ၏ ။

မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင်၃၀ -အရှည်ရှိသော ဥရူတိုင်ကြီးငါးတိုင်စိုက်ထား၏ ။ထိုတွင်ထင်းစည်းမီးပုံစည်းများကိုမှီ၍စိုက်ထူ၏ ။
နံနက်လေးနာရီတွင် ဆရာတော်က ၀တ်ပြုဆုတောင်းရာရဟန်းရှင်လူတို့သည်ရှိခိုးကန်တော့ကြ၏။ထို့နောက်ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးရာမီးပုံတွင် သူ့ထက်ငါဥိးအောင်ရှို့ ကြလေသည်။ ရှေးခေတ်က ကျင်းပသောမီးပုံပွဲတွင် ယာဂုအိုး1000 လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆို ခဲ့သည်ကို ကျွန်ုပ်တို့အထူးသတိမူကြရန်ရှိသည် ယင်းကိုထောက်ရှု့လျှင်မီးပုံပွဲနှင့်ယာဂုပွဲဆက်စပ်နေသည်ကိုတွေ့ရပေလိမ့်မည်၊မီးပုံပွဲကျင်းပရင်းနှင့် ယာဂုအလှူပွဲဖြစ်ပေါ်လာလေသလော ၊ ယာဂုပွဲကျင်းပရင်းနှင့်မီးပုံပွဲဖြစ်ပေါ်လားလေသလော ။ ဤနှစ်လီကိုမဝေခွဲနိုင်ပါ ။

စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခုဆက်စပ်၍ တပြိုင်းတည်းဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာသည် ။ ယာဂုပူဇော်ပွဲအဆင်အလာကို ၀ိနည်း ပိဋကတ်မဟာဝဂ် ပါဠိတော်၌ပြဆိုထားသည်။တစ်ရံခါသော် မြတ်စွာဘုရားသည်များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓ၀ိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌နေသောသူတို့သည် ဆန်ဆီဆားဆေးစသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီတော်မူရာသို့လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ထိုအခါ ပုဏ္ဏားတစ်ယောက်သည်လည်းအလားတူဆွမ်းကျွေးလိုပါသော်အလှည့် မကျနိုင်သော ကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်ချိုတို့ကို မြတ်စွာဘုရား နှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ပြုပါရန်တောင်းပန်လေ၏ ။

ရှင်အာနန္ဒာလည်း ဤအကြောင်းကိုမြတ်စွာဘုရားအား လျောက်ထားရာမြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်းကပ်လှူပူစေရန် သည်းခံတော်မူလေသည်။ ဤမှစ၍ယာဂုလှူပွဲအစဉ်အလာပေါ်ပေါက်လာလေသည် ၀ိနည်းတော်အရတပို့တွဲနှင့်တပေါင်းစပ်ကြား၌ ရဟန်းတို့မီးလှုံစေရန်ခွင့်ပြုသောအကြောင်း နှင့်ဆက်စပ်လျှင်ယင်းမီးပုံပွဲနှင့်ယာဂုအလှူပွဲမှာ တဆက်တည်းဖြစ်ပေါ်လာသည်ဟုယူဆနိုင်ပေသည် ၊ယာဂုဟူသည်မှာ ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ် ပင်ဖြစ်သည် ။ သို့သော်လုံးတော်ဆရာတော်၏အာဘော်အရ မြတ်စွာဘုရားသခင်သည်လေအနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းခံခြေဟုမိန့်တော်မူသဖြင့် ဒကာမတဦးထံအလှူခံရာ ထိုဒကာမသည် ချင်းစိမ်း ငြုတ် ကြက်သွန် နှမ်း တို့ဖြင့်စီရင် ထားသောယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂုသည် ငြုတ်ကြက်သွန်နှမ်းတို့ဖြင့်ရောစပ်၍ပြုတ်ထားသောအရာတစ်မျိုးဟုခေါ်ဆို ယူဆနိုင်ပေသည် ။

မင်းတုန်းမင်းလက်ထက်ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်တော်ကြီး၌ဖတ်ရှုနိုင်ပေသည် ။ ယင်းအလှူပွဲအကြောင်း ၌ရွှေမြို့တော်လေးပြင်လေးရပ် လူတိုင်းလူတိုင်း တိုင်းရင်းသားများမှစ၍ တရုတ်ကုလားမကျန် တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ် ဆန်တစလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ၊ ယင်းယာဂု ၌ ကောက်ညှင်း ဆန် ဆီ ဆား နှမ်း ချင်းစိမ်း မြေပဲ အုန်းသီး သစ်ကြားသီး စသည်တို့ကို ထည့်၍ကျိုသည်ဟုဆိုသည် ။
ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်း မှတ်သားရသည်။

ထမင်းနဲ (၀ါ) ထမင်းနှဲ ဟူသောစကားသည် (ကောက်ညှင်း)ထမင်းကို နှဲ ခြင်းဟူသောစကား အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည် ။ ဤ၌(နှဲ)ဟူသည်မှာ ထိုးကြိတ်၍ မွှေခြင်း နယ်ချင်းကိုပင်ဆိုလိုသည် ။ ရှေ့အရေးအသားအချို့တွင် ထမင်းနှဲဟူ၍ပင်ရေးကြသည် ။အချို့ကလည်း နှမ်းကိုကဲ၍ထည့်ခြင်းကြောင့် နှမ်းမနဲဟူ၍လည်းခေါ်ကြောင်း ဆိုကြသည် ။ ယင်းထမင်းနဲထိုးခြင်းစပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကို တေးထပ် စပ်ဆိုရာ အောက်ပါအတိုင်းဖြစ်ပါသည် ။

တေးထပ်

စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ ။
ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန် ။
မြေပဲဆန်အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လောနတံ ချိန်သတ်နှင့်
ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ
ရောထည့်လို့မွှေ

ဟူ၍ သိရပေသည် အဓိပ္ပါယ်မှာ ကောက်ညှင်းဆန်လေးပြည် ၊ နှမ်းဆီတစ်ပိဿာ ၊ မြေပဲဆန် ၈၀-ကျပ်သား ၊နှမ်း၃၂-ကျပ်သား ၊အုန်းသီးစိတ်၂၀ -ကျပ်သား ၊ဆား၇-ကျပ်သာား ချင်းစိမ်းသုံးကျပ်သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ နှဲရသည်ဟူ၏ ။

ဤကားယာဂုထမနဲဖြစ်ပေါ်လာပုံတည်း ။ဤသဘောကြောင့် ယာဂုနှင့် ထမနဲအတူတူပင်ဟုဆိုရိုးရှိ၏ ။

credit

=============

Kyaw Thu : ဖေအောင်

No comments:

Post a Comment