Latest News

Sunday, February 19, 2017

သင်ဆင်းရဲနေသလား

သင်ဆင်းရဲနေသလား


ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆင်းရဲတာကို ပိုက်ဆံရှိမရှိနဲ့ အဓိက တိုင်းတာပါတယ်။ပိုက်ဆံ ရှိတယ်ဆိုတာကိုတော့ အလွယ်ချမ်းသာတယ်လို့ ခေါ်ပါတယ်။ဒါဆို ပိုက်ဆံရှိတိုင်း ချမ်းသာသလား။

ဖြစ်ရပ်မှန်လေး တစ်ခုနဲ့ ပြောပြချင်ပါတယ်။နိုင်ငံခြားက ဖြစ်ရပ်ကလေးပါ။သူက အသက် ၂၀ လောက်မှာ မိန်းမရပါတယ်။ကလေးနှစ်ယောက်မွေးထားပါတယ်။အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။နောက်တော့ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်ပါတယ်။ကြိုးစားလုပ်တဲ့ အတွက် ရာထူးနေရာရလာပါတယ်။ငွေရေးကြေးရေး များလာတော့ မိသားစုတွေလဲ ပြေပြေလည်လည်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါတယ်။ဒါပေမယ့် သူက ထက်အောင်မြင်ချင်ပါတယ်။ပိုချမ်းသာချင်ပါတယ်။အဲဒီအတွက် ကုမ္မဏီမှာ ပိုကြိုးစားပါတယ်။အရင်အတိုင်းကြိုးစားယုံနဲ့ မလုံလောက်နိုင်တဲ့ အတွက်ကြောင့် အခြားအရာရှိတွေနဲ့ တိုက်ခိုက်ရပါတယ်။မသမာတဲ့ နည်းလမ်းတွေတောင် အသုံးချပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေတောင် ပြုလုပ်ပါတယ်။နောက်ပိုင်းသူရာထူးမြင့်လာပါတယ်။

ကုမ္မဏီအောင်မြင်အောင်လို့ ပိုအလုပ်လုပ်လာရပါတယ်။အိမ်ကိုတော့ ပိုပြီး ပိုက်ဆံထောက်ပံ့ပါတယ်။နောက်ပိုင်း အိမ်ကိုတောင် မပြန်ဖြစ်တော့ပဲ အလုပ်မှာပဲ နေပါတယ်။ကြာလာတော့ မိန်းမက ညိုငြင်လာပါတယ်။အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်ပြီးတော့ လင်မယားကွာရှင်းဖို့ အထိဖြစ်လာပါတယ်။ဒါပေမယ့် သူက ကလေးတွေကို အုပ်ထိန်းခွင့်ရလိုက်ပါတယ်။ကလေးတွေကို အိမ်အကူတွေနဲ့ လွတ်ထားပြီးတော့ အလုပ်တွေနဲ့ များနေပါတယ်။ကလေးတွေကို တစ်လ တစ်ကြိမ်လောက်သာသွားကြည့်နိုင်ပါတယ်။နောက် သူ ကုမ္မဏီ ဒါရိုက်တာလောက်ဖြစ်တဲ့ အချိန်မှာတော့ ကလေးတွေဟာ အိမ်ဖော်တွေကို အနိုင်ကျင့်ပြီး ကလေးဆိုးတွေ ဖြစ်နေကြပါတယ်။ပျက်စီးနေကြပါတယ်။

တစ်နေ့မှာတော့ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဌကြီးသေဆုံးလို့ နာရေးလိုက်ပို့ပါတယ်။သူနဲ့လဲ ခင်ပြီး သူ့ကို ပညာတွေသင်ပေးသူပါ။နာရေးမှာတော့ အိမ်ကတိတ်ဆိတ်နေပါတယ်။လာပို့တဲ့သူတောင် အမျိုးလောက်ပဲရှိပါတယ်။ပြီးတော့ သားသမီးတွေက အမွေခွဲတာတွေကို မြင်ပြီးတော့ သူတွေးမိလိုက်ပါတယ်။စီးပွားရေး လောက မှာ သူတိုက်ခိုက်ထားတဲ့ သူတွေ အများကြီးဖြစ်နေပြီး လက်ရှိအလုပ်တွဲလုပ်နေတဲ့ သူတွေတောင် သူ့ကို ချဉ်နေပါတယ်။

သူသေရမှာ အရမ်းကြောက်သွားတယ်။အဲဒီအတွက် သူရထားတဲ့ ငွေတွေနဲ့ လူမှုကူညီရေးလုပ်တယ်။အလုပ်တွေကို သိပ်မလုပ်တော့ဘဲနဲ့ ရုံးက၀န်ထမ်းတွေ အပေါ်ကိုလဲ သက်သာခွင့်တွေပေးလိုက်တယ်။ကလေးတွေနဲ့ အချိန်ပေးပြီးတော့ သူ့ငယ်ချစ်ဦး ဆီပြန်သွားပြီးတောင်းပန်တယ်။နောက်ဆုံးတော့ ဇတ်လမ်းလေးက ပျော်စရာဇတ်သိမ်းလေးပေါ့။

ပြောချင်တာကတော့ ဘက်စုံမျှဖို့ပါပဲ။ပိုက်ဆံရှိမှ ချမ်းသာတာမဟုတ်ပါဘူး။တကယ်တမ်းပြေလည်နေတဲ့ အဆင့်တစ်ခုကိုရောက်ပြီဆိုရင်တော့ မိသားစုနဲ့ သားသမီးတွေရဲ့ နောင်ရေးအတွက် အချိန်ပေးသင့်ပါတယ်။မြန်မာနိုင်ငံမှာက မပြေလည်သူလဲများသလို အချို့ပြေလည်တဲ့ အိမ်ထောင်ရှင် အမျိုးသားတွေကလဲ ပိုက်ဆံပေးလိုက်ပြီးရင် ၀တ္တရားကျေပြီလို့ မှတ်ယူနေလေ့ရှိပါတယ်။

လူဆိုတာ တစ်ယောက်ထဲအသက်ရှင်နေရတာ မဟုတ်တဲ့အတွက်ကြောင့် တစ်ယောက်ထဲ ရပ်တည်လို့မရပါဘူး။ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်တွဲနေထိုင်ရတာဖြစ်ပါတယ်။အရာရာကို တိုက်ခိုက်ပြီးတော့ နေတဲ့သူအတွက် ရန်သူလဲများပါတယ်။ကံကောင်းရင်တော့ အောင်နိုင်နေမှာပါပဲ။ဒါပေမယ့် ကံဆိုးရင်တော့ ရန်သူဝိုင်းတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

မောင်စိုင်း

Search Myanmar

No comments:

Post a Comment