Latest News

Friday, February 17, 2017

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိ

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့

ပြည်သူ့ရင်ပြင်၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိ

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိထားကြောင်း သိရသည်။

မတ် ၁၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ကျင်းပရန်နေရာများအား ပြည်သူ့ရင်ပြင်၊ The One Entertainment Park စသည့် နေရာများကို လျာထားလျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့ရင်ပြင်၌ ကျင်းပရန် ခွင့်ပြုချက် ရရှိထားခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ နေရာအသီးသီး၌ နှစ်စဉ်ကျင်းပခဲ့ရာတွင် ပြည်သူ့ရင်ပြင်တွင်မူ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်ကြောင်းသိရသည်။


“အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ပြည်သူ့ရင်ပြင်မှာ ကျင်းပခွင့်ရပြီလို့ သိရပါတယ်။ ရွှေတိဂုံဘုရား နောက်ခံနဲ့ အင်မတန်ကျက်သရေရှိတဲ့ နေရာတစ်ခုမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ရုပ်ရှင်လောကသားတွေ စုံစုံညီညီနဲ့ ကျင်းပခွင့်ရတာက အရမ်းကြည်နူးစရာကောင်းပါတယ်။ ဒီနှစ်မှာက ရုံတင်ပြသခဲ့တာကလည်း ဇာတ်ကားပေါင်း ၃၃ ကားဖြစ်တာကြောင့် ဇာတ်ကားအရေအတွက်လည်း များသလို ဆုအရေအတွက်လည်း များမယ်လို့ မျှော်မှန်းရပါတယ်။ အရင်နှစ်တွေက အားနည်းချက်တွေအားလုံး ပြုပြင်ပြီးတော့ အမှန်ကန်ဆုံး ရွေးချယ်စိစစ်မှုတွေ ဖြစ်အောင်တော့ ကြိုးပမ်းထားပါတယ်” ဟု အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနှင်းမိုးက ဆိုသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပခွင့်ရရှိခြင်းနှင့် ပတ်သက်၍လည်း သရုပ်ဆောင် အေးမြတ်သူက “အကယ်ဒမီပွဲကို ပြည်သူ့ရင်ပြင်မှာ လုပ်မယ်ဆိုတော့ အရမ်းကျက်သရေရှိမှာပါပဲ။ ရွှေတိဂုံဘုရား နောက်ခံနဲ့ အရမ်းကို လှပခမ်းနားတဲ့ပွဲတစ်ခု ဖြစ်မှာလည်း သေချာပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှား နေမိပါတယ်။ အေးမြတ်သူတို့ ရုပ်ရှင်လောက သားတွေအားလုံး ပျော်ကြရမယ့်ပွဲ ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဆိုသည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ရန်အတွက် စိစစ်အကဲဖြတ်မှုများအား အဆင့်ဆင့် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဆုစာရင်းများအား ဖွင့်ဖောက်၍ စာအိတ်အတွင်း ထည့်သွင်းခြင်း လုပ်ငန်းများကို မတ်လဆန်းတွင် ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကား ၃၃ ကားရှိသည့်အနက် ဆန်ခါတင် ၁၀ ကား ရွေးချယ်ကာ အကြိမ်ကြိမ် စိစစ်အကဲဖြတ်မှုများအား ပြုလုပ်ထားခြင်းဖြစ်သည်။ ယခုနှစ်တွင် ရုံတင်ပြသထားသည့် ဇာတ်ကားအရေအတွက် များပြားသကဲ့သို့ ဆုချီးမြှင့်မည့် ဆုအရေအတွက်လည်း များပြားနိုင်မည်ဟု သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများကို ရန်ကုန်မြို့ လေဟာပြင်ကဇာတ်ရုံ၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးရုံး၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၊ Myanmar Event Park စသည့်နေရာများ၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုနှစ်ကျင်းပမည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်လူမင်း၏ ဥက္ကဋ္ဌသက်တမ်းတွင် နောက်ဆုံးအကြိမ် ပြုလုပ်မည့် အကယ်ဒမီ ဆုပေးပွဲလည်း ဖြစ်သည်။


လင်းလင်းခိုင်

Eleven Media Group

No comments:

Post a Comment