Latest News

Friday, February 3, 2017

မဲသဝေါတွင် မိုင်းပေါက်ကွဲ၍ စစ်ဘေးဒုက္ခသည်အရပ်သားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံး

မဲသဝေါတွင် မိုင်းပေါက်ကွဲ၍ စစ်ဘေးဒုက္ခသည်အရပ်သားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံး


တိုက်ပွဲများဖြစ်ပွားခဲ့ သော မဲသဝေါဒေသတွင် မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး ခြေထောက်တစ်ဖက်ပြတ်  ဒဏ်ရာရရှိပြီး မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံများကို ကြီးမားစွာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

မဲသဝေါဒေသ ထီးနောထ ကျေးရွာတွင် ဇန်န၀ါရီ ၃၀ ရက်က  မိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး ညာဘက်ခြေထောက် ပြတ်ခဲ့ခြင်း ဖြစ်သည်။


ဒဏ်ရာရ အမျိုးသားသည် မြိုင်ကြီးငူအထူးဒေသရှိ စစ်ရှောင်စခန်းတွင် ခိုလှုံနေသူဖြစ်ပြီး ရွာရှိ ၎င်း၏ရော်ဘာစိုက်ခင်းကို ပြန်လည်သွားရောက်ကြည့်ရှုစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်ကယ်ဆယ် ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ဒဏ်ရာရအမျိုးသားသည် ဘားအံဆေးရုံတွင် ကုသမှုခံယူ နေသည်။

 ‘‘တိုက်ပွဲတွေဖြစ်တဲ့နေရာ ကို တပ်မတော်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းချုပ်နိုင်ပြီဆိုပေ မယ့် မြေမြှုပ်မိုင်းတွေကိုတော့ လမ်းမကြီးတွေပေါ်မှာပဲ ရှင်းလင်း နိုင်သေးတာဖြစ်ပြီး တောင်ယာ တွေမှာ မရှင်းနိုင်သေးဘူး။ လက် လုပ်မြေမြှုပ်မိုင်းတွေက ခပ်လွယ် လွယ်ထောင်လို့ရနေတော့ ရှေ့ ကရှင်း နောက်ကလိုက်ထောင်နေသလိုဖြစ်နေတယ်။ ဒေသခံတွေအတွက် မိုင်းအန္တရာယ်ကြီးနေတာကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့လိုနေတယ်’’ဟု ဒေသခံ စောဒါးနကပြောသည်။

မြိုင်ကြီးငူ ကယ်ဆယ်ရေး စခန်းတွင် ကူညီလုပ်ဆောင်ပေးနေသူ စောဝင်းစိုးက လက်နက်ကိုင်အဖွဲ့များအနေဖြင့် တာဝန်ရှိသူအချင်းချင်း ညှိနှိုင်းကာ လက်လုပ်မိုင်း မြှုပ်ထားရာနေရာများကို အတိအကျဖော်ထုတ်၍ မိုင်းရှင်းလင်းရေး လုပ်သင့်ကြောင်း အကြံပြုသည်။

မဲသဝေါဒေသတွင် ၂၀၁၆ သြဂုတ်လကုန်က စတင်ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့နှင့် ဒီကေဘီအေခွဲထွက်အဖွဲ့တို့ ဖြစ်ပွားသော တိုက်ပွဲအတွင်း အရပ်သားအချို့ မိုင်းထိသေဆုံးခဲ့ပြီး ကျွဲ၊ နွားများလည်း မိုင်းဒဏ်ခံရသည်။

7Day News Journal

No comments:

Post a Comment