Latest News

Wednesday, February 22, 2017

အဆိုးဆုံးနှင့် နာမည် အပျက်ဆုံး ယာဉ်လိုင်းများ တစ်လိုင်းလုံး ရပ်ဆိုင်းခံရမည် ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတိပေး

အဆိုးဆုံးနှင့် နာမည် အပျက်ဆုံး ယာဉ်လိုင်းများ တစ်လိုင်းလုံး

ရပ်ဆိုင်းခံရမည် ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတိပေး

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက် ရှိသည့် YBS ယာဉ်လိုင်းများ အနက် အဆိုးဆုံးနှင့် နာမည် အပျက်ဆုံး ယာဉ်လိုင်းများ အနေဖြင့် တစ်လိုင်းလုံး ရပ်ဆိုင်း သွားနိုင်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။

“အခုလည်း ကျွန်တော်တို့ မှတ်တမ်းတင် ထားမှုတွေ ရှိပါတယ်။ အဆိုးဆုံးနဲ့ နာမည် အပျက်ဆုံး ယာဉ်လိုင်းတွေ ကိုလည်း ကျွန်တော် ဒီနေရာက သတိပေးပါရစေ။ တစ်လိုင်းလုံး ရပ်ဆိုင်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ပြောင်းလဲမယ့် ပြောင်းလဲမှု ၀န်ဆောင်မှုဟာ ပြည်သူကို ပေးရမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် YBS ယာဉ်လိုင်းများ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယာဉ်လိုင်းများ အား သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဇန်န၀ါရီလထဲမှာ လိုင်းနံပါတ် (၇)၊ လိုင်းနံပါတ် (၄၀) နဲ့ လိုင်းနံပါတ် (၄၁) လိုင်းတွေဟာ တိုင်ကြားခံရတာ အများဆုံးပဲ။ ဖေဖော်ဝါရီလမှာ အများဆုံး တိုင်ကြား ခံရတဲ့ ယာဉ်လိုင်းတွေ ကတော့ လိုင်းနံပါတ် (၆)၊ လိုင်းနံပါတ် (၃၆)၊ လိုင်းနံပါတ် (၆၅) တို့ ဖြစ်ပါတယ်” ဟုလည်း သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဦးသန်းဝင်း က ပြောကြားခဲ့သည်။

ယင်းအပြင် ခရီးသွား ပြည်သူများ အပေါ်  ရိုင်းပျစွာဆက်ဆံမှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုသည် ရဲအရေးပိုင်မှု ဖြစ်သည့် အတွက် ကျူးလွန်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ရဲတပ်ဖွဲ့က အရေးယူသွားမည် ဖြစ်သည့်အပြင် ယာဉ်မောင်းနှင်ခွင့် ပိတ်သိမ်းခြင်း၊ ယာဉ်လိုက်ခွင့် ပိတ်သိမ်းခြင်းများဖြင့် အရေးယူ သွားမည် ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော် က ပြောသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် လက်သီးနဲ့ ထိုးတာက ရဲအရေးပိုင်တဲ့ ကိစ္စ၊ ရဲက အရေးယူမယ်။ နောက် ယာဉ်မောင်းနှင်ခွင့်၊ ယာဉ်လိုက်ခွင့်တွေ ကိုလည်း ကျွန်မတို့ အနေနဲ့ အရေးယူ သွားမှာပါ” ဟု ၄င်းက ဆိုသည်။

ဆက်လက်၍ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ပြိုင်မောင်းခြင်းနှင့် ယာဉ်စီးနင်းခ ပိုမိုကောက်ခံမှုများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများနှင့် အရေးယူ သွားမည် ဖြစ်သည့်အပြင် ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်း ခြင်းနှင့် CNG သဘာဝ ဓာတ်ငွေ့ ထုတ်ယူခွင့်တို့အား ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ပြောသည်။

YBS ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုများမှာ စတင် ပြေးဆွဲသည့် ဇန်န၀ါရီလတွင် ၂၃၄ မှု၊ ဖေဖော်ဝါရီ လတွင် ၂၈၆ မှုတို့ဖြစ်ပြီး  စုစုပေါင်း တိုင်ကြားမှု ၅၂၀ မှုရှိကြောင်း သိရသည်။

ကိုလူသစ် ၊လင်းထက်

Tomorrow

No comments:

Post a Comment