Latest News

Saturday, February 18, 2017

အကြင်သူကို မေ့လိုလျှင်

အကြင်သူကို မေ့လိုလျှင်

(၁)

''သူငယ်ချင်းရယ် အီး ဟီး ဟီး''

တစ်ယောက်တည်းသော အချစ်ဆုံး သူငယ်ချင်းလေး မီမီက ကျွန်မကိုဖက်ကာ ဟီးတိုက်ငိုနေလေသည်။ မီမီသည် အသည်း မာပါသည်။ တော်ရုံတန်ရုံ ငိုလေ့မရှိ။ မည်သည့် အခက်အခဲ၊ ဒုက္ခကိုမဆို တစ်ယောက်တည်း အံကြိတ်ပြီး ဖြေရှင်းတတ်သူလေးဖြစ်သည်။ကျွန်မတို့နှစ်ယောက်စလုံးသည် နယ်မှလာ ခြင်းဖြစ်သည်။ အဆောင်နေကာ ကျောင်း တက်ရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမ စောင့်ရှောက်နေသူများလည်း ဖြစ်ကြသည်။သူနာပြုတက္ကသိုလ်တက်နေကြသည့် ကျောင်းသူ အချင်းချင်းတွေကြားထဲမှ မီမီနှင့် ကျွန်မသည် အတွဲဆုံးပင်ဖြစ်ပါသည်။ မီမီသည် သံယောဇဉ် အလွန်ကြီးတတ်သူလေးတစ်ယောက်လည်း ဖြစ်သည်။ အစွဲအလမ်းလည်း အလွန်ကြီးရှာ သည်။ တစ်ယောက်ယောက်ကိုခင်ပြီဆိုပါကလည်း စိတ်ရောကိုယ်ရောနှစ်ပြီး ခင်တတ်သူ လေးဖြစ်သည်။ ရိုးသားသည်။ ပွင့်လင်းသည်။

''ဘာဖြစ်လာတာတုံးဟ၊ ငါ့ကိုပြောပါဦး မီမီရဲ့''

''ကိုကို...ကိုကို ငါ့ကိုထားသွားပြီဟာ''

''ဘယ်လို''

ကျွန်မ အံ့သြမှင်တက်သွားရသည်။ မီမီ သည် သူ၏ဘဝတွင် ပထမဦးဆုံးချစ်သူ တစ်ယောက် ထားဖူးခြင်းသာဖြစ်သည်။ ထို ပထမဦးဆုံးချစ်သူကပင် သူ့ကိုထားသွားသည် တဲ့။ ဘာကြောင့်ပါလိမ့်။ မီမီသည် ကျွန်မ ထက်ပင် လှပါသည်။ အသားဖွေးဖွေးလေး နှင့် ချစ်စရာကောင်းသည်ဆိုလျှင် ပိုမှန်ပေ လိမ့်မည်။ အတန်းထဲတွင် စာလည်းတော် သည်။ ကျွန်မသည်သာ တစ်ခါတစ်ရံ စာမေးပွဲ များတွင် ကျလေ့ရှိသော်လည်း မီမီသည်ကား ကျရိုးထုံးစံမရှိ။ အမှတ်တွေများနေသော ကြောင့် ဆုတွေပင်ရလေ့ရှိသည်။ အချင်းချင်း တွေအပေါ်လည်း နားလည်မှုရှိသလို အမြဲ သည်းခံခွင့်လွှတ်ပြီး ပေါင်းသင်းတတ်သူလေး လည်း ဖြစ်သည်။ ကျွန်မအနေနှင့်တော့ မီမီ့ အပေါ် အပြစ်ဟူ၍ တစ်စုံတစ်ရာမျှမတွေ့ပေ။

''သူက ဘာလို့ နင့်ကိုထားသွားရတာလဲ''

''သူကပြောတယ်ဟ၊ ငါ့လို ဘာမဟုတ် တဲ့ မိန်းကလေးတစ်ယောက်ကို ဆက်ပြီး လက် မတွဲနိုင်တော့ဘူးတဲ့။ သူ့လို နာမည်ရနေတဲ့ တက်သစ်စအဆိုတော်တစ်ယောက်အနေနဲ့ ငါ့ထက်သာတဲ့ မိန်းကလေးကိုပဲ ရွေးချယ်ချင် လို့ပါတဲ့''

''တောက်...ဒါ သက်သက်လူပါးဝတာ''

ကျွန်မမှာ မီမီပြောသမျှ နားထောင်ရင်း ဒေါသတွေ အလိပ်လိုက်ထွက်နေမိသည်။

''ငါ သူ့ကိုစိတ်မဆိုးရက်ပါဘူးဟာ။ သူက ငါ့ဆီကခွင့်တောင်းပြီးမှ ထွက်ခွာသွားတဲ့သူ တစ်ယောက်ပါ။ သူ့အတွက် ဘာမှအသုံးမဝင် တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်သင့်ပါတယ်ဟာ''

နောက်ဆုံးအချိန်အထိ မီမီက သူ့ချစ်သူ ကို နားလည်ခွင့်လွှတ်ပေးနေဆဲပင်။ သို့သော် ရှိုက်ကြီးတငင်ငိုကြွေးလျက်ပင်။

''ငါ သူ့ကို အရမ်းချစ်တယ်ဟာ။ သူ ငါ့ အပေါ်ကို စိတ်ကုန်နေတယ်ဆိုတာ ငါ အစော ကြီးကတည်းက သိထားပြီးသားပါဟာ။ ဒါ...ဒါပေမယ့် ငါသူ့ကိုမစွန့်လွှတ်နိုင်လို့ မသိချင်ယောာင်ဆောင် တွယ်ကပ်နေမိတာ''

မီမီ အရမ်းချစ်တတ်သည်ကိုသိထား၍ ကျွန်မ ပိုပြီးစိတ်မကောင်းဖြစ်မိသည်။ ဒုတိယ နှစ် နှစ်ကုန်စာမေးပွဲကလည်း ဖြေဆိုရန် နှစ်ပတ်သာလိုတော့သည်။ မီမီအတွက် ရင်လေးမိသည်။

(၂)

စာကျက်နေရင်းမှ စားပွဲပေါ် မှောက်ခုံ အိပ်ပျော်နေသော ကျွန်မ ဆတ်ခနဲ လန့်နိုး သွားသည်။ နာရီကြည့်လိုက်တော့ ည ဆယ် နာရီပင် ထိုးနေချေပြီ။ မီမီတစ်ယောက် ဘယ် ရောက်နေပါလိမ့်။

''မီမီရေ...မီမီ''

အော်ခေါ်ရင်း ကျွန်မ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

''မီမီ နင် ..နင် ဒါဘာလုပ်နေတာလဲ''

ကျွန်မစိုးရိမ်စိတ်များ၊ ဒေါသစိတ်များ ဖြင့် မေးမိသည်။ ကျွန်မတို့ ခေါင်းကိုက်ဖျားနာ လျှင် အလွယ်တကူသောက်ရန် ဆောင်ထား သော ပါရာစီတမောနှင့် ဘာမီတွန် ဆေးဘူး နှစ်ဘူးကား မှောက်လျက်ကျနေသည်။ ထိုဘေးတွင် မီမီက ဆေးများကို တစ်လုံးပြီး တစ်လုံး သောက်နေလေသည်။

''မီမီ နင်ရူးနေလား။ သေတော့မှာပဲ''

ပြောလည်းပြော မီမီ့လက်ထဲမှ ဆေးလုံး များကိုလည်း ပုတ်ချပစ်လိုက်သည်။ သို့သော် ဆေးလုံးများကား သုံးဆယ်ခန့်တော့ ဝင်သွား ပြီ ထင်သည်။ တအေ့အေ့နှင့် ပျော့ခွေနေသော မီမီ့ကို ကျွန်မ medical ward သို့ တခြား သူငယ်ချင်းများကို အကူအညီတောင်းကာ ခေါ်ခဲ့ရတော့သည်။ ဟိုရောက်တော့ မီမီ့ကို နှာခေါင်းပိုက်အလျင်အမြန်ထည့်ပြီး stomach wash out (အစာအိမ်ဆေးကြောခြင်း)ကို လုပ်ပေးသည်။ အရောက်မြန်၍သာ တော် သေးသည်။ နို့မို့ဆို မတွေးရဲစရာပင်။အခြေ အနေတွေ ငြိမ်သွားသောအခါမှ မီမီ့ကို ကျွန်မ ဆူမိသည်။

''ဘာလို့ ဒီလိုလုပ်ရတာလဲ သူငယ်ချင်း ရယ်။ ယောက်ျားတစ်ယောက်အတွက်နဲ့များ နင်မတန်ပါဘူးဟာ''

''အဟင့် ဟင့် ငါသူ့ကို အရမ်းချစ်တာပါ ဟာ။ ဒါပေမယ့် သူက ပစ်ပစ်ခါခါထားခဲ့တော့ ငါဘယ်လိုမှ မခံစားနိုင်လို့ပါ''

''နင် အဲလိုလုပ်တာမှားတယ် မီမီ။ သူ နင့်ကို ဘာကြောင့်ထားခဲ့တာလဲဆိုတာ နင် သိတယ်မဟုတ်လား။ ပြော ငါ့ကိုပြော ဘာလို့ ထားခဲ့တာလဲ''

''ငါက ဘာမှမဟုတ်တဲ့ မိန်းကလေး တစ်ယောက်မို့လို့တဲ့''

''အေး အဲဒီစကားကိုလေ နင် စိတ် မကောင်းဖြစ်နေရမှာမဟုတ်ဘူး။ စိတ်နာနေ ရမှာသိလား။ ရှင်းရှင်းလေးပဲ။ နင်က ဘာမှ မဟုတ်လို့ သူက နင့်အနားမနေချင်တာ။ အေး တစ်နေ့ နင်က တစ်ခုခုဟုတ်သွားတဲ့အခါ ကျရင်တော့ သူအပါအဝင် တခြားယောက်ျား တွေလည်း ရောက်လာလိမ့်မယ်သူငယ်ချင်း။ နင် လုပ်ယူလို့ရတဲ့အရာတစ်ခုကို ဘာမှမလုပ် ဘဲ ဒီအတိုင်းကြီးစွန့်လွှတ်တာကမှ နင့်အမှား''

''ငါ...ငါ မှားသွားတယ် သူငယ်ချင်း''

''သိရင်လည်း အခုကစပြီး စာမေးပွဲ အတွက် စာကျက်တော့''

အပြုံးတစ်ဝက်၊ အငိုတစ်ဝက်ဖြစ်နေ သော သူငယ်ချင်းလေးကို ကျွန်မ ထွေးပွေ့ ထားမိသည်။ အချစ်ကိုစတင်တွေ့ရှိဖူးတဲ့ မိန်းကလေးတွေက ပိုချစ်တတ်လေတော့ လည်း ပိုခံစားရချေတော့သည်။

(၃)

ကျောင်းလေးနှစ်ပြီးသွားတော့ မီမီရော ကျွန်မပါ ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ကျ ကြသည်။ နှစ်ယောက်စလုံး အရေးပေါ်တွင် နေရသည်။ အရေးပေါ်ဖြစ်သည့်အတွက် ပြဿနာတွေက တစ်မျိုးပြီးတစ်မျိုးမရိုးအောင် လာလေတော့သည်။

တစ်နေ့တွင် မီမီအဖြစ်နှင့်ဆင်တူသည့် လူနာတစ်ဦး ရောက်လာသည်။ မီမီ တကယ် ပင် တုန်လှုပ်မိပါသည်။ သူကိုယ်တိုင် မစဉ်းစားမဆင်ခြင်ဘဲ လုပ်မိစဉ်အခါက ဘာမှန်းမသိခဲ့သော်လည်း ယခုလူနာကို မြင်တော့ ဒေါသထွက်မိသည်။ ကြည့်ပါဦး။အသက်က ငယ်ငယ် ရုပ်ကချောချောလေး ရယ်။ မီမီ သူ့မိဘတွေကိုမေးကြည့်တော့ ရည်းစားပစ်သွားလို့ဟု ပြောသည်။ ဖြစ်မှ ဖြစ် ရလေ။ လူနာကGTC ကျောင်းသူလေးပင်။သူ၏မိဘတွေလည်း ငိုယိုနေကြသည်။ဘာပဲ ပြောပြော မိဘတွေ သနားဖို့ကောင်းသည်။ လူနာမိန်းကလေးအနေဖြင့်လည်း အကယ်၍ သေဆုံးခဲ့သည်ရှိသော် အချည်းနှီးသေဆုံး ခြင်းသာ ဖြစ်ပေရော့မည်။ ပစ်ခွာခဲ့လေပြီးသော သူ့ချစ်သူက ပျော်ပျော်ပါးပါးစံစားနေချိန်တွင် မိမိမှာမချိမဆံ့ ဝေဒနာခံစားရသည်။ မမျှတ။လုံးဝကို မမျှတချေ။ ကိုယ်နာကျင်သလို သူ နာကျင်ရမယ်ဆိုရင်တော့ ထားဦးတော့။အခုလိုဖြစ်ရသည်က လုံးဝကိုမတန်ချေ။

''ဟဲ့ မီမီ မြန်မြန်လုပ်။ လေယာဉ် နောက်ကျနေဦးမယ်''

''အေးပါဟဲ့''

သည်နေ့ မီမီတို့ ERC 9 month course ကို အင်္ဂလန်တွင်သွားတက်ရန် ပြင်ဆင်နေကြ ခြင်းဖြစ်သည်။ သည့်နောက်ပိုင်း မီမီ့ကို ချစ်ခွင့် ပန်သူများရှိနေသော်ငြား မီမီ ချစ်သူရည်းစား မထားတော့ပေ။ မီမီ အသည်းနင့်အောင် အသက်နှင့်ရင်းပြီးချစ်ခဲ့ရသည့်သူကို မေ့လို့ မရခဲ့သည်မှာလည်း အမှန်တရားတစ်ခုပင်။သူ့ကိုသတိရသည့်အခါရှိသည်။ တိုက်ဆိုင်မှု များတွေ့လျှင် လွမ်းဆွတ်ရသည့်အခါများ လည်း ရှိသည်။ သို့သော် သူ့ကိုသတိရတိုင်း စာတွေပိုဖတ်ဖြစ်မိသည်။ သင်တန်းတွေ ပို တက်မိသည်။ သူပြောခဲ့သည့် သာမည မိန်းကလေးတစ်ယောက်မှ အထင်ကရ မိန်းကလေးတစ်ယောက်ဖြစ်စေရန် နိုင်ငံခြား ပညာတော်သင်ကို ရအောင်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ။

အမရာပြည့်ပြည့်သူ

B.A( Myanmar)ပြန်/ဆက်

No comments:

Post a Comment