Latest News

Friday, February 17, 2017

ဂေါပကအဖွဲ့သစ် လက်ထက် ကျိုက်ထီးရိုး စေတီတော် အလှူငွေ ယခင်နှစ်ထက် ကျပ်သိန်း ၁၀,၅၀၀ ကျော် ပိုမိုရရှိ

ဂေါပကအဖွဲ့သစ် လက်ထက် ကျိုက်ထီးရိုး စေတီတော် အလှူငွေ

ယခင်နှစ်ထက် ကျပ်သိန်း ၁၀,၅၀၀ ကျော် ပိုမိုရရှိ

အောင်ကျော်မင်း   Friday, 17 February 2017

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဂေါပက အဖွဲ့သစ် လက်ထက် လေးလ သက်တမ်းတွင် စေတီတော်၏ အလှူခံ ရရှိငွေသည် ယခင်နှစ်ထက် ကျပ် ၁၀,၅၆၄ သိန်း အထိ တိုးတက် ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

၂၀၁၆ - ၂၀၁၇ ခုနှစ် ဘုရားဖူးရာသီ စတင် ဖွင့်လှစ်ချိန် ပထမ လေးလပတ် အတွင်း (၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဖေဖ၀ါရီလ ၁၅ ရက်နေ့အထိ) ကျိုက်ထီးရိုး စေတီတော် အလှူငွေ ကျပ် ၁၅,၄၅၇ သိန်း အထိ လက်ခံရရှိခဲ့သည်။

ယင်းပမာဏသည် ယခင်ဂေါပက အဖွဲ့ လက်ထက်တွင် လေးလအတွင်း အလှူခံရရှိခဲ့သည့် ကျပ် ၄၈၉၃ သိန်းကို ကျော်လွန် ရရှိခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဂေါပက အဖွဲ့သစ် လက်ထက်တွင် တောင်တက်ကားလမ်း
ပြုပြင်မှုမှ ရရှိသော အလှူငွေသည် ယခင်နှစ် လေးလတာ တွင် ကျပ် သိန်း ၄,၇၀၀ ကျော် ရရှိခဲ့ရာမှ ယခုနှစ် လေးလတာ အတွင်း ကျပ် ၈,၆၃၈ သိန်း အထိ တိုးတက် ရရှိခဲ့သည်။

ရွှေဆိုင်း ရောင်းချမှုတွင် ယခင်နှစ် ရရှိ အလှူငွေ ကျပ် ၂၁ သိန်းကျော် ရရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၄,၀၃၄ သိန်းကျော် အထိ တိုးတက်ရရှိခဲ့သည်။

အလှူခံပုံးဖြင့် အလှူခံ ရရှိငွေသည် ယခင်နှစ်တွင် ကျပ်သိန်း ၁၇၀ ကျော် ရရှိခဲ့ရာမှ ယခုနှစ် ကျပ် သိန်း ၂,၇၈၄ ကျပ် အထိ တိုးတက် ရရှိခဲ့သည်။

ထိုကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဂေါပက အဖွဲ့သစ် လက်ထက် လေးလ သက်တမ်းတွင် စေတီတော် ၏ အလှူခံရရှိငွေသည် ယခင်နှစ်တွင် အလှူခံ ရရှိငွေ စုစုပေါင်း ကျပ် သိန်း ၄,၈၉၃ ကျော် ရရှိ ခဲ့ရာမှ ယခုနှစ်တွင် ကျပ် သိန်း ၁၅,၄၅၇ ကျော် အထိ တိုးတက် ရရှိကာ ကျပ်သိန်း ၁၀,၅၆၄ ကျော် ပိုမို ရရှိခဲ့သည်။

ထို့အပြင် ယခင်ဂေါပက အဖွဲ့ဟောင်း ထံမှ လွဲပြောင်း ဘဏ္ဍာငွေ ကျပ် သိန်း ၁၆,၁၁၃ ကျော်နှင့် ယခုနှစ် လေးလ အတွင်း ရရှိသော အလှူငွေ ကျပ် ၂၁,၅၆၂ သိန်း စုစုပေါင်း ဘဏ္ဍငွေ ကျပ် ၃၇,၆၇၅ သိန်း တို့ကို လက်ခံ ရရှိ ထားပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၆,၈၀၀ ကျော်နှင့် ထိုင်းဘတ်ငွေ ၂၇၈,၉၀၀ တို့ကို လက်ခံ ရရှိထားသည်။

"အလှူခံ ရရှိငွေတွေကို နေ့စဉ်အလိုက် ဘဏ်ကို အပ်ထားပါတယ်။ ထုတ်ယူ အသုံးပြုမယ် ဆိုရင်တော့
စေတီတော် ဩ၀ါဒစရိယ ဆရာတော်တွေ ထံ တင်ပြပြီး ခွင့်ပြုချက်နဲ့ အညီ ထုတ်ယူ သုံးစွဲပါတယ်။

ဥပမာ စေတီတော်နဲ့ သက်ဆိုင်တဲ့ ကျိုက်ထီးရိုး တောင်ပေါ် ရေရရှိရေးလို နေရာတွေမှာ ဆရာတော်တွေရဲ့ ခွင့်ပြုချက် တွေနဲ့ ထုတ်ယူ သုံးစွဲသွားမှာ ဖြစ်ပါတယ်" ဟု သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးအောင်ဆန်းဝင်း က ပြောသည်။

ဂေါပကအဖွဲ့သစ် လက်ထက်တွင် ယခင် လေလံစနစ်ဖြင့် ခွင့်ပြုထားသော အလှူခံ ဌာနများကို ဖျက်သိမ်းခြင်း၊ ရွှေဆိုင်းများအား သတ်မှတ် ဈေးနူန်းနှင့် အညီ ရောင်းချစေခြင်း၊ တည်းခိုစရိတ်နှင့် စားသောက် စရိတ်များ သက်သာသည့် နူန်းထားဖြစ်အောင် ပြောင်းလဲ ဆောင်ရွက်စေခြင်း တို့ကြောင့် ပြည်တွင်း ပြည်ပ ဘုရားဖူးများ သဒ္ဓါတရားထက်သန်စွာ ပိုမို လှူဒါန်း လာကြသဖြင့် ဘက်စုံ အလှူငွေများ တိုးတက် ရရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂေါပက အဖွဲ့သစ် လက်ထက်တွင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တွင် သာမဏသာရုပ္ပ မဖြစ်သော အလှူခံ ပုဂ္ဂိုလ် ရဟန်း ၂၁ ပါး၊ သာမဏေ ၃၂ ပါး၊ ရသေ့ ၂ ပါး၊ သီလရှင် ၂ ပါး၊ ဖိုးသူတော် ၁ ပါး တို့ကို ကျိုက်ထိုမြို့နယ် ဂိုဏ်းပေါင်စုံ သံဃာ့ဆိုင်ရာ သာသနာတော် သန့်ရှင်းရေး အဖွဲ့ဝင် ဆရာတော်များက ၀ိနည်းတော်များနှင့် အညီ ဆုံးမဩ၀ါဒပေးကာ ဖေဖ၀ါရီလ ၁၄ ရက်နေ့တွင် အရေးယူ ဆောင်ရွက်ခဲ့သည်။

[ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။]

မြန်မာတိုင်းမ်

No comments:

Post a Comment