Latest News

Sunday, February 26, 2017

"မီးလောင်ရာကို ယပ်ခတ်ပေးတဲ့ပွဲပါ" (ဦးဝင်းထိန်)

"မီးလောင်ရာကို ယပ်ခတ်ပေးတဲ့ပွဲပါ" (ဦးဝင်းထိန်)


ဦးကိုနီသေဆုံးမှုနှင့် စပ် လျဉ်း၍ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့ဦးဆောင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် မီးလောင်ရာကို ယပ်ခတ်လိုက်သည့် ရှင်းလင်းပွဲဖြစ်ပြီး န၀တခေတ်က ဗိုလ်ချုပ်ခင်ညွန့်    ပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့် တူနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြော ကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ဦးကိုနီနှင့် ဦးနေ၀င်းတို့အတွက် အောက်မေ့ ဖွယ်အခမ်းအနား၌ ဦးဝင်းထိန် က ထိုသို့ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ရဲချုပ်ဇော်ဝင်းတို့က ဇန်န၀ါရီ ၂၅ ရက်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ဦးကိုနီကိုလုပ်ကြံမှုသည် လူငယ်သဘာဝပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်ဖြစ်သည်ဟု ပြောကြားခြင်းအပေါ် ဦးဝင်းထိန်က တုံ့ပြန်ပြောကြားသည်။

‘‘လူငယ်ဆိုတာတော့ ဝေလာဝေး၊ လူငယ်လည်း မဟုတ်ဘူး။ ကောင်းကောင်း ဝေဖန်ဆုံးဖြတ် နိုင်တဲ့ လူကြီးတွေကနေပြီးတော့ ကောင်းကောင်းအကြံအဖန်လုပ် ပြီးတော့မှ လုပ်ကြံတဲ့ပွဲ၊ သူတို့ဟာ လုံးဝလွဲတယ်။ ပြည်သူလူထုက မျှော်လင့်တာကတစ်မျိုး၊ သူတို့ ပြောတာတစ်မျိုးဆိုတော့ ဒီသတင်းစာရှင်းလင်းပွဲဟာ ပြဿနာကို ယပ်ခတ်ပြီးတော့၊ မီးလောင်ရာ ယပ်ခတ်ပြီးတော့ လုပ်တယ်လို့ အန်ကယ်ယူဆတယ်’’ဟု ဦးဝင်း ထိန်ကဆိုသည်။ ထို့အပြင် အဆိုပါ ရှင်းလင်းပွဲသည် သဘာဝမကျ၍ ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြရမည်ဟု ဦးဝင်းထိန်က ပြောသည်။

ဦးကိုနီ၏ သမီးဒေါက်တာယဉ်နွယ်ခိုင်ကလည်း တာဝန်ရှိသူ များ၏ ထပ်မံထုတ်ပြန်မှုများကို စောင့်ကြည့်မည်ဖြစ်ကြောင်း ပြောသည်။ ‘‘အဆုံးသတ်ပြီးမှ ကျေ နပ်တယ်၊ မကျေနပ်ဘူးပြောပါ မယ်။ နောက်ဆုံးအပြီးသတ် ရုံး တင်ပြီဆိုရင်တော့ မိသားစုတိုင် ပင်ပြီး ပြောပါမယ်’’ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးနှင့် ရဲ ချုပ်တို့၏ ပြောကြားမှုအပေါ် ဦးနေ၀င်း၏ဇနီး မစုသက်ခိုင်ကလည်း စိတ်မကောင်းကြောင်း ပြောသည်။ ‘‘တာဝန်ရှိသူတွေ ရှင်းလင်းပွဲမှာ ပြောတဲ့စကားတွေကြောင့် တော်တော်မျှော်လင့်ချက်မဲ့သွားတယ်။ အစ်မတို့က အဓိကတရားခံကို ဖမ်းမိစေချင်တယ်။ တရားခံကိုလည်း သိချင်တယ်။ ဒါမှလည်း တရားမျှတမှုရှိမယ်လို့ ထင်တယ်’’ဟု ၎င်းကဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်း ဦးနေ၀င်းကွယ်လွန်သည်မှာ ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် တစ် လပြည့်ပြီဖြစ်သည်။



7Day News Journal

No comments:

Post a Comment