Latest News

Monday, February 6, 2017

နယ်စပ်ကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးရန် ဒေါ်နယ်ထရန့် တောင်းဆို

နယ်စပ်ကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးရန် ဒေါ်နယ်ထရန့် တောင်းဆို

အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဒုက္ခသည်ဝင်ရောက်မှုကို တားမြစ်ပိတ်ပင်သည့် ၎င်း၏ အထူးအမိန့်အား ဖက်ဒရယ်တရားသူကြီးတစ်ဦးက တားဆီးခဲ့ပြီးနောက် သမ္မတထရန့်က အမေရိကန်သို့ ၀င်လာသူများကို ဂရုတစိုက်စောင့်ကြည့် စစ်ဆေးရန် နယ်စပ်အရာရှိများအား ပြောကြားထားသည်ဟု ဆိုသည်။


ထရန့်၏ အထူးအမိန့်ကို ဖက်ဒရယ်တရားသူကြီး ဂျိမ်းရောဘတ်က ပြီးခဲ့သည့် သောကြာနေ့တွင် တားဆီးခဲ့ခြင်းဖြစ်သည်။

တရားရုံးများသည် လုပ်ငန်းစဉ်ကို ပိုမိုခက်ခဲအောင် ပြုလုပ်နေသည်ဟု ထရန့်က ပြောကြားပြီး တစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင် ၎င်းတို့ အပြစ်တင်ခံသင့်သည်ဟု ပြောကြားသည်။

‘‘ကျွန်တော်တို့ တိုင်းပြည်ထဲကို ၀င်လာနေတဲ့သူတွေကို သေချာဂရုတစိုက် စောင့်ကြည့်စစ်ဆေးဖို့ အမိမြေလုံခြုံရေးဌာနကို ကျွန်တော် ညွှန်ကြားထားပါတယ်။ တရားသူကြီးတစ်ယောက်က ကျွန်တော်တို့ တိုင်းပြည်ကို ဒီလိုမျိုး ဘေးတွေ့စေလိမ့်မယ်ဆိုတာ မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် သူနဲ့ တရားရေးစနစ်ကို အပြစ်တင်ရပါလိမ့်မယ်’’ ဟု ထရန့်က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

တိုင်းပြည်၏ တရားစီရင်ရေးနှင့် ပတ်သက်၍ ထရန့်၏ မှတ်ချက်များကို ဒီမိုကရက်ပါတီနှင့် ၎င်း၏ ရီပက်ဘလေကန်ပါတီမှ အမတ်အချို့က ဝေဖန်ခဲ့သည်။

ဖက်ဒရယ်တရားသူကြီး ဂျိမ်းစ်ရောဘတ်က တားဆီးခဲ့သော အထူးအမိန့်ကို ပြန်လည်အတည်ပြုပေးရေး ထရန့်အစိုးရ၏ တောင်းဆိုမှုကို ဖက်ဒရယ်အယူခံ တရားရုံးက ဖေဖော်ဝါရီ ၄ ရက်တွင် ပယ်ချခဲ့သည်။

မွတ်စလင်အများစု နေထိုင်ရာ ခုနစ်နိုင်ငံရှိ ပြည်သူများကို အဓိကဆိုးကျိုးသက်ရောက်စေခဲ့သော ထရန့်၏ အထူးအမိန့်ကို ဖက်ဒရယ်တရားသူကြီး ဂျိမ်းစ်ရောဘတ်က တားမြစ်ခြင်းကြောင့် ညွှန်ကြားချက် ဆိုင်းငံ့ခံထားရပြီး အလုံးစုံကြားနာစစ်ဆေးမှု မတိုင် မီ အီရတ်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့မှ ဗီဇာကိုင်ဆောင်သူများအနေဖြင့် အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရမည်ဖြစ်သည်။

—Ref: BBC

===========

7Day News Journal


No comments:

Post a Comment