Latest News

Saturday, February 11, 2017

ဒေါ်အောင်ဆန်းစုကြည်နေရာ ဘယ်သူဆက်ခံမလဲ

ဒေါ်အောင်ဆန်းစုကြည်နေရာ ဘယ်သူဆက်ခံမလဲ

မန္တလေးမြို့တွင် လုပ်သော နိုင်ငံရေးစကားဝိုင်း တစ်ခုတွင် ပရိသတ်ထဲမှ ကျွန်တော့်ကို မေးခွန်းတစ်ခု မေးသည်။ မေးခွန်းကို ကြားသောအခါ ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် အနားယူသွားလျှင် သူ့နေရာ ဘယ်သူဆက်ခံမလဲ’

မေးခွန်းက အမေးကောင်း၊ မေးသင့်မေးထိုက်သော မေးခွန်း။ တိုင်းပြည်သည် ဒေါ်အောင်ဆန်းစုကြည်ပေါ် တရားလွန် မှီခိုနေရသည်။  ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၊ မြန်မာပြည်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေသည်။ ကိစ္စအားလုံးသည် ဒေါ်အောင်ဆန်းစုကြည် မျက်နှာပြမှ၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ဖြတ်မှ ပြတ်သလို ဖြစ်နေသည်။ ဝန်ကြီးဌာနများစွာ၊ ကော်မတီ များစွာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ ဝန်ကြီးနေရာ ယူထားသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သည်။ ပုလင်းလည်ပင်း Bottleneck ကဲ့သို့ပင် ဆုံးဖြတ်ချက် များစွာသည် သူ့ကိုဖြတ်ပြီးမှ ထွက်ရသည်။ အသက်အရွယ်လည်း မငယ်တော့။

အမေးကို သုံးမျိုးဖြေကြည့်ပါမည်။

အဖြေ ၁။ မသိပါ။ တိုတိုတုတ်တုတ်ဖြေခြင်း ဖြစ်သလို တကယ်လည်း မသိပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သိ မသိလည်း ကျွန်တော် မသိပါ။

ပါတီဆိုလျှင် ပါတီ၊ အစိုးရအဖွဲ့ဆိုလျှင် အစိုးရအဖွဲ့၊ လွှတ်တော်ဆိုလျှင်လည်း လွှတ်တော်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာခွဲဝေ ပေးထားသော လွှဲအပ်ထားသူများ ရှိပါသည်။ သို့သော် ထိုပုဂ္ဂိုလ်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အသက်မတိမ်းမယိမ်းများသာ များပြီး ကျန်းမာရေးအရလည်း ဒေါ်အောင်ဆန်းစုကြည်ကပင် ပိုကောင်းပုံရသည်။ ငယ်သောသူများမှာလည်း အတွင်းစည်းထဲ သိပ်မရောက်သေးဟု မြင်ရသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ရွေးကောက်ပွဲမတိုင်မီ အနားယူလျှင်မူ သူ့ပါတီက နေရာအများစု ရထားသဖြင့် ရွေးပါလိမ့်မည်။ နောက် ရွေးကောက်ပွဲတွင်မူ အခြေအနေ မည်သို့ဖြစ်မည်မှန်း မသိသေးပါ။

အဖြေ ၂။ သူ့အလိုလို ဖြစ်သွားမည်။

မရှိမဖြစ်သောသူဟူ၍ မရှိပါ။ သေမင်းခေါ်လျှင် လိုက်ပါသွားရသည်ချည်း။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များ ကျဆုံးသည့်အခါ ဦးနုက ဦးဆောင်ပြီး သူ့တာဝန်များကို ဆက်ယူကြသည်။ ဗိုလ်ချုပ်သာ ‘အကယ်၍’ မသေခဲ့လျှင် နိုင်ငံပိုကောင်းသွားနိုင်သည် ဟူသော မှန်းဆချက်များ ဖြစ်သော်လည်း ယင်းတို့မှာ မှန်းဆချက်များ ဖြစ်သည်။ ဗိုလ်ချုပ်သည် လွန်ခဲ့သော နှစ် ၇၀ က ဆုံးပါးသွားပြီ။ သမိုင်းတွင် ‘အကယ်၍’ ‘if’ ဆိုသော စကားလုံးသည် ဒေါသသင့်သည်။ ဗိုလ်ချုပ်ရှိလျှင် ပိုကောင်းသလို၊ ပိုဆိုးသွားနိုင်သည်။ သို့မဟုတ် မတိမ်းမယိမ်းသာ ဖြစ်မည်။ မည်သူမျှ မပြောနိုင်ပါ။

အဖြေ၊ ၃။ ဘယ်သူဆက်ခံဆက်ခံ အရေးမကြီး။ နောက်တစ်နည်း ပြောရလျှင် institutions များက ဆက်ခံပါမည်။ အဘယ်ကြောင့်နည်း။ နှစ်ချက်ရှိသည်။

(က) ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်းလက်ထောက်များ အကြားတွင် ကွာဟမှု ကြီးစွာရှိသည်။ အရည်အချင်းကို အကဲခတ်ရခက်လျှင်ပင် ပြည်တွင်းပြည်ပ ဂုဏ်သတင်း ကျော်စောခြင်း၊ လူအများ၏ ထောက်ခံမှုကို ရယူနိုင်ခြင်းတို့တွင် ကွာဟမှုကြီးသည်။ ဒုတိယခေါင်းဆောင် ရှိလျှင်ပင် Distant Second၊ ခပ်လှမ်းလှမ်းမှ ဒုတိယဟုသာ ပြောရမည်။

ယှဉ်ပြရလျှင်၊ လီကွမ်ယုတို့ စင်ကာပူ တည်ထောင်ခဲ့သော အဖွဲ့တွင်မူ လီကွမ်ယုသည် ထိပ်ဆုံးခေါင်းဆောင် ဖြစ်သော်လည်း တန်းတူရည်တူ Peers များထဲမှ ခေါင်းတစ်လုံးသာသူ ‘first among equals’ ဖြစ်သည်ကို မြင်ရသည်။ Goh Ken Swe၊ S. Rajaratnam၊ Toh Chin Chye တို့သည် လီကွမ်ယုနှင့် တန်းတူအရည်အချင်း ရှိသူများ ဖြစ်ရာ လီကွမ်ယုက နိုင်ငံရေးပိုင်း ဦးဆောင်ပြီး ကျန်သူများက သူ့နယ်ပယ်နှင့်သူ ပိုင်နိုင်စွာ စင်ကာပူကို တွန်းတင်သွားနိုင်သည်။ Goh Ken Swe ဆိုလျှင် စီးပွားရေးပညာရပ်တွင် လီကွမ်ယု၏ ဆရာပင် ဖြစ်ခဲ့သေးသည်။

အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံမျိုးတွင်လည်း သမ္မတထက် သူ့ဝန်ကြီး အဖွဲ့ဝင်အချို့က အရည်အချင်း ပိုရှိသည်၊ နာမည်ပိုကြီးသည်မျိုးကို မကြာခဏ တွေ့ရတတ်သည်။ ယင်းသို့ အရည်အချင်းပြည့် လက်ထောက်များ ရှိသော နိုင်ငံမျိုးတွင် အရိုက်အရာ ဆက်ခံခြင်းသည် ချောမွေ့တတ်သည်။

(ခ) Charismatic Leader မျိုးကို လူပုဂ္ဂိုလ်ဖြင့် အစားထိုးမရနိုင်၊ Institutions များကိုသာ အားကိုးရမည်။ Institutions များ ခိုင်မာအောင် တည်ဆောက်ထားလျှင် မည်သူဆက်ခံသည် ဖြစ်စေ တိုင်းပြည်ကို မယိမ်းမယိုင် ရှေ့ဆက်သွားအောင် Institutions များက ပဲ့ကိုင်လိမ့်မည်။ Institutions ဆိုသည်မှာ အဖွဲ့အစည်းများကို လည်းကောင်း၊ အစဉ်အလာ ထုံးတမ်းယဉ်ကျေးမှုများကို လည်းကောင်း ခြုံငုံသော ဝေါဟာရ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် Institutions များ ခိုင်မာတောင့်တင်းသည့်အတွက် မည်သည့်သမ္မတ တက်တက် နိုင်ငံရှေ့ဆက်သည်ဟု ဆိုကြသည်။ ခပ်ညံ့ညံ့ သမ္မတ တက်အုပ်ချုပ်လျှင်ပင် မလဲမပြို ခံနိုင်ရည် ရှိသည်။ နောက်သမ္မတတက်လျှင် နိုင်ငံသည် ပြန်ခုန်ထလာသည်ဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်အရ အစားထိုးရန် မဖြစ်နိုင်။ မြန်မာနိုင်ငံသည် ပုဂ္ဂိုလ်ခင်မှုကဲသော ယဉ်ကျေးမှု ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ညှို့အားပြင်းခေါင်းဆောင် ဖြစ်သည်။ Charismatic Leader/Charismatic Leadership သည် ပုဂ္ဂိုလ်ကို ဗဟိုပြုသည်။ ထိုခေါင်းဆောင်မျိုး နေရာတွင် အစားထိုးလျှင် လူပုဂ္ဂိုလ်အားဖြင့် အစားထိုးမရ။ သူ့ကိုမီမည် မဟုတ်။ မီလျှင်ပင် မီသည်ထင်မည် မဟုတ်။ မည်သူဆက်ခံသည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကို မမီဟုသာ တွက်ကြမည် ဖြစ်သည်။ ထိုအခါ ဆက်ခံသူအပေါ် ဖိအားများစွာ ကျရောက်မည် ဖြစ်သည်။

ခိုင်မာသော Institutions များဖြင့်သာ ဒေါ်အောင်ဆန်းစုကြည်ကို အစားထိုးနိုင်မည်။ Democratic Institution များ၊ Economic institutions များကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်မှသာ ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလကို အဖြေရှာနိုင်မည်။

မြန်မာ့ Institutions

နောက်တစ်ချက်။ သို့ဆိုလျှင် မြန်မာ့ Institutions များ အခြေအနေ မည်သို့ရှိပါသလဲ။

မြန်မာနိုင်ငံတွင် ခေတ်မီ Institutions များသည် ဥမမည် စာမမြောက်သာ ရှိသေးသည်။ ဒီမိုကရက်တစ် ယဉ်ကျေးမှုကိုပြောပြော၊ ဝန်ကြီးဌာနများကို ကြည့်ကြည့် ထူးမခြားနား။ ခက်ခက်ခဲခဲ တည်ဆောက်နေရဆဲသာ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံကို စိတ်ချလက်ချ ထားခဲ့ချင်သည် ဆိုလျှင် Institution များကို တည်ဆောက်ခြင်းမှတစ်ပါး ရွေးစရာမရှိ။ နောက်တစ်ချက်မှာ Institution များက တည်ဆောက်ရန် လူပုဂ္ဂိုလ် လိုအပ်ချက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းဖြင့် မဖြစ်နိုင်ပါ။ အရည်အချင်းမြင့်သူ၊ နိုင်ငံချစ်သူများကို သူ့နေရာနှင့် သူချထား right people in right places နိုင်မှသာ ယင်းတို့ ပါဝင်နေသော Institution တည်ဆောက်ရေး ရှေ့ရောက်ပေမည်။ wrong people in wrong places ‘နေရာလွဲလူလွဲ’ ဖြင့်မူ Institution များ ဘယ်မှရောက်မည် မဟုတ်။

ဒေါ်အောင်ဆန်းစုကြည်နေရာကို တောင့်တင်းသော နိုင်ငံပြု Institution များကသာ ဆက်ခံနိုင်လိမ့်မည်။ ထို Institution များ ကို ဖန်တီးရန် တာဝန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ပေါ်တွင်သာ အဓိက ကျရောက်နေသည်။

Sources : ဇေယျသူ ( The Voice )

No comments:

Post a Comment