Latest News

Monday, February 6, 2017

ရေဒီယိုကမာရွတ်လေးတွေကို ပြောချင်တယ်

ရေဒီယိုကမာရွတ်လေးတွေကို ပြောချင်တယ်


 “ရေဒီယိုကမာရွတ်ရေ ကြိုးစားလိုက်စမ်းကွယ် D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့သီချင်းလေးကို ဆယ်တန်းစာမေးပွဲနီးလာတိုင်း သတိရမိတယ်ကွယ်။ အခုချိန်ဆိုရင် ရေဒီယိုကမာရွတ်လေးတွေ စာမေးပွဲကြီးအတွက် စာကျက်နေလောက်ပြီနော်။ စာကျက်တဲ့အခါမှာလည်း မြန်မြန်အလွတ်ရပြီး ကြာကြာမှတ်မိစေမယ့် နည်းလမ်းကောင်းတွေကို ရေဒီယိုကမာရွတ်လေးတွေအတွက် လမ်းညွှန်ပေးလိုက်တယ်။

၁။ စိတ်မပျံ့လွင့်စေနဲ့။

ရေဒီယိုကမာရွတ်လေးရေ . . ၊ စိတ်ပျံ့လွင့်နေရင်တော့ ဘယ်လိုပဲ အသံဝင်အောင် ကျက်ကျက်၊ စာရမှာ မဟုတ်ဖူး။ အဲဒီတော့ စာကျက်မယ်ဆိုရင် တခြားအာရုံတွေကို စိတ်ထဲကနေ မောင်းထုတ်လိုက်ပါ။ ရည်းစားကိစ္စ၊ မိသားစုကိစ္စ၊ ငွေကြေးကိစ္စတွေ ဝင်မလာစေနဲ့နော်။ ငါ ဒီစာကို ရမှဖြစ်မယ်ဆိုပြီးတော့ သန္နိဌာန်ချထားလိုက်ပါ ရေဒီယိုကမာရွတ်လေးရေ။

၂။ သေချာပြင်ဆင်ပါ။

တချို့တွေက စာကျက်ရင် အဖွဲ့နဲ့မှ ကျက်တတ်တယ်၊ တချို့ကတော့ တစ်ယောက်တည်းကျက်မှ စာရတယ်။ အဲဒီတော့ ကိုယ့်အတွက် သက်တောင့်သက်သာရှိမယ့် နေရမျိုးမှာ အဆင်ပြေသလိုသာ ကျက်ပါကွယ်။  စာကျက်တော့မယ်ဆိုရင် အစာကို တအားမစားနဲ့၊ ဗိုက်ကယ်နေလို့ အိပ်ငိုက်နေတတ်တယ်။ အပူအစပ်တွေလည်း အများကြီးမစားနဲ့၊ ဗိုက်နာပြီး စာမကျက်နိုင်ဖြစ်နေမယ်။ နောက်တစ်ချက်က စာကျက်မယ်ဆိုရင် ဦးနှောက်ကြည်သွားအောင် ရေနွေးကြမ်းများများသောက်ပါ ရေဒီယိုကမာရွတ်လေးရေ။

၃။ မှတ်စုထုတ်ထားပါ။ (အသံသွင်းထားပါ)

စာသင်ခန်းထဲမှာ ဆရာစာသင်တုန်း မှတ်စုရေးထားမယ်ဆိုရင် စာကျက်တဲ့အခါမှာ အသုံးဝင်တယ်ကွဲ့။ ဒီခေတ်ကြီးထဲမှာ စမတ်ဖုန်းတွေကလည်း ပေါနေပြီဆိုတော့ ဆရာ့အသံကို Recording သွင်းထားရင် အဆင်ပြေတာပေါ့ ရေဒီယိုကမာရွတ်လေးရယ်။ စာကျက်နေတဲ့အခါမှာ အသံဖိုင်လေးကို ပြန်နားထောင်လိုက်ရင် စာမြန်မြန်ရလွယ်တာပေါ့ကွယ်။

၎။ အလွတ်ချရေးပါ။

စာမကျက်ခင်မှာ ကျက်မယ့်ခေါင်းစဉ်တွေကို ချရေးဖို့ လိုမယ်နော်။ ချရေးထားလိုက်ရင် ကျက်ရမယ့်စာနဲ့ ပိုပြီးတော့ ရင်းနှီးတာပေါ့။ စာကျက်ပြီးရင်လည်း ကျက်ပြီးသား စာတွေအားလုံးကို ချရေးထားလိုက်ပါ။ ပြီးတော့မှ ပုံနှိပ်စာအုပ်နဲ့ မှန်၊ မမှန် ပြန်စစ်လေ။ အလွတ်ချရေးတဲ့ အကျင့်က ဇီဝဗေဒလို ကျက်စာများတဲ့ဘာသာအတွက်တော့ ကိုက်ညီပါတယ် ရေဒီယိုကမာရွတ်လေးရယ်။

၅။ အသစ်ပြန်ကျက် အဟောင်းပြန်ဖတ်ပါ။

တစ်ခါတစ်လေကျရင် စာအသစ်တွေ ကျက်လိုက်ရင် ကျက်ပြီးသားစာတွေက မေ့ကုန်တတ်တယ်။ “အသစ်ကျက် အဟောင်းမေ့ နောက်ပြန်လှန်ကြည့် ဘာမှမသိ” ဖြစ်ကုန်ရင် ပင်ပန်းသမျှ အလကားပဲနော်။ အဲဒီတော့ စာအသစ်ကျက်တော့မယ်ဆိုရင် နေ့တိုင်းပဲ ကျက်ထားသမျှ စာတွေကို တစ်ခေါက်ပြန်နွှေးလိုက်ပါ ရေဒီယိုကမာရွတ်လေးရေ။ ကဲ . . . ဒီလောက်ဆိုရင် စာမေးပွဲကြီးမှာ ပူစရာမလိုတော့ပါဘူးလို့ ထင်မိပါတယ်ကွယ်။ အားလုံးကံကောင်းကြပါစေ။

ကျော်စိုးအောင် (Myanmar Knowledge Bank)

No comments:

Post a Comment