တာဝန်ယူမှု၊ ရိုင်းပင်းသွေးစည်း သတ္တိရှိမှုနဲ့ နေရမယ်ဆိုတာ ပြခဲ့တဲ့ ဦးကိုနီ
ဆရာဦးကိုနီ လုပ်ကြံခံရတယ်ကြားတော့ စိတ်ထိခိုက် တုန်လှုပ်မိပါတယ်။ ဒီလ ၁၁ ရက်နေ့ ကပဲ ဆရာဦးတင်အေး စီစဉ်ပေးလို့ ဆရာဦးကိုနီ အပါအ၀င် ပါမောက္ခဆရာကြီးတွေ၊ ပညာရှင်ကြီး တွေနဲ့ ညစာ စားရင်း နာရီပေါင်းများစွာ စကားတွေ တ၀ ပြောဖြစ်ခဲ့ပါသေးတယ်။
ကျွန်တော်တို့ လူ့ အဖွဲ့ စည်းမှာ မလုံခြုံမှုတွေ တင်းကျမ်းပြည့်နေတဲ့ အကြောင်း စကားစပ်မိကြတော့ ဆရာဦးကိုနီက တရားဥပဒေ စိုးမိုးရေးကို (သီအိုရီ သဘောတရား ကိန်းကြီးခန်းကြီး တွေ မပါဘဲ) ရှေ့နေ ချုပ်၊ ပြည်ထဲရေးနဲ့ တရားရေး အဆက်အစပ်တွေကို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကနေ ရိုးရှင်း အားပါစွာနဲ့  ရှင်းပြခဲ့တာ ခုထိ နားစွဲနေဆဲပါ။ ကျွန်တော်ကတော့ ”ဆရာရယ် freedom from fear လို့  ရင်ကော့ရမယ့် အစား fear of freedom အခြေ ဆိုက်နေပြီ ထင်ပါတယ်” လို့ ပြောတော့ သူက ရယ်ပါတယ်။
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူရင်း အချင်းချင်း စကားပြောဖြစ်ရင် အပြောအဆို ဆင်ခြင်ပါ၊ လူမှုကွန်ရက်မှာ ဟိုရေး ဒီရေး မရေးပါနဲ့၊ အနေအထိုင် အသွားအလာ ဆင်ခြင်ပါ၊ ပုံမှန် ရှိအပ်တဲ့ သတိအဆင်အခြင်ထက် ကျော်ပြီး ဂရုဓမ္မထားပါ၊ ကြောက်စရာ ကောင်း တယ်၊ ထောင်တန်းက စလို့  အသက်အထိ အန္တရာယ်ရှိတယ်လို့  သတိပေးနေကြတာပါ။ တကယ်တော့ တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်တွေကို ကိုယ်သတိနဲ့ကိုယ် ကန့်သတ်ဖို့ နှိုးဆော်နေ ကြတာပါပဲ။
လွတ်လပ်ခွင့်ဆိုတာ တာဝန်ယူမှုနဲ့ တွဲနေတာပါ။ နိုင်ငံရေး စနစ်တွေမှာတော့ အပြန်အလှန် တာဝန်ယူမှုကို တရားဥပဒေစိုးမိုးမှုနဲ့  အာမခံချက်ပြုရတာပါ။ လွတ်လပ်ခွင့်ကို လိုင်စင်လို ယူပြီး တာဝန်မဲ့ ကျင့်ကြံသူတွေကြောင့် တစ်ဖက်သားနဲ့ လူအများ မထိခိုက်ရအောင် တရားဥပဒေစိုးမိုးမှုနဲ့  ထိန်းကျောင်းရတာပါ။ ဒါပေမဲ့ တရားဥပဒေ စိုးမိုးမှု အလွန်အမင်း အား နည်းနေရင်ပဲ ဖြစ်ဖြစ်၊ ကင်းမဲ့တဲ့ အခြေဆိုက်နေရင်ပဲ ဖြစ်ဖြစ် ကိုယ်ပိုင် ကိုယ့်လွတ်လပ်ခွင့်ကို ကျင့်သုံးပြောဆို နေထိုင်ရတာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်လာပါတယ်။ တောရိုင်းဥပဒေ စိုးမိုးပြီး လေးခေတ် မြားခေတ်မှာတော့ အားကြီးသူသာ အသက်ရှင်တဲ့ အခြေအနေ ဖြစ်သွားတတ်တာကိုး။ ဒီလို အခြေအနေမှာ လွတ်လပ်စွာ ဖော် ထုတ်တာတို့ ၊ နေထိုင် သွားလာတာတို့ဟာ အန္တရာယ် ဖြစ်လာတတ်ပါတယ်။
လူ့ အဖွဲ့ အစည်းနဲ့ တရားဥပဒေရဲ့ အကာအကွယ် မရတော့ရင် လွတ်လွတ်လပ်လပ် (ယုံကြည်သလို) ပြောဆို သွားလာ နေထိုင်မိတဲ့ အတွက် ကိုယ့်တာဝန်ကိုယ်ပဲ ယူရတော့မယ် ဆိုတာဟာ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးပါပဲ။ စိတ်ဓာတ်အားကြီးသူ တချို့ကလွဲလို့  သူသူ ငါငါ လူတကာ အတွက်ကတော့ ဒါဟာ ကြောက်စရာ ကောင်းလွန်းလှပါတယ်။
ဒါကြောင့် ကိုယ်လွတ်ရုန်းဖို့  ထွက်ပေါက် ရှာတတ်ကြပါတယ်။ ဒါပေမဲ့လည်း လူ့ အဖွဲ့အစည်းဝင်တိုင်း အောင်အောင်မြင်မြင် ကိုယ်လွတ်ရုန်းနိုင်ဖို့  ဆိုတာကတော့ မလွယ်နိုင်ဘူးပေါ့။ ဒီတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကျင့်သုံးမယ့်အစား ကိုယ့်ကိုယ်စား တာဝန်ခံ စဉ်းစားပေးမယ့်သူ၊ ထုတ်ဖော်ပြောပေးမယ့်သူ၊ လုပ်ဆောင်ပေးမယ့် သူကို ရှာပြီး ပုံအပ်ချင်လာတာ၊ နိုင်ငံရေး စစ်ရေး စီးပွားရေး ဘာသာရေးစတဲ့ အာဏာပိုင်စိုးသူတွေကို မျက်စိမှိတ် အားကိုးလာတာဟာ (လွတ်လပ်ခွင့် ကို ကြောက်လာသူတွေမှာ) အတွေ့ရများတဲ့ ဖြေရှင်းနည်းပါပဲ။
ငယ်ငယ်က စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ဖူးတဲ့ လူမှုစိတ်ပညာရှင် Erich Fromm က လွတ်လပ်ခွင့်ကို ကြောက်လာတဲ့ fear of freedom အခါမှာ လူဟာ အားကိုးရှာတယ်။ ပုံအပ်ကျိုးနွံ ခွေယိုင်ကျလာတယ်၊ ဒါဟာ အာဏာရှင်ဝါဒ ထွန်းကားဖို့ အတွက် တွန်းအားပါပဲလို့  ဆိုဖူးပါတယ်။ ၆၆ (ဃ) ကနေစလို့  ဆရာဦးကိုနီ လုပ်ကြံခံရတဲ့အထိ တရားဥပဒေစိုးမိုး မှု မေးခွန်းထုတ်စရာ ဖြစ်နေတာဟာ လူ့အဖွဲ့အစည်းမှာ အကြောက် တရားနဲ့  ခြောက်ခြားနေအောင် တမင်ကြံရွယ် ရော့သလား လို့ တွေး စရာ ဖြစ်လာပါတယ်။ ဆရာဦးကိုနီရဲ့နာရေးကို ထောင်နဲ့ ချီ တက်ကြတဲ့ လူများစုကိုတွေ့တော့ သွေးစည်းညီညွတ်တဲ့ သတ္တိကို အားရမိပါတယ်။ တစ်ချိန်တည်းမှာ ဒီအင်အားကို အရှည်သဖြင့် ဆက်ထိန်း၊ တည်တံ့အောင် ဘယ်လိုလုပ်ကြမလဲ၊ လှုပ်ရှားမှုလား၊ အသင်းအပင်းလား၊ ဥပဒေစတဲ့ အင်စတီကျူးရှင်း လား၊ အားလုံး ဆက်စပ်ပြီးတော့လား၊ လားပေါင်းများစွာ စဉ်းစားစရာ ဖြစ်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာရေ - သွားနှင့်ပါ။ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်ကျင့်သုံး ပြောဆို နေထိုင်ရတာဟာ ကြောက်စရာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးက ပြည်သူ့ဘ၀ လုံခြုံရေးကို တာဝန်မယူတော့တဲ့ အခါ လူတွေရဲ့ ကိုယ့်တာဝန်ကိုယ် ယူရဲတဲ့စိတ်၊ အချင်းချင်း ရိုင်းပင်းသွေးစည်းတဲ့ သတ္တိနဲ့ပဲ လူ့ အဖွဲ့ အစည်း ရှေ့ဆက်လျှောက် ရမယ်ဆိုတာ ဆရာ့နေခြင်း နဲ့ သေခြင်းက ဆရာသက်သေပြခဲ့ပြီးပါပြီ။ သွားနှင့်ပါ ဆရာ။ ကောင်းရာ သုဂတိလားပါစေ။
( ဦးမင်းဇင်မှာ ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူဖြစ်ပြီး မဟာဗျူဟာနှင့် မူဝါဒဆိုင် ရာ လေ့လာမှုအဖွဲ့ ISP ၏ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည် )
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment