Latest News

Thursday, February 9, 2017

သမ္မတများကပြောသောမြန်မာ့နိုင်ငံရေး

သမ္မတများကပြောသောမြန်မာ့နိုင်ငံရေး

သရ၀ဏ်(ပြည်)

      မကြာသေးမီ နိုဝင်ဘာလ (၈)ရက်က  အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကျင်းပရာ အနိုင်ရသူ ဒေါ်နယ်ထရန့် သည် အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက်သမ္မတဖြစ်လာပါသည် ။ ၄၄ ဦးမြောက်သမ္မတ ဖြစ်သော ဘားရက်အိုဘားမား ကား အိမ်ဖြူတော်ကို လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ပါသည် ။ အမေရိကန်ပြည်ထောင်စု၌ ပထမဆုံးသမ္မတဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန်အမွေထားရစ်ခဲ့သော သမ္မတစနစ်သည် စစ်တပ်မှအာဏာသိမ်းခြင်း ၊ စစ်ဖြစ်ခြင်း၊ တော်လှန်ရေးဖြစ်ခြင်းစသည့် မည်သည့်အကြောင်းနှင့်မျှ မင်းဆက် (သမ္မတဆက်) ပြတ်သွားသည်မရှိပဲ ၁၇၈၉ မှစတင်တည်ထောင်ခဲ့သော သမ္မတစနစ်သည် ယခု ၂၀၁၇ အထိ ၂၂၈ နှစ်တာကာလကိုအောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည် ။ထို့ကြောင့်အမေရိကန်ပြည်ထောင်စုသည် နိုင်ငံသက်တမ်းငယ်ပင်ငယ်သော်ငြား ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းနေခြင်းဖြစ်သည် ။ မြန်မာနိုင်ငံသည် သရေခေတ္တရာ ၊ ဗိဿနိုး ၊ တကောင်း၊ ပုဂံ စသည်ဖြင့် နိုင်ငံ့သက်တမ်းရှည်လျားခဲ့သော်လည်း ပြည်သူလူထုကတင်မြှောက်သော သမ္မတစနစ်ဖြင့် အုပ်ချုပ်ခြင်းမှာမူ ၁၉၄၈ မှစတင်နိုင်ခဲ့သည် ။ သို့ သော် မြန်မာနိုင်ငံ၏သမ္မတမင်းများသည် ၁၉၄၈ မှစကာ ယခုအချိန်အထိ အပြတ်အတောက်မရှိပဲ တောက်လျှောက် တည်တန့် လာနိုင်ခဲ့ခြင်းကားမဟုတ်ပေ ။ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ မှ ယခုဤစာကိုရေးချိန် ၂၀၁၇ ခုနှစ်အထိ သက်တမ်း ၆၉ နှစ်ရှိသော်လည်း သမ္မတများအုပ်ချုပ်သွားသည်မှာ ၁၉၄၈ ဇန်န၀ါရီ ၄ ရက်မှ ၁၉၅၈ ခုနှစ်အိမ်စောင့်အစိုးရတက်သည်အထိ ၊ ထို့ နောက် ၁၉၆၀ မှ ၁၉၆၂ အထိ သန့်ရှင်းဖဆပလအစိုးရလက်ထက်၊ တဖန် ၁၉၇၄ မှ ၁၉၈၈ အထိတကြိမ်ဦးနေ၀င်း မ.ဆ.လ အစိုးရလက်ထက်  ၊ ၂၀၁၀ မှ ယခုခေတ်အထိ ၊ စုစုပေါင်း သမ္မတအုပ်ချုပ်မှုသက်တမ်း ၃၃ နှစ်သာရှိသေးသောနိုင်ငံဖြစ်သည် ။ လွတ်လပ်ရေးရပြီး ၆၉ နှစ်အတွင်း သမ္မတအုပ်ချုပ်မှု ၃၃ နှစ်သာရှိခဲ့ပြီး ကျန် ၃၆ နှစ်ကား စစ်အစိုးရအုပ်ချုပ်မှုနှင့်တွေ့ ကြုံခဲ့ရသဖြင့် လွတ်လပ်ရေးရပြီးသော်လည်း မြန်မာနိုင်ငံသည် အစစ်အမှန်လွတ်လပ်ခဲ့သည့်ကာလနည်းပါးကြောင်းသမ္မတများ၏သက်တမ်းကပြဆိုနေပါသည် ။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ခဲ့သော သမ္မတများကို အမှတ်စဉ်ထိုးကြည့်လျှင် သမ္မတစာရင်းကိုရှေ့နောက်အစဉ်အားဖြင့်အောက်ပါအတိုင်းတွေ့ ရမည်ဖြစ်သည် ။

၁။ သမ္မတကြီးစ၀်ရွှေသိုက်

၁၉၄၈ ဇန်န၀ါရီလ (၄) ရက်နံနက် ၄နာရီ ၂၀ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ရာ ဘုရင်ခံဆာဟူးဘတ်ရန့် စ် ထံမှအာဏာလွဲပြောင်းလက်ခံရသူမှာ သမ္မတကြီးစ၀်ရွှေသိုက်ဖြစ်သည် ။၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏သမ္မတရာထူးကိုတိုင်းရင်းသားများထဲမှ အလှည့်ကျရယူရန်ပြဌာန်းထားသည့်အတိုင်း ရှမ်းတိုင်းရင်းသားဖြစ်သူ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ကို ပထမဆုံး သမ္မတကြီးအဖြစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်သည် ။ သို့ သော် ကမ္ဘာ့ဒီမိုကရေစီစနစ်တွင် ပါလီမန်ဒီမိုကရေစီစနစ်( Parliamentary Executive ) နှင့် သမ္မတဒီမိုကရေစီစနစ် ( Presidential Executive ) ဟူ၍ရှိသည် ။ အလွယ်ပြောရလျှင် ၀န်ကြီးချုပ်အုပ်ချုပ်သောစနစ်နှင့် သမ္မတအုပ်ချုပ်သောစနစ်ဖြစ်သည် ။ ၀န်ကြီးချုပ်အုပ်ချုပ်သောစနစ် (ဥပမာအိန္ဒိယ ၊ လွတ်လပ်ရေးရကာစမြန်မာပြည် ) တွင် သမ္မတသည် နိုင်ငံတော်အကြီးအဲဟူသောအဆောင်အယောင်မျှသာဖြစ်သည် ။ တကယ်တမ်းအာဏာရှိသည်ကား တိုင်းပြည်ကိုအုပ်ချုပ်စီမံခန့် ခွဲသည်ကား ၀န်ကြီးချုပ်ဖြစ်သည် ။ သမ္မတကြီးစ၀်ရွှေသိုက်လက်ထက်တွင်လည်း မြန်မာနိုင်ငံသည်ပါလီမန်ဒီမိုကရေစီစနစ် ဖြင့် အုပ်ချုပ်သည်ဖြစ်ရာ သမ္မတမှာ အဆောင်အယောင်ဟန်ပြသဘောမျိုးလောက်လာဖြစ်သည် ။သမ္မတ၏အလုပ်မှာ နိုင်ငံတကာသံတမန်ခန့် အပ်လွှာများကိုလက်ခံခြင်း ၊ အခမ်းအနားများတက်ရောက်ခြင်း ၊ သေဒဏ်ကျအကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုဆုံးဖြတ်ပေးခြင်း စသည်တို့သာဖြစ်သည် ။ ထိုခေတ်ကတကယ်အာဏာရှိသည်မှာ သမ္မတမဟုတ်ပဲ ၀န်ကြီးချုပ်သခင်နု သာဖြစ်သည် ။ ရွေးကောက်ပွဲတွင်အမတ်နေရာအများစု(ထက်ဝက်ကျော်) အနိုင်ရသောနိုင်ငံရေးပါတီက သူတို့၏ပါတီခေါင်းဆောင်ကို ၀န်ကြီးချုပ်နေရာတင်မြှောက်ခွင့်ရှိသည် ။ ထိုဝန်ကြီးချုပ်က ပါလီမန်နှင့်ညှိနှိုင်းပြီး သမ္မတကိုရွေးချယ်သဖြင့် ၀န်ကြီးချုပ်အာဏာမှာ ပို၍ကြီးမားသည် ။ သမ္မတသည် Head of the State နိုင်ငံတော်အကြီးအကဲဟူသောသဘောဖြင့် ဟန်ပြလောက်သာရှိသည် ။ ထိုခေတ်တွင် စ၀်ရွှေသိုက် သမ္မတတက်လုပ်ရခြင်းဖြစ်သည် ။ မည်သို့ ပင်၇ှိစေ သမ္မတကြီးစ၀်ရွှေသိုက်သည် ၁၉၄၈ ဇန်န၀ါရီ (၄)ရက်နေ့ မှ ၁၉၅၂ မတ်လ (၁၆)ရက်နေ့ အထိ မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတတာဝန်ကိုကြေပြွန်စွာထမ်းဆောင်ခဲ့ပါသည် ။သူသည် ၁၈၉၆ တွင်မွေးဖွားပြီး ၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းစဉ်သမ္မတဟောင်းကိုပါဖမ်းဆီးထိမ်းသိမ်းခဲ့ ပြီး ထောင်ထဲမှာကွယ်လွန်သည်။  
 
၂။ ဒေါက်တာဘဦး

ရှမ်းပြီးသော် ဗမာအလှည့်ရောက်လာ၏ ။ ဗမာလူမျိုးဖြစ်သောဒေါက်တာဘဦးကို မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတအဖြစ်ရွေးချယ်လိုက်ကြသည် ။ ဒေါက်တာဘဦးကားဆေးကုသောဒေါက်တာမဟုတ် ။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ ဥပဒေ ဒေါက်တာဘွဲ့ ရလာသော ပညာတတ်ပုဂ္ဂိုလ်တဦးဖြစ်သည် ။ဒေါက်တာဘဦးလည်း စ၀်ရွှေသိုက်လိုပင် အဆောင်အယောင်အနေဖြင့်နေရသောသမ္မဖြစ်သည် ။ လုပ်ပိုင်ခွင့်ကားများများစားစားရှိလှသည်မဟုတ် ။ထို့ ကြောင့် သမ္မတအဖြစ်မှအနားယူလိုက်သောအခါ သမ္မတလုပ်ခဲ့သဖြင့် တောင်ရှည်ပုဆိုးဝတ်ခြင်း၊ ခေါင်းပေါင်းပေါင်းခြင်း၊ မြင်းစီးခြင်းတို့ ကို ကျွမ်းကျွမ်းကျင်ကျင်တတ်ကျွမ်းခဲ့သည် ဟု ပြောခဲ့သူဖြစ်သည် ။ သူသည် ၁၉၅၂ မှ ၁၉၅၇ အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သည် ။ ဒေါက်တာဘဦး သမ္မတလုပ်ရသောကာလသည် တိုင်းပြည်တွင် ပြည်တွင်းစစ်မီးကြီးတောက်လောင်နေသောကာလ ၊ရောင်စုံသူပုန်များထကြွသောင်းကျန်းနေသောကာလဖြစ်သည် ။

၃။ မန်းဝင်းမောင်

ဗမာပြီးသော်ကရင်အလှည့်သို့ ရောက်လာ၏ ။ မြန်မာနိုင်ငံ၏တတိယမြောက်သမ္မတမှာ ကရင်လူမျိုး ဦးဝင်းမောင်(ခေါ်)မန်းဝင်းမောင်ဖြစ်လာသည် ။ မန်းဝင်းမောင်သည် ရန်ကုန်တက္ကသိုလ် (ဂျပ်ဆင်ကောလိပ်)မှဘွဲ့ရပညာတတ်တဦးဖြစ်သည် ။သူသည်လွတ်လပ်ရေးတိုက်ပွဲ မှာလည်းပါသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာလည်းပါသည် ။ကရင်-ဗမာ စည်းလုံးညီညွတ်အောင်ဆောင်ရွက်ခဲ့ရာတွင်လည်း ပါခဲ့သောကရင်ခေါင်းဆောင်တယောက်ဖြစ်သည် ။၁၉၅၇ မတ်လ (၁၃)ရက်နေ့တွင် မန်းဝင်းမောင်သမ္မတာဝန်စတင်ထမ်းဆောင်သည် ။ ၁၉၆၂ ခုမတ်လ (၂) ရက်နေ့ တွင် ဗိုလ်ချုပ်နေ၀င်းက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သောအခါတွင် ထိမ်းသိမ်းခံရသည် ။ ထောင်ထဲတွင် ငါးနှစ်ထိမ်းသိမ်းခံရပြီး ပြန်လွတ်လာကာ ၁၉၈၉ တွင်ကွယ်လွန်၏ ။ ဦးနေ၀င်းစစ်အာဏာသိမ်းလိုက်ခြင်းကြောင့် သမ္မတစ၀်ရွှေသိုက်နှင့်စခဲ့သော ပါလီမန်ဒီမိုကရေစီစနစ်မှာ သမ္မတ မန်းဝင်းမောင်လက်ထက်တွင်ဝန်ကြီးချုပ်ဦးနုနှင့်အတူနိဂုံးချုပ်သွားကာ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်ခဲ့ရလေ၏ ။ ထိုစနစ်အောက်တွင် သမ္မတဟူ၍မရှိတော့ပဲ ၁၉၇၄ ခုနှစ်အထိ ၁၂ နှစ်ကြာမြင့်ခဲ့ပေ၏ ။

၎။ ဦးနေ၀င်း

ဦးနေ၀င်းသည် သူဏာသိမ်းပြီးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့သော ၁၉၄၇  ဖွဲ့ စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပစ်လိုက်သည်။ ပါလီမန်(လွှတ်တော်)လည်းမရှိ ။သမ္မတလည်းမရှိ ၊ ၀န်ကြီးချုပ်လည်းမရှိသောစနစ်ဖြင့် ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက် ၊ငါ့လှေငါထိုးပဲခူးရောက်ရောက်အုပ်ချုပ်ခဲ့သူမှာ ဗိုလ်ချုပ်ကြီးနေ၀င်းဖြစ်သည် ။ ဘာဥပဒေမှမရှိပဲအုပ်ချုပ်ရတာသူ့ အတွက် ပို၍အဆင်ပြေသည် ထင်ရာလုပ်၍ရသည် ။ ထို့ ကြောင့်အခြေခံဥပဒေမရှိပဲ တိုင်းပြည်ချောက်ထဲကျကာနီး၍ကယ်တင်သလိုလို ၊ ဆိုရှယ်လစ်စနစ်ကိုထူထောင်သလိုလို ဘာလိုလိုဖြင့် တော်လှန်ရေးကောင်စီဆိုတာကိုလူကြားကောင်းအောင်ထူထောင်ပြီး ၁၂ နှစ်တိတိ အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်လေသည် ။ နောက်တော့ အမြဲတမ်းအာဏာသိမ်းအစိုးရလုပ်နေရတာ နိုင်ငံတကာတွင်မျက်နှာပန်းမလှသဖြင့် အခြေခံဥပဒေတရပ်ကိုသူ့ စိတ်ကြိုက်ရေးဆွဲပြီး ပြိုင်ဘက်မရှိအောင် အခြားနိုင်ငံရေးပါတီများအားလုံးကို ဖျက်သိမ်းခိုင်းပြီး တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည် ။ ထို ၁၉၇၄ အခြေခဲဥပဒေအရ ဗိုလ်ချုပ်နေ၀င်းသည် ဦးနေ၀င်းကိုအာဏာလွှဲပေးသဖြင့် ဦးနေ၀င်းသည် ၁၉၇၄ မတ်လ (၂)ရက်နေ့ တွင် မြန်မာနိုင်ငံ၏ လေးယောက်မြောက် သမ္မတရာထူးကိုရယူခဲ့ပါသည် ။ ဤတကြိမ်သမ္မတရာထူးကတော့ ထူးခြားသည် ယခင်နိုင်ငံရေးစနစ်တွင် သမ္မတသည် ဟန်ပြဖြစ်သည် ။တကယ်အာဏာရှိသူမှာ ၀န်ကြီးချုပ်ဖြစ်သည် ။ ယခု ၁၉၇၄ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပါလီမန်ဒီမိုကရေစီလည်းမဟုတ် ၊ သမ္မတကိုလူထုကရွေးချယ်အုပ်ချုပ်သောဒီမိုကရေစီလည်းမဟုတ်ပဲ ဦးနေ၀င်းသည် ဟိုလိုလိုသည်လိုလိုစနစ်တခုကိုတီထွင်သည် ။နိုင်ငံကိုဦးဆောင်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုသော တခုတည်းသောပါတီကိုထူထောင်သည် ။ ထိုပါတီကိုသူပဲကြိုးကိုင်သည် ။ သူပဲသမ္မတတက်လုပ်သည် ။ တကယ်တော့ သမ္မပဲဖြစ်စေ ၊ပါတီဥက္ကဌပဲဖြစ်စေ ၊ တကယ်အာဏာရှိသူမှာ ဦးနေ၀င်းဖြစ်သည် ။ ဦးနေ၀င်းသည် နိုင်ငံရေးအပြိုင်အဆိုင်မရှိသောခေတ်ကြီးတွင် သမ္မတရာထူးကို အရှည်ကြာဆုံးအဖြစ် ၆ နှစ်ဆုပ်ကိုင်ကာ ၁၉၈၁ တွင် သမ္မတအဖြစ်မှနုတ်ထွက်ကာ ပါတီဥက္ကဌအဖြစ်တမျိုးပြောင်းကာအာဏာအကွက်ရွှေ့ ခဲ့သူဖြစ်သည် ။ ပြည်သူ့ ဆန္ဒမပါပဲ တက်လာသောသမ္မတဖြစ်သဖြင့် တိုင်းသူပြည်သားများ နှင့်တသားတည်းမဖြစ်ခဲ့သော သမ္မတတဦးဖြစ်သည် ။ဦးနေ၀င်းသည် အိမ်စောင့်အစိုးရအဖြစ် ၂ နစ် ၊ တော်လှန်ရေးကောင်စီ ဥက္ကအဖြစ် ၁၂ နှစ် ၊ သမ္မတအဖြစ် ၇ နှစ် အာဏာကိုလှည့်ပါတ်ဆုပ်ကိုင်ထားပြီး မ.ဆ.လ ပါတီဥက္ကအဖြစ် ၁၉၈၁ မှ ၁၉၈၈ ခုနှစ်အထိ (၇) နှစ် စုစုပေါင်း ၂၈ နှစ်အာဏာကို ရယူသွားခဲ့သူတဦးဖြစ်သည် ။

၅။ ဦးစန်းယု  

မြန်မာ့သမိုင်း၌ ဦးစန်းယုသည် ငါးဦးမြောက်သမ္မတ ဖြစ်သည် ။ ဦးနေ၀င်းလက်ထက်တွင် သမ္မတရာထူးသည် မြန်မာနိုင်င့တွင် အထွတ်အထိပ်ဖြစ်သော်လည်း သူဆင်းသွား၍ ဦးစန်းယုကိုသမ္မတနေရာပေးလိုက်သောအခါ ဦးစန်းယုသည် နိုင်ငံ၏အရေးအပါဆုံးပုဂ္ဂိုလ်မဟုတ်တော့ပြန်ပေ ။ ဦးနေ၀င်းသာအာဏာကိုဆက်လက်ချုပ်ကိုင်ထားပေသည် ။ ဦးနေ၀င်းသည် တပါတီအာဏာရှင်စနစ်၏အရေးအပါဆုံးဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီး၏ဥက္ကအဖြစ်တိုင်းပြည်နှင့်စစ်တပ်ကိုဆက်လက်ချုပ်ကိုင်ထားပေသည် ။ ဦးနေ၀င်းကျင့်သုံးသော နိုင်ငံရေးမှာ သစ္စာခံနိုင်ငံရေးဖြစ်သည် ။ သူ့ ကိုသစ္စာခံသော (၀ါ )သူစိတ်ချယုံကြည်ရသောတပည့်များကိုနေရာပေး၊ရာထူးပေးကာ သူကနောက်ကွယ်မှ နေကာအုပ်ချုပ်သောပုံစံဖြစ်သည် ။ထို့ ကြောင့်သမ္မတကြီးဦးစန်းယုလက်ထက်တွင် သမ္မတတဦးနေဖြင့်ပြောင်မြောက်သော ဆောင်ရွက်ချက်များ ဘာမှမလုပ်ဆောင်နိုင်ခဲ့ချေ ။ဦးနေ၀င်းအရိပ်ကသူ့ အပေါ်မိုးနေလေသည် ။သံအမတ်ခန့် အပ်လွှာလက်ခံခြင်း၊ ညစာစားပွဲတက်ရောက်ခြင်းတို့လောက်နှင့်သာ ပြီးခဲ့ရလေ၏ ။ ပဉ္စမမြောက်မြန်မာ့သမ္မတဦးစန်းယုသည် ၁၉၈၁ ခုမှ ၁၉၈၈ ကျောင်းသားအရေးအခင်းများကြီးမားနေဆဲ ဇူလိုင်လ (၂၅)ရက်နေ့ အထိ သမ္မတအဖြစ်ဆောင်ရွက်ခဲ့လေသည် ။

၆။ ဦးအေးကို

သမ္မတဦးစန်းယုရာထူးမှဆင်းသွားးရခြင်းမှာ အာဏာကိုမလိုခင်တော့သောကြောင့် သူ့ ဘာသာအေးအေးလူလူဆင်းသွားခြင်းမဟုတ် ။ ၁၉၈၈ အရေးအခင်းကြီးတနိုင်ငံလုံးတွင်ကြီးထွားလာပြီး ၀န်ထမ်းအားလုံးပူးပေါင်းပါဝင်သပိတ်မှောက်ကြသောကြောင့်အစိုးရယန္တယားရပ်တန့် သွားသောကြောင့် ဟန်ပြအနေနှင့်နိုင်ငံရေးအပြောင်းအလဲပြုလုပ်ရန် ဦးစန်းယုရာထူးမှဆင်းပေးလိုက်ခြင်းဖြစ်သည် ။ သမ္မတဦးစန်းယုရာထူးမှနုတ်ထွက်သွားသောအခါ လစ်လပ်နေသော နိုင်ငံတော်သမ္မတတာဝန်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအထွေထွေအတွင်းရေးမှူး၊နိုင်ငံတော်ကောင်စီဒုတိယဥက္ကဌ ၊ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအေးကို က ၁၉၈၈ ဇူလိုင် ၂၅ ၊ ၂၆ ၊ ၂၇ သုံးရက်တိတိ ယာယီသမ္မတတာဝန်ယူခဲ့သဖြင့် ဦးအေးကိုသည် မြန်မာနိုင်ငံ၏ ဆဌမမြောက်သမ္မတအဖြစ် သုံးရက်တိတိအုပ်ချုပ်သွားခဲ့ပါသည် ။ အချို့ကလည်းသူ့ ကိုသမ္မတစာရင်းတွင်ထည့်မတွက်ကြ ။ ဘာပဲဖြစ်ဖြစ် တရားဝင် ခန့် အပ်ခဲ့ခြင်းဖြစ်၍ သူလည်း သမ္မပင်ဖြစ်သည် ။ မြန်မာ့သမိုင်းတွင်ဖောင်ကားစားမောင်မောင် ခုနစ်ရက်မင်းဖြစ်ဖူးသလို ဦးအေးကိုသည်လည်း ကမ္ဘာ့သက်တမ်းအတိုဆုံး သမ္မအဖြစ် မြန်မာနိုင်ငံကို သုံးရက်အုပ်ချုပ်ခဲ့ဖူးလေသည် ။

၇။ ဦးစိန်လွင်

မြန်မာနိုင်ငံတွင် ၈၈ အရေးတော်ပုံကြီးအင်နှင့်အားနှင့် တနိုင်ငံလုံးဆင်နွှဲကာ မ.ဆ.လ ပါတီနှင့်အာဏာရှင်ဦးနေ၀င်းကိုမလိုလားကြောင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန်လမ်းပေါ်ထွက်ဆန္ဒပြနေချိန်တွင် ဦးစိန်လွင်သည် မြန်မာပြည်၏ သတ္တမမြောက်သမ္မတအဖြစ်လည်းကောင်း ဦးနေ၀င်းမျိုးဆက်၏ ၄ဆက်မြောက်သမ္မတအဖြစ်လည်းကောင်း ၁၉၈၈ ဇူလိုင်လ ၂၇ ရက်နေ့ တွင်  ဖုတ်ပူမီးတိုက်ရာထူးဆက်ခံရခြင်းဖြစ်သည် ။ ထိုအချိန်တွင် ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုအားအကောင်းဆုံးအခြေအနေကိုရောက်နေကြပြီဖြစ်သည် ။အစိုးရယန္တယားလည်းရပ်ဆိုင်းသွားပြီး တနိုင်ငံလုံးလမ်းမများပေါ်ဆန္ဒပြလူအုပ်ကြီးများဖြင့် ပြည့်နှက်ကာ တပါတီအာဏာရှင်စနစ်ကို အလိုမရှိကြောင်း၊ဒီမိုကရေစီလိုလားသော ကြားဖြတ်အစိုးရဖွဲ့စည်းပေးဖို့ လူတွေက တောင်းဆိုနေကြချိန်ဖြစ်သည်။ ထိုအချိန်တွင် ဦးစိန်လွင်သမ္မတဖြစ်လာခြင်းသည် တိုင်းသူပြည်သားဆန္ဒအရဖြစ်လာခြင်းမဟုတ်ပဲ ၊ဆရာကြီးဦးနေ၀င်း၏ နိုင်ငံရေး ကစားကွက်အရပေါ်ပေါက်လာရခြင်းဖြစ်သည် ။ဦးစိန်လွင်သမ္မတဖြစ်လာသည်နှင့် တိုင်းပြည်၏နေရာအတော်များများကို စစ်အုပ်ချုပ်ရေးကြေငြာကာခပ်ကြမ်းကြမ်းပစ်ခတ်ကိုင်တွယ်တော့သည် ။ လူတွေကလည်း လမ်းပေါ်ထွက်ကာ

“စိန်လွင်ခြောက်တန်း
တဇောက်ကန်း
သောက်ရမ်းအုပ်ချုပ်တိုင်းပြည်ပြုတ်  “

ဟုကြွေးကြော်သံတွေဟစ်ကြွေးကြသည် ။ဆက်လက်ဆန္ဒပြကြသည် ။ အကြမ်းဖက်နှိမ်နင်းသဖြင့် လူတွေသေကြသည် ။နိုင်ငံတကာသတင်းစာများက သမ္မတဦးစိန်လွင်ကို ရန်ကုန်မြို့မှသားသတ်သမား ( Butcher from Rangoon ) ဟုသတင်းစာများတွင်ရေးသားဖော်ပြကြသည်။မြန်မာ့နိုင်ငံရေးသည် ဦးစိန်လွင်လက်ထက်တွင် ပို၍ဆိုးရွားလာ၏ ။

၈။ ဒေါက်တာမောင်မောင်

အကြမ်းသမား ဦးစိန်လွင်နှင့်အလုပ်မဖြစ်သောအခါ ဦးနေ၀င်းသည် ကစားကွက်ပြောင်းသည့်အနေဖြင့် လေအေးလေးနှင့်စကားပြောတတ်သော UK နိုင်ငံ ၊ဟော်လန်နိုင်ငံ ၊ အမေရိကန်နိုင်ငံယေးလ်တက္ကသိုလ် တို့ မှဥပဒေပညာလေ့လာခဲ့သူ ပညာတတ် ဒေါက်တာမောင်မောင်အား သမ္မအဖြစ်တင်မြောက်ခြင်းဖြင့်မြန်မာ့နိုင်ငံရေးဇာတ်ခံတွင် ဒေါက်တာမောင်မောင်သည် အဌမမြောက်သမ္မတ (မဆလပါတီ၏ ငါးယောက်မြောက်သမ္မတ) အဖြစ်ပေါ်ထွန်းလာသည် ။ ဒေါက်တောမောင်မောင်သည် သမ္မတအဖြစ်တက်လာလာချင်း တပြည်လုံးရှိစစ်အုပ်ချုပ်ရေးအမိန့်များကိုရုပ်သိမ်းလိုက်သည် ။ လေအေးလေးဖြင့် တိုင်းပြည်သို့ အသံလွှင့်မိန်းခွန်းပြောကာ ဆူပူဆန္ဒပြမှုတွေရပ်ကြဖို့  ၊၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုနိုင်သော ကြားဖြတ်အစိုးရတောင်းဆိုမှုကို ရပ်ကြဖို့  ၊ အထူးအမိန့် အနေနှင့် တပါတီစနစ်ကိုဖျက်သိမ်းပြီးပါတီစုံပါဝင်သောရွေးကောက်ပွဲကို ခြောက်လအတွင်းကျင်းပပေးမည် ၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုပြန်လည်တည်ဆောက်ပေးမည် စသည်ဖြင့် တိုင်းပြည်ကို အနုနည်းဖြင့်ထိမ်းသိမ်းဖို့ ကြိုးစားခဲ့ပါသည် ။ သို့ သော်လူတွေသည် ဦးနေ၀င်းကိုမယုံကြသဖြင့် ဒေါက်တာမောင်မောင်ကိုလည်းမယုံကြတော့ပါ ။ ဒေါက်တာမောင်မောင်အဆိုပြုခဲ့သော ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးလမ်းစဉ်လည်းအရေးအခင်းကာလခေါင်းဆောင်များကလက်မခံပါယ်ချလိုက်သဖြင့် မအောင်မြင်ခဲ့ပါ ။အကယ်၍သာဒေါက်တာမောင်မောင်ကမ်းလှမ်းခဲ့သော ရွေးကောက်ပွဲကျင်းပရေးအဆိုကိုသာ သပိတ်မှောက်ခေါင်းဆောင်များနှင့်ပြည်သူလူထုကလက်ခံပူးပေါင်းခဲ့လျှင် န.၀.တ ၊န.အ.ဖ စစ်အစိုးရများပေါ်လာတော့မည်မဟုတ်ပဲ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု သည်ပိုမိုမြန်ဆန်လာနိုင်ခဲ့ကောင်းသည် ဟု ယခုအခါသမိုင်းကိုပြန်လည်သုံးသပ်ကြသူများလည်းရှိပါသည်။ ဘာပဲဖြစ်ဖြစ်ဒေါက်တာမောင်မောင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှတင်မြှောက်လိုက်သောသမ္မတငါးဦးအနက် တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးရုပ်သိမ်းကာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို  အတတ်နိုင်ဆုံးကျိုးပန်းခဲ့သည့် သမ္မတတဦးအဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည် ။ ဦးနေ၀င်ူကိုမုန်းကြခြင်း၊မ.ဆ.လပါတီကိုအယုံအကြည်မရှိကြတော့ခြင်း ၊နိုင်ငံရေးအသိအမြင်နည်းပါးခဲ့ကြခြင်း၊ အရေးအခင်းကြောင့်သွေးဆူနေကြခြင်း တို့ နှင့် တိုင်းပြည်ကံကြမ္မာကြောင့် လူတို့ က ဒေါက်တာမောင်မောင်ကို ခါးခါးသီးသီးတုန့် ပြန်ခဲ့ကြခြင်းဖြစ်သည် ။ဒေါက်တာမောင်မောင်သည် ရက် ၃၀ သာအုပ်ချုပ်ခွင့်ရခဲ့ပြီး ၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့ စစ်အာဏာသိမ်းရာတွင်ရာထူးမှ နိဂုံးချုပ်ခဲ့ပါသည် ။

၉။ ဦးသိန်းစိန်

ဒေါက်တာမောင်မောင်ပြုတ်ကျသွားပြီး စစ်အစိုးရတက်လာပြန်သဖြင့် မြန်မာနိုင်ငံတွင် သမ္မတမျိုးဆက်ပြတ်ခဲ့ရပြန်သည် ။ထိုစဉ်က နိုင်ငံတော်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့  ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ၊ နောက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ မှဥက္ကအဖြစ်အုပ်ချုပ်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိ ၊ နိုင်ငံတော်သမ္မတဟူသောရာထူးလဲမရှိတော့ပါ ။ ဥက္ကဌ ၊ဒုဥက္ကဌ ၊အတွင်းရေးမှူး (၁) ၊(၂) ၊(၃) ဆိုသည်များပဲရှိပါသည် ။ ထိုရာထူးများအာက်တွင်မှ ၀န်ကြီးချုပ်ရာထူးကိုတီထွင်ထားရာ တိုင်းပြည်ကိုဘာစနစ်နင့်အုပ်ချုပ်နေမှန်းပင်ရေရေရာရာမရှိချေ ။ထိုသို့ ဝန်ကြီးချုပ်လိုလို ၊ အတွင်းရေးမှူး (၁) လိုလို ၊ ဥက္ကဌလိုလို စနစ်မှ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးသိန်းစိန်သမ္မတဖြစ်လာပါသည် ။ လွတ်လပ်ရေးရချိန်မှစရေတွက်လျှင် ကိုဆက်မြောက် (န၀မမြောက်)နိုင်ငံတော်သမ္မတဖြစ်ပါသည် ။ ဦးသိန်းစိန်ကိုခန့် သူမှာ ပြည်ထောင်စုလွှတ်တော်ကဖြစ်ပါသည် ။ ပြည်သူလူထုကတိုက်ရိုက်မဲပေးရွေးချယ်ခဲ့ခြင်းတော့မဟုတ်ပါ ။ ဦးသိန်းစိန်သမ္မတဖြစ်လာသောအချိန်သည် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ စစ်တပိုင်းအရပ်သားတပိုင်းအစိုးရ ( Hybrid Democracy ) စနစ်ပေါ်ပေါက်လာခြင်းဖြစ်သည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်အကြီးအကဲအခန်း ပုဒ်မ ၅၈ အရ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တ၀ှန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် “ဟုဖော်ပြထားသည် ။သို့ သော် သမ္မတဦးသိန်းစိန်သည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးသုံးဦးကို သူ့ စိတ်ကြိုက်ရွေးချယ်ခန့် အပ်ပိုင်ခွင့်မရှိချေ ။တပ်မတော်၏ကိစ္စအရပ်ရပ်ကို သမ္မသည်ဝင်ရောက်စီမံခန့် ခွဲပိုင်ခွင့်မရှိပေ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသမ္မသည်စိတ်ကြိုက်ရွေးချယ်ခန့် ထားနိုင်ခွင့်မရှိပေ ။ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဝင် ၁၂ ဦးတွင် သမ္မတလူမှာ ၅ ယောက်ထက်မပိုနိုင်ချေ ။အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ယခင်နိုင်ငံတော်အာကီးအကဲများကိုလက်ဖျားနှင့်မှတို့ခွင့်မရှိပေ ။ ထိုအခြေအနေအောက်တွင်သမ္မတဦးသိန်းစိန် သမ္မတ တက်လုပ်ရခြင်းဖြစ်သည် ။၂၀၀၈ အခြေခံဥပဒေအရတက်လုပ်ရသောသမ္မတရာထူးမှာ ၁၉၄၇ အခြေခံဥပဒေအရ ၀န်ကြီးချုပ်စနစ်တွင်လုပ်ရသောသမ္မတများလို တောင်ရှည်ဝတ်ခြင်း။ခေါင်းပေါင်းပေါင်းခြင်း၊မြင်းစီးခြင်း၊သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းတို့ ထက် အနည်းငယ်တော့သာသည့်သဘောရှိသည် ။ သို့ သော် အမေ၇ိကန် ၊တောင်ကိုရီးယား စသောနိုင်ငံများမှတင်ပြည့်ကျပ်ပြည့်လုပ်ခွင့်ရထားသောသမ္မတများလိုတော့မဟုတ်ပဲ တပ်မတော်နှင့်ပါတ်သက်လာလျှင် သမ္မတမှာ ဒုတိယနေရာသို့ေ၇ာက်လျက် ကာကွယ်ရေးဦးစီးချုပ်ကလုပ်ပိုင်ခွင့်ပိုရနေဆဲဖြစ်သည် ။

၁၀။ ဦးထင်ကျော်

ထိုအခြေအနေအောက်တွင် NLD မှတင်မြှောက်လိုက်သောသမ္မတကြီးဦးထင်ကျော်သည် ဆယ်ယောက်မြောက်သမ္မတအဖြစ်မြန်မာ့သမိုင်းတွင်မှတ်တမ်းထိုးခြင်းခံရသည်။ သို့ သော်သူသည်လည်း သမ္မတဦးသိန်းစိန်လိုပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသောကြိုးများဖြင့်တုတ်နှောင်ခံထားရသည် ။ ပြီးခဲ့သောသမ္မတကိုးဆက်တွင် အာဏာရှင်ဦးနေ၀င်းမှတပါး တကယ်အာဏာရှိသော သမ္မတရှားပါးခဲ့သည်ဖြစ်ရာ သမ္မတဦးထင်ကျော်လက်ထက်တွင် တကယ်အာဏာနှင့်လုပ်ပိုင်ခွင့်အပြည့်ရှိသော အနာဂါတ်သမ္မတများပေါ်ထွန်းလာဖို့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုမည်မျှအထိပြင်ဆင်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်နိုင်မည်ဆိုသည့်အချက်ဖြင့် သမိုင်း၏အဆုံးအဖြတ်ကို ခံရတော့မည်ဖြစ်ပါသည် ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၀.၂.၂၀၁၇

No comments:

Post a Comment