Latest News

Saturday, February 4, 2017

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ လုပ်ကြံသူကို ဖမ်းဆီးရင်း သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းတို့အတွက် ရက်လည်ဆွမ်းသွပ်နဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒီနေ့ ရန်ကုန်မြို့မှာ စုပေါင်းကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ၄၁ လမ်း နဲ့ ၄၂ လမ်းကြား ကားပါကင်နေရာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့နဲ့ ဆုတောင်းပြီး စတုဒီသာ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ အခမ်းအနား ကျင်းပရေးမှာ ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဦးထွန်းကြည် က ပြောပါတယ်။

"သူတို့နှစ်ယောက်လုံးက သူရဲကောင်းအဖြစ်ကျဆုံးခဲ့တာလေ၊ ဘာသာထုံးတမ်းအစဉ်အလာအရ ရွတ်ဖတ် မေတ္တာပို့ ဆုတောင်းတဲ့အခမ်းအနားကို ဒီမနက် ၁၀ နာရီ ၄၁ လမ်းနဲ့ ၄၂ လမ်းကြား ကားပါကင်နေရာမှာ စည်စည်ကားကား မိသားစုတွေနဲ့အတူ ကျင်းပခဲ့တယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိချိန်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခံရပြီး လုပ်ကြံသူကို ကူညီဖမ်းဆီးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ဒီနေ့ဟာ သူတို့နှစ်ဦးရဲ့ ရက်လည်နေ့ဖြစ်ပြီး သက်ဆိုင်ရာမိသားစုဝင်တွေရဲ့နေအိမ်မှာ ရက်လည်ဆွမ်းသွပ်သလို ဦးကိုနီနဲ့ ဦးနေ၀င်းကို ထောက်ခံကြသူတွေစုပေါင်းပြီး အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - ဦးထွန်းကြည်

(ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ ၄၁ လမ်း နဲ့ ၄၂ လမ်းကြား ကားပါကင်နေရာမှာ ကျင်းပစဉ်)

No comments:

Post a Comment