Latest News

Wednesday, February 15, 2017

ဧရာဝတီ ဆားတောင်သူများ လုပ်သားရှားပါးခြင်း၊ သွင်းအားစုငွေကြေး မလုံလောက်ခြင်းများကြောင့် အခက်အခဲများနှင့် ကြုံတွေ့

ဧရာဝတီ ဆားတောင်သူများ လုပ်သားရှားပါးခြင်း၊ သွင်းအားစုငွေကြေး မလုံလောက်ခြင်းများကြောင့် အခက်အခဲများနှင့် ကြုံတွေ့


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆားလုပ်ငန်းခွင်များတွင် လုပ်သားများရှားပါးခြင်း၊ သွင်းအားစုငွေကြေး ထောက်ပံ့မှုများ မလုံလောက်ခြင်းများကြောင့် ဆားတောင်သူများ အခက်ခဲများနှင့် ကြုံတွေ့နေရပြီး ယခုနှစ် ဆားရာသီတွင် ဆားလုပ်ငန်းလုပ်ကိုင်သူ ဆားတောင်သူများ ပိုမိုနည်းပါးလာလျက်ရှိကြောင်း သတင်းရရှိသည်။

နေလှန်းဆား လုပ်ငန်းခွင်များတွင် လုပ်သားငှားရမ်းခဈေးနှုန်းများ မြင့်မားလာလျက်ရှိသော်လည်း လိုအပ်လုပ်သား အရေအတွက်အား ရှာဖွေရန် အခက်ခဲများ ကြုံတွေ့နေရကြောင်း၊ နည်းပညာလိုအပ်ချက်များကြောင့် လူအင်အားဖြင့် လုပ်ကိုင်နေရသည့် ဆားလုပ်ငန်းခွင်များတွင် လုပ်သားများမှာ လာရောက်လုပ်ကိုင်လိုသူ နည်းပါးပြီး လိုအပ်သည့် လုပ်သားများ မရရှိခြင်းကြောင့် ဆားကွင်းရှိသမျှ လုပ်ငန်းမလုပ်ကိုင်နိုင်သည့် တောင်သူများလည်းရှိနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်သူများအား အစိုးရမှ ထောက်ပံ့ကြေးငွေများ၊ ချေးငွေများ ချထားပေးမှု မရှိသောကြောင့် သွင်းအားစုငွေကြေးများ လိုအပ်ချက်များပြားနေပြီး ယခုနှစ်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူများမှာ ယခင်နှစ်များ၏ သုံးပုံတစ်ပုံအထိ ကျဆင်းလာခဲ့ရကြောင်း၊ ဆားကြမ်းဈေးနှုန်းများမှာလည်း ဆားကြမ်းများထွက်ရှိချိန်တွင် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

“အခုက ဆားကြမ်းတစ်ပိဿာကို ခြောက်ဆယ်ကျပ်၊ ဒီဈေးနှုန်းက သွင်းအားစုဖိုးကျေတာပဲ ရှိသေးတယ်၊ ဒါပေမဲ့ အခုချိန် ဈေးသာရှိနေတာ ဆားကမထွက်ကြသေးဘူး။ ဆားထွက်လာတဲ့အခါကျလို့ ဈေးကျရင် တောင်သူတွေ ရှုံးပြီ။ နောက်တစ်ခု အရင်းအနှီးကလည်း အစိုးရလုံးဝ ထောက်ပံ့မပေးဘူး။ နိုင်ငံအတွက် တိကျအခွန်အခတွေပေး သွင်းထားပေမယ့် ထောက်ပံ့မှုတွေကမရဘူးလေ၊ လုပ်သားကလည်း အရမ်းရှားတယ်။ ဒီနှစ်မှာ ဆားလုပ်တဲ့ သူတွေပိုနည်းသွားတယ်၊ နောက်ပိုင်းမှာ ဆားတောင်သူဆိုတာ တော်တော်ရှားလာတော့မယ်” ဟု လပွတ္တာဆား တိုက်နယ်မှ ဆားတောင်သူတစ်ဦးဖြစ်သူ ဦးသိန်းဇော်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဆားရာသီအချိန်ထိ ဆားထုတ်လုပ်သည့် တိုက်နယ် ၁၁ ခုရှိပြီး ဆားတောင်သူပေါင်း ၃၆၀ ကျော်၊ ဆားလယ်ဧကပေါင်း ၁၅၁၇၂ ဒသမ ၂၉ ဧကရှိကာ ၂၀၁၄ ခုနှစ် ဆားရာသီတွင် ဆားမက်ထရစ် တန်ချိန်ပေါင်း ၈၀၉၉၂ ဒသမ ၈ တန်ကို ထုတ်လုပ်နိုင်ခဲ့ပြီး ဆားကြမ်းဈေးနှုန်းများ နှစ်စဉ်ကျဆင်းမှုကြောင့် နေလှန်းဆားလုပ်ငန်း လုပ်ကိုင်လိုသည့် တောင်သူများမှာ နှစ်စဉ်နည်းပါးလာလျက်ရှိကြောင်း သိရသည်။

Writer:
မင်းသူဝင်းထွဋ်

=============

Eleven Media Group

No comments:

Post a Comment