နွေးထွေး သောနားလည်မ
ှု
မိန်းမဖြစ်သူက မီးဖိုထဲ ထမင်းဟင်းချက်နေတယ်။ ယောက်ျားဖြစ်သူက ဧည့်ခန်းမှာ ကျွန်တော်နဲ့ စစ်တုရင် ကစားနေတယ်။ “ခဏဝင်လာခဲ့ပါ…” မိန်းမ လှမ်းအော်တယ်။ အသံကျယ်ပေမယ့် နွေးထွေးသိမ်မွေ့တယ်။
ယောက်ျား ချက်ချင်းထသွားတယ်။ မီးဖိုနဲ့ဧည့်ခန်းက ခြေလမ်းသုံးလေးလမ်းသာ လှမ်းရတယ်ဆိုပေမယ့် သူအပြေးလေးသွားတယ်။
မီးဖိုကထွက်လာတဲ့ ယောက်ျားရဲ့လက်ထဲမှာ ခရမ်းချဉ်သီးတစ်ခြမ်းပါလာတယ်။ ခရမ်းချဉ်သီးကို တစ်ကိုက်ကိုက်ရင်း “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ” လို့ ကျွန်တော့်ကို သူမေးတယ်။
“မင်း ခရမ်းချဉ်သီး ကြိုက်တယ်လား?”
“သိပ်မကြိုက်ဘူး..” ခရမ်းချဉ်သီး တစ်ကိုက်ကိုက်ရင်း မီးဖိုဖက်ကြည့်ပြီး သူပြန်ဖြေတယ်။
“သူဘာလို့ မင်းကို ခေါ်တာလဲ? ပြီးတော့ ဘာလို့ ခရမ်းချဉ်သီးပေးလိုက်တာလဲ”
“ငါ ကြိုက်တယ်လို့ သူထင်လို့” သူက ဆက်ပြောတယ်။
“မင်္ဂလာဆောင်စက ငါတို့ အရမ်းကြပ်တည်းတယ်။ ငါကလည်း မလည်မဝယ်ဆိုတော့… အိမ်မှာ ဟင်းချက်တိုင်း သူက ငါ့ပါးစပ်ထဲ ခရမ်းချဉ်သီး တစ်ဖတ် ထိုးထိုးထည့်ပေးတတ်တယ်။ အဲဒီတုန်းက ခရမ်းချဉ်သီးကို ငါကြိုက်တယ်။ ဒါပေမယ့် ခု သိပ်မကြိုက်တော့ဘူး”
“မင်းမကြိုက်ကြောင်း သူ့ကို ဘာလို့ မပြောပြတာလဲ?”
“ဘာလို့ ပြောရမှာလဲ? တကယ်လို့ သူကျွေးတဲ့ ခရမ်းချဉ်သီးကို ငါမကြိုက်မှန်း သူသိသွားရင် သူစိတ်မချမ်းသာဖြစ်မှာပေါ့”
အဲဒီ စစ်တုရင်ကစားပွဲမှာ သူနိုင်သွားတယ်။ မီးဖိုဖက် သူလှည့်ပြီး အသံကျယ်ကြီးနဲ့ “မိန်းမရေ.. ငါ နိုင်ပြီဟ.. နင်ကျွေးတဲ့ ခရမ်းချဉ်သီးကိုစားပြီး ငါ အားတွေတိုးလာတယ်။ အတွေးတွေ သွက်လာတယ်” လို့ အော်ပြောတယ်။
အချစ်က လှစ်ဟပြသဖို့လိုတယ်။ လူနှစ်ယောက် ပေါင်းသင်းတာ ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ထုတ်ဖော်ပြသမှုတွေဟာ အသေးအမွှားကိစ္စတစ်ခုလိုဖြစ်ပြီး လျစ်လျူရှူမိတတ်တယ်။
ရေနွေးတစ်ခွက်ထည့်ပေးတာ၊ စောင်ခေါက်ပေးတာ၊ နောက်ပြောင်ကျီစယ်တာကအစ အစာတစ်ခု ပါးစပ်ထဲ ခွံ့ထည့်ပေးတာကအဆုံး ဒါဟာ အချစ်ရဲ့အရိပ်အယောင်ကို လှစ်ဟပြတာဖြစ်တယ်။ ဂရုစိုက်၊ အလေးထားတာကို ထုတ်ဖော်ပြတာဖြစ်တယ်။
ရေနွေးကအပူလောင်တတ်တယ်၊ စောင်က ခေါက်စရာမလိုဘဲ ခေါက်တယ်၊ နောက်ပြောင်တဲ့စကားတွေက နည်းနည်းကြမ်းတယ်၊ အစားက စားမကောင်းဘူးဆိုပေမယ့် မငြင်းဆန်လိုက်ပါနဲ့ ….. သင်ငြင်းဆန်တာဟာ အပြုအမူတစ်ခုကို ငြင်းဆန်တာမဟုတ်ဘဲ အချစ်တစ်ခု၊ ဂရုစိုက်မှုတစ်ခုကို ငြင်းဆန်တာ ဖြစ်သွားတတ် လို့ပါပဲ။
Credit: ကနောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment