Latest News

Monday, February 6, 2017

မဆန်းကေခိုင်အား နောက်ဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ပြီးစီး

မဆန်းကေခိုင်အား နောက်ဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ပြီးစီး

အင်းဝအပ်ချုပ်ဆိုင်မိသားစုမှ ညှင်းပမ်းနှိပ်စက်မှုကြောင့် လက်ဆယ်ချောင်းလုံး ကွေးဆန့်မရအောင် ကျိုးခဲ့ရသည့် မဆန်းကေခိုင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ အထူးကုဌာနတွင် ဖေဖော်ဝါရီ ၁ ရက်၌ နောက်ဆုံးအကြိမ် ခွဲစိတ်ပြီးစီးခဲ့ကြောင်း လက်ပိုင်းဆိုင်ရာခွဲစိတ်အထူးကုဌာန ဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်က ပြောကြားသည်။

''ဆန်းကေခိုင်ကို နောက်ဆုံးအကြိမ် ခွဲစိတ်တာက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခွဲစိတ်တယ်။ အခုခွဲစိတ်တာ ကတော့ ၀ဲဘက်လက်တံတောင်ဆစ်အပြည့်မကွေးနိုင်တာရယ်၊ လူမြင်ကွင်းမှာရှိနေတဲ့ အမာရွတ်ကြီးတွေကို ဖယ်ရှားပေးဖို့အတွက် ခွဲစိတ်တာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။ မဆန်းကေခိုင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် စတင်၍ လက်ပိုင်းခွဲရာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ခွဲစိတ်မှုအား နိုဝင်ဘာ ၂၃ ရက်တွင် ၀ဲဘက်လက် လက်သန်းကြွယ်၊ လက်သန်းမှ အကြောများကို ပြန်လည်ခွဲစိတ်ရာ အောင်မြင်ခဲ့၍ တတိယအကြိမ် ထပ်မံခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။

''အခုတော့ တတိယအကြိမ် ခွဲစိတ်မှုကို နှစ်ပတ်စောင့်ကြည့်မယ်။ ပြီးရင်တော့ ပတ်တီးဖြေပြီးတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနကို လွှဲပြောင်းပေးမယ်။ ခွဲစိတ်မှုကို နှစ်ပတ်တော့ စောင့်ကြည့်ရမယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မဆန်းကေခိုင်၏ ဒုတိယအကြိမ် ခွဲစိတ်မှုအောင်မြင်ခဲ့သည့်အတွက် သူမသည် ပုံဆွဲနိုင်ခြင်း၊ ခြေလက်သန့်ရှင်းရေးများကို ပြန်လည်လုပ်ကိုင်နိုင်ခဲ့ကြောင်းနှင့် ယခုခွဲစိတ်မှုသည်လည်း အောင်မြင်ကြောင်း သိရသည်။

''သမီးဆေးရုံကဆင်းရင် စက်ချုပ်သင်မှာပါ။ စက်ချုပ်သင်ပြီးတော့ အိမ်မှာပဲ စက်ချုပ်တဲ့အလုပ်ကို လုပ်သွားမှာပါ''ဟု မဆန်းကေခိုင်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံတွင် လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ ပြီးစီးပါက လူမှုဝန်ထမ်းဦးစီးဌာနရှိ အမျိုးသမီးအသက်မွေးအတတ်သင်ကျောင်းတွင် ထားရှိသွားမည်ဖြစ် ကြောင်း၊ ဆန်းကေခိုင်အား ခွဲစိတ်ပေးမှုမှာ ရာနှုန်းပြည့်အောင်မြင်ကြောင်း၊ ဒုတိယအကြိမ် ခွဲစိတ်မှုပြီးကတည်း ကပင် ဆန်းကေခိုင်သည် လက်လေ့ကျင့်မှုများပြုလုပ်ခဲ့သည့်အတွက် ပုံမှန်လက်လှုပ်ရှား မှု၏ ၆၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်းကြား ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။

(နိုင်)
News Watch

No comments:

Post a Comment