Latest News

Thursday, February 16, 2017

ဘုရားသုံးဆူတွင် မွန်အမျိုးသားကျောင်းနှင့် ဆိုင်များ ပိတ်

ဘုရားသုံးဆူတွင် မွန်အမျိုးသားကျောင်းနှင့် ဆိုင်များ ပိတ်



ကရင်ပြည်နယ် ဘုရားသုံးဆူဒေသတွင် ဖြစ်ပေါ်နေသော မွန်ပြည်သစ်ပါတီ နှင့် တပ်မတော်တို့၏ တင်းမာမှု အခြေအနေကြောင့် မွန်အမျိုးသား အခြေခံပညာကျောင်းနှင့် ဈေးဆိုင်များကို ဖေဖော်ဝါရီလ ၁၆ ရက်မှစတင်ကာ  ပိတ်ထားရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ဂျပန်ရေတွင်း၊ ခလော့ခနီ၊ ဗလာဒုန်ဖိုက် ကျေးရွာများမှ မွန်အမျိုးသား အခြေခံပညာကျောင်း ၅ ကျောင်းထက်မနည်း ယာယီ ပိတ်ထားကြောင်း၊ စာမေးပွဲကာလ ဖြစ်သော်လည်း ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ ကျောင်းများကို ယာယီ ပိတ်ထားရပြီး ဒေသတွင်း အခြေအနေပေါ် မူတည်ကာ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂျပန်ရေတွင်းကျေးရွာရှိ မွန်အမျိုးသား အခြေခံပညာ အလယ်တန်း ကျောင်းအုပ် မိသူဇာက ပြောကြားသည်။

“ကျောင်းမှာက ကျောင်းသား ၁၀ဝ လောက်ရှိတယ်၊ အခြေအနေ မကောင်းတော့ ကျောင်းသား မိဘတွေလည်း သူတို့ ကလေးတွေကို လာခေါ်သွားတယ်၊ ဒီနေ့ကစပြီး ကျောင်းပိတ်ထားရတယ်၊ စာမေးပွဲ ဖြေနေတာ တစ်ရက်ပဲ ရှိသေးတယ်၊ အခြေအနေ ပြန်ကောင်းလာရင် ကျောင်းသားတွေ စာမေးပွဲ ပြန်ဖြေဖို့ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဘုရားသုံးဆူမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် လူသွားလူလာ ထက်ဝက်ခန့် လျော့နည်းလာပြီး အချို့ ဒေသခံများက စားနပ်ရိက္ခာများ စုဆောင်းထားကြောင်း၊ ဈေးဆိုင်ကြီးများ၊ ရွှေဆိုင်များ၊ ငွေလဲလှယ်သည့် ဆိုင်အများစု ပိတ်ထားကြောင်း၊ မြို့ပေါ်ရှိ အစိုးရ စာသင်ကျောင်းများတွင် မိဘများက သားသမီးများကို ယခင်ထက် ကျောင်းကြိုမှုများ ပိုမို ပြုလုပ်လာကြောင်း ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဆိုင်တော့ ပိတ်ထားလိုက်တယ်၊ ထိုင်းဘက်က ဆင်းလာတဲ့ ဧည့်သည်တွေလည်း မရှိတော့ဘူး၊ အရင်ကဆို ထိုင်းဘက်ကမ်းကနေ ဒီဘက်ကို ဆင်လာပြီး ဈေးဝယ်တာ များတယ်၊ အခုလို သတင်းတွေ ထွက်နေတော့ ငြိမ်သွားတာပေါ့၊ မြို့ပေါ်မှာဆိုရင် လူသွားလူလာ တစ်ဝက်ကျော်ကျော်လောက်ကို ပါးသွားတယ် သိသိသာသာပဲ”ဟု ၎င်းက ပြောဆိုသည်။

မွန်အမျိုးသားနေ့တွင် ဘုရားသုံးဆူ၌ မွန်ပြည်သစ်ပါတီကို စစ်ရေးပြ အခမ်းအနား မပြုလုပ်ရန် တပ်မတော်က တားမြစ်ခဲ့သည်ကို ယင်းပါတီက လုပ်ဆောင်ခဲ့ရာမှ နှစ်ဖက် တင်းမာခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် လူထုအနေနှင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ကာ ယင်းနေ့ ညနေပိုင်းတွင် ဆိုင်များကို စောစီးစွာ ပိတ်ကြကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် မြန်မာ့တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ ပြန်လည် ငြိမ်းအေးသွားအောင် ပြုလုပ်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘုရားသုံးဆူးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ စောအက်ဝေါ့က ပြောကြားသည်။

အလားတူ လွန်ခဲ့သောရက်က ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပေါ်ရှိ မွန်ပြည်သစ် ပါတီတပ်စခန်း ချထားသည့် နေရာများကို မြန်မာ့တပ်မတော်က သိမ်းယူခဲ့ကြောင်း၊ ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို ဖေဖော်ဝါရီလ ၁၅ က တပ်မတော်က လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ဝင်ရောက် ရှာဖွေခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။



The Voice

No comments:

Post a Comment