အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်မှုကို အမေရိကန်နှင့်
မဟာမိတ်တို့က နှိမ်နင်းမည်ဟု ထရန့် ကြွေးကြော်
အမေရိကန်နှင့် သူ၏ မဟာမိတ်တို့သည် “သေမင်းတမန် အဖွဲ့များ” ကို အနိုင်ယူမည်ဖြစ်ပြီး အမေရိကန် မြေပေါ်တွင် အစွန်းရောက် ဂျီဟတ်တို့ ခြေကုပ် မရယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၆ ရက်တွင် ကြွေးကြော်ခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် ဗဟိုအာရှ အပါအ၀င် ကမ္ဘာ့အလယ်ပိုင်း ဒေသများအတွက် အမေရိကန်၏ ဗဟိုစစ်တိုင်း Centcom သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ထရန့်က အီရတ်နှင့် ဆီးရီးယားတွင် IS ဆန့်ကျင်ရေး စစ်ဆင်မှုကို ရုပ်သိမ်းနိုင်ခြေ ရှိမရှိကို မပြောကြားခဲ့ပေ။ ဖလော်ရီဒါရှိ တန်ပါတွင် အခြေစိုက်သော မက်ဒေးလေတပ်စခန်း၌ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို စကားပြောကြားခဲ့သော ထရန့်က “ဒီနေ့ ကျွန်တော်တို့ ဒီသေမင်းတမန် အဖွဲ့တွေနဲ့ အဖျက်အဖွဲ့တွေကို ပြောကြားမယ့် တစ်သံတည်းသော သတင်းစကားကတော့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ခင်ဗျားတို့ကို အနိုင်ယူမယ် ဆိုတာပါပဲ။ ကျွန်တော်တို့က ခင်ဗျားတို့ကို နှိမ်နင်းပါမယ်” ဟု ပြောကြားခဲ့သည်။
လွတ်လပ်မှု၊ လုံခြုံမှုနှင့် တရားမျှတမှုတို့က အောင်ပွဲခံပါမည်ဟု ထရန့်က ထပ်မံ ပြောကြားခဲ့သည်။ IS အကြမ်းဖက် သမားများသည် ကမ္ဘာတစ်ဝန်းတွင် မျိုးတုံး သတ်ဖြတ်မှုများ ရက်စက်မှုများကို ဦးဆောင်ကျူးလွန်နေကြောင်း ထရန့်က စွပ်စွဲခဲ့ပြီး အမေရိကန် စစ်တပ်အတွက် သမိုင်းဝင် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။
ဘော်စတွန်မှသည် အော်လန်ဒိုအထိ ထိုမှ ဆန်ဘာနာဒီနိုအထိနှင့် ဥရောပ တစ်ဝန်းတွင် အစ္စလာမ္မစ် အကြမ်းဖက်သမားတို့က အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် မြေပေါ်တွင်လည်း ၉/၁၁ က ကဲ့သို့ အကြမ်းဖက် တိုက်ခိုက်ရန် အကြမ်းဖက်သမားများက ဆုံးဖြတ်ထားကြကြောင်း သမ္မတထရန့်က ထည့်သွင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်မှုကို နှိမ်နင်းမည်ဟု ကတိပေးခဲ့သော ထရန့်က သူ၏ နိုင်ငံခြားရေးနှင့် ပြည်တွင်းရေး မူဝါဒများတွင် အကြမ်းဖက် နှိမ်နင်းရေးကို အခြေခံမူအဖြစ် ဆောင်ရွက်လာနေသည်။
Centcom သည် IS တို့ကို နှိမ်နင်းသော အမေရိကန် ဦးဆောင်သည့် စစ်ဆင်ရေး Operation Inherent Resolve တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယင်း စစ်ဆင်ရေးအရ ၂၀၁၆ ခုနှစ် သြဂုတ်နောက်ပိုင်းမှ စပြီး အီရတ်နှင့် ဆီးရီးယား မြောက်ပိုင်းတွင် တိုက်ခိုက်မှုပေါင်း ၁၇၈၆၁ ကို ဆောင်ရွက်ထားသည်။ သမ္မတ ထရန့်က ဇန်န၀ါရီ နှောင်းပိုင်းတွင် IS နှိမ်နင်းရေး အမေရိကန် မဟာဗျူဟာကို ရက် ၃၀ ကြာ သုံးသပ်မှု ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးများကို အမိန့်ပေးခဲ့သည်။
ထရန့်က အကြမ်းဖက်သမားများကို နှိမ်နင်းရေးတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အကြောင်းပြထားသည်။ ထို့ပြင် မွတ်စလင် အများစု နေထိုင်သော နိုင်ငံ ခုနစ်နိုင်ငံမှ ဒုက္ခသည်များနှင့် နိုင်ငံသားများကို အမေရိကန် နိုင်ငံတွင်းသို့ ၀င်ရောက်ရန် အမိန့်ထုတ် တားမြစ်ထားသည်။
Ref: AFP
===========
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment