Latest News

Friday, February 17, 2017

လေဆိပ်စီမံခန့်ခွဲမှု ကော်မတီက တက္ကစီခရီးစဉ် ဈေးနှုန်းများ ပြောင်းလဲခြင်းကြောင့် လေဆိပ်တက္ကစီသမားများ ယာဉ်မထွက်ဘဲ ဆန့်ကျင်မှုပြုလုပ်

လေဆိပ်စီမံခန့်ခွဲမှု ကော်မတီက တက္ကစီခရီးစဉ် ဈေးနှုန်းများ ပြောင်းလဲခြင်းကြောင့် လေဆိပ်တက္ကစီသမားများ ယာဉ်မထွက်ဘဲ ဆန့်ကျင်မှုပြုလုပ်



လေဆိပ်စီမံခန့်ခွဲမှု ကော်မတီက တက္ကစီ ခရီးစဉ်ဈေးနှုန်းများ ပြောင်းလဲလိုက်သည့်အတွက် လေဆိပ်တက္ကစီ သမားများက တက္ကစီမထွက်ဘဲ အဆိုပါ ပြောင်းလဲလိုက်သည့် ဈေးနှုန်းအပေါ် ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီဝန်းကျင်မှ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ တက္ကစီ မထွက်ဘဲ ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ကာ နောက်ပိုင်းတွင်မူ လေဆိပ်အာဏာပိုင်များနှင့် အဆိုပါဈေးနှုန်းအပေါ် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု တက္ကစီမောင်းနှင်သူများထံမှ သိရသည်။

“မနက်ကစပြီး ဈေးနှုန်းတွေ လျှော့ချလိုက်တယ်။ ဈေးတွေလျှော့ချ လိုက်တဲ့အတွက် မပြေးဆွဲနိုင်တဲ့အတွက် လေဆိပ်က တက္ကစီတွေအားလုံး ရပ်ထားတယ်လို့ ကျွန်တော့်ကိုလှမ်းပြီး ဆက်သွယ်ပါတယ်။ အဲဒါနဲ့ လေဆိပ်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းလိုက်တော့ သူတို့က သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ပြင်ဆင်ပြေးဆွဲခွင့် ပြုမယ်လို့တော့ ပြန်ပြောပါတယ်။ အဓိက,ကတော့ ကားသမားတွေ အတွက်လည်း ဈေးနှုန်းသင့်တင့်ဖို့ လိုသလို ခရီးသွားပြည်သူ အတွက်လည်း လိုပါတယ်။ ကျွန်တော်တို့ ကားသမား တွေကလည်း လောဘမကြီးဘဲ အများသူငါ ငှားရမ်းနိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့ လိုပါတယ်။ ဥပမာ ပုဇွန်တောင်ကို ၇၀၀၀ လို့ သတ်မှတ်ထားတယ်ဆိုရင် ကျွန်တော်တို့က မကိုက်တဲ့အတွက် ၅၀၀၊ ၁၀၀၀ လောက်ပဲ ပိုတောင်းမှာပါ။ ကားသမားအများစုက ဘယ်လိုမှ အဆင်မပြေလို့သာ ရပ်ထားလိုက်ရခြင်း ဖြစ်ပါတယ်။ အခုတော့ ပြန်ပြေးဆွဲနေပါပြီ” ဟု ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီဝန်းကျင်က လေဆိပ် Golden Brother တက္ကဆီအသင်းမှ ကိုနန္ဒက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မှတ်ပုံတင်ထားသော တက္ကစီ ၆၅၂ စီးရှိပြီး ယာဉ်မောင်းများသည် လေဆိပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီက ချမှတ်ထားသော စည်းကမ်းချက် ၁၇ ချက်နှင့်အညီ မောင်းနှင်ရခြင်းဖြစ်သည်။ အလှည့်ကျ မောင်းနှင်ရခြင်းဖြစ်ပြီး သတ်မှတ်ထားသော ယာဉ်စီးခနှုန်းထား ဖြတ်ပိုင်းအရသာ ယာဉ်မောင်းက လက်ခံရခြင်းဖြစ်သော စနစ်ဟု သိရသည်။

ယခုပြောင်းလဲလိုက်သော ယာဉ်စီးခနှုန်းထား အနည်းဆုံး ခရီးစဉ်မှာ ရှစ်မိုင်သို့ ကျပ် ၃၀၀၀ ဖြစ်ပြီး အများဆုံးမှာ မှော်ဘီသို့ ကျပ် ၁၄၀၀၀ ဖြစ်သည်။


သက်မင်း

Eleven Media Group

No comments:

Post a Comment