Latest News

Wednesday, February 22, 2017

အစိုးရ၏ တစ်နှစ်အတွင်း ဆောင်ရွက်ချက်များ မတ်လ ၁ ရက်တွင် ပြည်သူထံ ချပြမည်

အစိုးရ၏ တစ်နှစ်အတွင်း ဆောင်ရွက်ချက်များ မတ်လ ၁ ရက်တွင်

ပြည်သူထံ ချပြမည်
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အစိုးရသစ်သက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများထံ မတ်လ ၁ ရက်မှစတင်၍ ချပြအသိပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်သည် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်သောကြောင့် တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ အားနည်းချက်များ၊ အားသာချက်များကို ပြည်သူများထံ အစီရင်ခံမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်သန့်က ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရသစ်ရဲ့တစ်နှစ်တာကာလ အတောအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဆောင်ရွက်ချက်တွေကို ဝန်ကြီးဌာနအလိုက်ပါမယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေ ပါမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက အစိုးရအဖွဲ့တွေက ကဏ္ဍအလိုက် ရှင်းလင်းကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အစီရင်ခံခြင်းများကို နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားများမှတစ်ဆင့် ပြည်သူများသိရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားသော ပုဂ္ဂလိက မီဒီယာများမှလည်း မေးမြန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဝန်ကြီးဌာနအလိုက် အစီရင်ခံခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကမူ မြဝတီ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

NLD အစိုးရသစ်သည် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍမျိုးစုံတွင် အပြောင်းအလဲများ ဖြစ်ပေါ်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိသည်။

The Voice

No comments:

Post a Comment