Latest News

Thursday, February 16, 2017

ထိုင်ဝမ်အရေးအတွက် တရုတ်ကိုစိန်ခေါ်ခဲ့တဲ့အိန္ဒိယ မီးနဲ့ကစားလိုက်တာပဲလို့ ဆို

ထိုင်ဝမ်အရေးအတွက် တရုတ်ကိုစိန်ခေါ်ခဲ့တဲ့အိန္ဒိယ မီးနဲ့ကစားလိုက်တာပဲလို့ ဆို

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၆ – အိန္ဒိယအစိုးရအနေနဲ့ အထိခိုက်မခံတဲ့ ထိုင်ဝမ်ကိစ္စရပ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရကို စိန်ခေါ် တာဟာ အကြီးအကျယ်ဆုံးရှုံးမှုတွေခံစားသွားရလိမ့်မယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။ သည်သတိပေးချက်ဟာ ထိုင်ဝမ်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အိန္ဒိယကို သွားရောက်လည်ပတ်ပြီးနောက် ထွက်လာတာပါ။

‘ ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ကိုစိန်ခေါ်တာဟာ တကယ်တော့ အိန္ဒိယက မီးနဲ့ကစားလိုက်တာပဲ’ လို့ နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ‘ ထိုင်ဝမ်ဖဲချပ်ကို ကစားရင် အကြီးအကျယ်ဆုံးရှုံးရမယ့် နယူးဒေလီ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားပါတယ်။

သည်သတင်းစာထဲမှာပဲဆက်ပြီးတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတောင်မှ ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကို စိန်ခေါ်တာတွေရပ်တန့်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုပေးနေချိန်မှာ အိန္ဒိယက ဘေးထွက်ပြီးတော့ ရန်စမှုတွေပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။

‘ အိန္ဒိယနဲ့ထိုင်ဝမ်ကြားမှာ အဆင့်မြင့်အရာရှိတွေလည်ပတ်မှုဟာ လုပ်နေကျလုပ်ရပ်မဟုတ်ဘဲနဲ့ အိန္ဒိယဟာ ဘာကြောင့် ထိုင်ဝမ်ကိုယ်စားလှယ်ကို ဒီအချိန်မှ အလည်ဖိတ်ခေါ်ခဲ့ရတာလဲ’ လို့ သည်ဆောင်းပါးက ထိုင်ဝမ် လွှတ်တော်အမတ် သွားရောက်မှုကို ရည်ညွှန်းပြီးရေးသားထားပါတယ်။ ဒါဟာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်သွားရောက်လည်ပတ်မှုပဲဖြစ်တယ်လို့ သည်ထဲမှာပဲ ရေးသားထားပါတယ်။

အိန္ဒိယအချို့က သည်ထိုင်ဝမ်ပြဿနာကို တရုတ်ပြည်မကြီးရဲ့အားနည်းချက်တစ်ခုအဖြစ်ရှုမြင်ထားပြီး အိန္ဒိယဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ သည်ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ဒလိုင်းလားမားအရေးတွေကို ခုတုံးတစ်ခုအဖြစ် အသုံးချချင်နေတာအတော်ကြာပြီလို့ သည်ဆောင်းပါးကဆိုပါတယ်။

ပါကစ္စတန်နဲ့ ဒေါ်လာ ၄၆ဘီလျံတန် တရုတ်-ပါကစ္စတန်စီးပွားရေးပေါင်းကူး(CPEC) စီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး အိန္ဒိယက တရုတ်ကိုသံသယရှိတာကြောင့် သည်ထိုင်ဝမ်ဖဲချပ်ကို အသုံးပြုဖို့စဉ်းစားနေတာလည်း ဖြစ်နိုင်တယ်လို့လည်း ဆက်လက် ရေးသားထားပါတယ်။

အိန္ဒိယအတွက် ထိုင်ဝမ်ဟာ အိန္ဒိယရဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်အချို့အကောင်အထည်ပေါ်အောင် အကူအညီပေးရုံ သာမက တရုတ်ပြည်မကြီးကို ထိန်းထားဖို့အတွက်လည်း မဟာဗျူဟာကျတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာ စတီး၊ တယ်လီကွန်နဲ့ သတင်းနဲ့နည်းပညာအခန်းကဏ္ဍတွေအပါအ၀င် ထိုင်ဝမ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ကြီးထွားလာတာဟာ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ အိန္ဒိယတွင်လုပ်သည် ဆိုတဲ့ လှုပ်ရှားမှုအတွက်အရေးကြီးတယ်လို့ သည်ဆောင်းပါးကပြောပါတယ်။

ချိုလေးငယ်

ref:economictimes. Feb 15, 2017

Mizzima

No comments:

Post a Comment