Latest News

Sunday, February 19, 2017

အားနည်းချက်များဖြင့် ကူညီရသည့်အခါ မြန်မာ့ရဲများအကြောင်း

အားနည်းချက်များဖြင့် ကူညီရသည့်အခါ မြန်မာ့ရဲများအကြောင်း

လူသတ်၊ မုဒိမ်း၊ ခိုးဆိုးနှိုက်တို့ အပါအဝင် ရာဇဝတ်မှုများက မြန်မာနိုင်ငံတွင် တောက်လျှောက်ဆိုသလို မြင့်တက်လာနေသည်။

ကူညီပါရစေ ဆိုသူများက မည်မျှ ကူညီနိုင်ပါသနည်း။

သေချာသည်က ယင်းကူညီပါရစေ ဆိုသူများသည်ပင် အကူအညီများ လိုအပ်နေပါသည်။

“ကျွန်တော်တို့က လူလည်းနည်းတယ်။ နည်းပညာ အကူအညီကလည်း ပံ့ပိုးမှုက နည်းနေတယ်။ မရှိဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲမှူးချုပ် တာဝန်အထိ ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ရဲအရာထမ်းဟောင်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့၏ ညီနောင်အဖွဲ့အစည်းလည်း ဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ပြောဆိုသည့် စာရင်းများအရ စုစုပေါင်း ရဲတပ်ဖွဲ့ အင်အား ရှစ်သောင်းဝန်းကျင် ရှိသည်။ ယင်းကိန်းဂဏန်းကို နိုင်ငံလူဦးရေ ၅၁ သန်းနှင့် အချိုးချပါက လူ ၆၅၀ လျှင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းက ပြည်သူ့တို့၏ လုံခြုံရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အဆိုပါ အချိုးအစားကို ရှိသင့်ရှိထိုက်သည့် စံနှုန်းနှင့် ချိန်ထိုးလျှင် ဝန်နှင့်အား မမျှပါ။ နိုင်ငံတကာစံနှုန်းအရ လူ ၄၀၀ လျှင် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်း ဖြစ်သည်။

ထိုမျှမပြည့်စုံသည့် အင်အားဖြင့် ပြည်သူ့လုံခြုံရေးကို ထမ်းပိုးသည့်အခါ မနိုင်ဝန် ဖြစ်ရတော့သည်။ အမှုအခင်းများက ထိန်းမရနိုင်ခဲ့။

ပြီးခဲ့သည့်နှစ်အတွင်း သုံးလောင်းပြိုင်၊ လေးလောင်းပြိုင် လူသတ်မှုများမှသည် မုဒိမ်းမှုများ၊ လုယက်၊ ပြန်ပေးဆွဲမှုများ၊ လက်နက်ကိုင်ဆောင် အကြမ်းဖက်မှုများ စသည့် ကြီးလေးသည့် အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၈၄၃ မှု ဖြစ်ပွားခဲ့သည်။ ယင်းပမာဏသည် ၂၀၁၅ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။ ယင်းအမှုကြီး ၁၀ မျိုးအနက် ထက်ဝက်ခန့်မှာ လူသတ်မှုများ ဖြစ်လေသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ခိုးမှု၊ နာကျင်စေမှု စသည့် အခြားအမှုများနှင့် လောင်းကစားမှု၊ လက်နက်ပုန်းမှု၊ ပြည့်တန်ဆာမှု ကဲ့သို့သော ကြိုတင်ကာကွယ်မှုများက နှစ်သိန်းသုံးသောင်းကျော် ဖြစ်ပွားခဲ့သည်။

ယင်းက မြန်မာနိုင်ငံသား လူနှစ်ရာလျှင် အမှုတစ်ခုကို ကျူးလွန်နေခြင်း ဖြစ်သည်။


စုစုပေါင်း အမှုဖြစ်ပွားနှုန်းမှာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့ထက် နှစ်ဆနီးနီး (၇၀ ခိုင်နှုန်းကျော်) မြင့်တက်လာခြင်း ဖြစ်သည်။ ယင်းအနေအထားသည် ဦးသိန်းစိန်အစိုးရ မတက်မီ ၂၀၁၀ ပြည့်နှစ်ထက်လည်း ၈၃ ရာခိုင်နှုန်း ပိုများပါသည်။

လောလောလတ်လတ်ပင် ရန်ကုန်မြို့တော် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လူဆိုးတစ်ဦးကို ဖမ်းရင်း ရဲကို ပြန်လည်ခုခံသဖြင့် သေနတ်ပစ်ဖောက်ခဲ့ရမှု ဖြစ်ပွားခဲ့သေးသည်။ သို့သော် ကိုလူဆိုးကို ချက်ချင်းမဖမ်းမိဘဲ လွတ်နေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် အင်အား နည်းရသည့်အထဲ နူရာဝဲစွဲရသည်က ရှိနေသေးသည်။ ရှိသည့် အင်အားကလည်း ရဲလုပ်ငန်းဆိုင်ရာ လူဆိုးသူခိုးများကို လိုက်လံဖမ်းဆီးခြင်း၊ ကင်းလှည့်ခြင်း လုပ်ငန်းများတွင် ပြည့်ပြည့်ဝဝ အသုံးမပြုနိုင်သည့် ပြဿနာ။

အဓိကအားဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ဖြစ်ပြီး သွားလေရာ လူကြီးခရီးစဉ်များ၊ တံတားစောင့်ခြင်း လုပ်ငန်းများ၊ ဆည်လုံခြုံရေး တာဝန်များကိုပါ ရဲတပ်ဖွဲ့များက ပါလေရာ။

လူကြီးခရီးစဉ်မှသာ မဟုတ်၊ လူကြီးကတော်တို့ ဘုရားဖူး ခရီးစဉ်များပါ ပါရတတ်သည်။

“အခုဟာက ရှိတဲ့အင်အားတွေက အင်အားမပြည့်တဲ့အပြင်ကို ကျွန်တော်တို့က လုံခြုံရေး ကိစ္စတွေ အတွက်ပါ ထုတ်ထုတ်ပြီး သုံးနေရတဲ့အချိန်မှာ ရဲတပ်ဖွဲ့မှာ တကယ်တမ်း ရဲလုပ်ငန်းကို ဆောင်ရွက်ရမယ့် အင်အားမရှိဘူး” ဟု အထက်ပါ အငြိမ်းစားရဲမှူးချုပ်က ပြောဆိုသည်။

ဆောင်းတွင်း နံနက်စောစောတွင် အနွေးထည်ကိုမျှ မဝတ်ရဘဲ တောခေါင် ခေါင်လမ်းဘေးတွင် ဘုရားဖူး လာရောက်သည့် လူကြီးကတော်နှင့် အုပ်စုကို ချမ်းချမ်းစီးစီးဖြင့် စောင့်ဆိုင်းနေရသည့် ရဲဘော်တစ်ဦးသည် နံနက်စာကို လမ်းဘေးအကြော်ဖြင့် တင်းတိမ်လိုက်သည့် အဖြစ်မျိုး ရှိခဲ့သည်။


ဖားကန့်လို ဒေသမျိုးတွင် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် စခန်းတွင် ရှိမနေရဘဲ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ လုံခြုံရေး အစောင့်များဖြစ် တာဝန်ယူပေးနေသည်များလည်း ရှိသည်။ ကုမ္ပဏီတစ်ခုလျှင် ရဲဝန်ထမ်းတစ်ဦးမှ သုံးလေးဦး ရှိနေကြောင်း ဒေသခံများက ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရဲတပ်ဖွဲ့ဝင်များ၏ အရေးကိစ္စနှင့် ပတ်သက်၍ မေးခွန်းများ ပေါ်ထွက်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရာ အဆောက်အအုံများ၊ ရဲစခန်း အဆောက်အအုံများ၊ အမှုအခင်းများ၊ လွတ်မြောက်နေသည့် တရားခံများ စသည်တို့နှင့် ပတ်သက်၍ ကိုယ်စားလှယ်နှစ်ဦးက မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အသက်အိုးအိမ် လုံခြုံရေးကို ဆောင်ရွက်နေသော်လည်း ရဲတပ်ဖွဲ့ဝင်တို့ ကိုယ်တိုင်၏ နေအိမ်များမှာ အပေါက်အပြဲများနှင့် ယိုင်တိယိုင်တိုင် ရှိနေကြသေးသည်။ အချို့ဆိုလျှင် ကိုလိုနီခေတ်ကျန် အဆောက်အအုံဟောင်းများတွင် ကျပ်တည်းစွာ နေထိုင်လုပ်ကိုင်ကြရသည်။ ရဲဝန်ထမ်းအိမ်ရာ အချို့တွင် အမိုးအကာများကို ပလတ်စတစ်များဖြင့် ဖာထေးကာ မပြိုလဲစေရန် ထောက်များ ထောက်ကန်ထားရကြောင်း ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၁၅ ရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၇၃ ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၃၂၅ ရုံး၊ မြို့မရဲစခန်း ၃၂၅ ခု၊ နယ်မြေရဲစခန်း ၄၈၃ ခုနှင့် ရဲကင်း၊ ရဲစခန်း ၃၁၈ ခု ရှိသည်။ ရဲတပ်ဖွဲ့အပိုင် အဆောက်အအုံပေါင်း နှစ်သောင်းနီးပါး ရှိပြီး အများစုမှာ ရဲတပ်ဖွဲ့ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်ကြခြင်း ဖြစ်သည်။


ယင်းတို့အနက် သက်တမ်းရှည်ကြာ၍ လူနေထိုင်ရန် လုံးဝမသင့်တော့သည့် အဆောက်အအုံ ၁၅၉၈ လုံးခန့် ရှိနေရာ စုစုပေါင်း၏ ၈ ရာခိုင်နှုန်း ဖြစ်သည်။

“ကျွန်တော့် သနပ်ပင်မြို့နယ်မှာ စခန်းလေးခု ရှိပါတယ်။ တစ်ခုကတော့ အထိုက်အလျောက် သူ့ဟာသူ ပြင်ထားလို့ နည်းနည်းပါးပါးနေလို့ ရပေမယ့် ကျန်တဲ့စခန်းတွေဟာ အန္တရာယ် ရှိပြီးတော့ အမြင်လည်း မတင့်တယ်၊ ဥပဓိရုပ်လည်း အလွန်မကောင်းတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအနေအထားက ရဲတပ်ဖွဲ့ဝင်များကို သိမ်ငယ်စိတ်ဖြင့် ဝမ်းနည်းညိုးငယ်စေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့ဝင်တို့၏ မိသားစုများ၊ နေအိမ်များကို သွားရောက်ကြည့်ရှုခဲ့သေးသည်။

အဆိုပါ အဆောက်အအုံများကို ဖျက်သိမ်းကာ အသစ်များဖြင့် အစားထိုး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုသည်။ ရဲတပ်ဖွဲ့က သတ်မှတ်ထားရှိသည့် စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်ဆောက်လုပ်မည် ဖြစ်ပြီး စုစုပေါင်း ၆၃၂ လုံး တည်ဆောက်မည် ဖြစ်သည်။

ယင်းအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာရုံးသို့ တင်ပြထားသည့်အပြင် ဘဏ္ဍာငွေများလည်း တောင်းခံထားသည်။ ကျပ်သန်းပေါင်း ၁၁၃,၅၈၆ ဒသမ ၄၁ (ဘီလီယံ ၁၁၀ ကျော်) လိုအပ်မည် ဖြစ်သည်။

ဆောက်လုပ်မည့် အဆောက်အအုံများမှာ သပ်ရပ်ကျယ်ဝန်းပြီး အဆင့်မီ အဆောက်အအုံများ ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက ဆိုသည်။ သို့သော် ယင်းအဆောက်အအုံများ ပြန်လည်ဆောက်လုပ်နိုင်ရန်မှာ အသုံးစရိတ်ခွင့်ပြုမှုအပေါ် မူတည်၍ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှသာ စတင်နိုင်မည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး အစီအစဉ်များ ချမှတ်ကာ အနည်းဆုံး လေးနှစ်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။


ယခင်ကလည်း ယင်းသို့သော အဆောက်အအုံများ ဟောင်းနွမ်းနေမှုနှင့် ပတ်သက်၍ ဘဏ္ဍာငွေများ တောင်းခံခဲ့သော်လည်း အစိုးရအနေနှင့် မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။ အဆောက်အအုံ ဆယ်လုံးခန့် ဆောက်ခွင့်ရရန် တင်ပြပါမှ နှစ်လုံးခန့် ခွင့်ပြုလျှင်ပင် ကံကောင်းသည့် အနေအထားဟု အထက်ပါ အငြိမ်းစားရဲမှူးချုပ်က ဆိုသည်။

ဝန်ထမ်းအိမ်ရာများ စုတ်ပြတ်နေခြင်းသည် ရဲတပ်ဖွဲ့ဝင်များ ချည်းသာတော့ မဟုတ်ပေ။ အခြားသော အစိုးရ ဝန်ကြီးဌာနများသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

နေအိမ်လိုင်းခန်းများ မပြည့်စုံသလို ရဲစခန်းများရှိ တရားခံများထားရာ အချုပ်ခန်းများသည်လည်း မလောက်ငှပေ။ ပုံမှန်ရှိသင့်သည့် အချုပ်သားဦးရေထက် နှစ်ဆခန့်ကို ထိုးသိပ်ထည့်ထားရသည်များလည်း ရှိနေသည်။ အဆိုပါ အခြေအနေမျိုးက အချုပ်ခန်း ဖောက်ပြေးသည့် ပြဿနာများကို ဖြစ်ပွားစေတတ်သည်ဟု ၎င်းက ဆိုသည်။ ယင်းအခါမျိုးတွင် တာဝန်ကျသည့် ရဲတို့က တရားခံ ပြန်ဖြစ်သွားတတ်ပေသေးသည်။

ယင်းအခြေအနေမျိုးများကြားမှ ကူညီပါရစေဟု ပြည်သူကို ကြွေးကြော်သံ ပစ်နေခြင်း ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းရည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း ကျဆင်းလာခဲ့ကြောင်း ယင်းရဲမှူးချုပ်(ငြိမ်း) က ဆိုသည်။
“စွမ်းရည်က ဘက်ပေါင်းစုံက ကျနေတာ” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပစ်ခတ်မှုတွင်လည်း ပြည်သူလူထု၏ အသက်စွန့် ကြိုးပမ်းမှုကြောင့် တရားခံကို ချက်ချင်း လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။


တရားခံများ ဖမ်းဆီးရာတွင်လည်း ပြန်လည်ရန်ပြုခံရမှုများကို ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ကြုံရတတ်သေးသည်။ ၂၀၁၅ ခုနှစ်အတွင်းက သန်လျင်မြို့တွင် တရားခံတစ်ဦး၏ ဓားချက်ကြောင့် ရဲနှစ်ဦး သေဆုံးခဲ့ရမှုသည် ပြောစမှတ်တွင်အောင် ထင်ရှားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပင် လမ်းပေါ်တွင် အရက်သောက် ဆူပူနေသူများကို သွားရောက်သတိပေးသည့် နယ်ထိန်းရဲတပ်ကြပ် တစ်ဦးကို နောက်မှ ကားဖြင့်တိုက်သဖြင့် ယင်းနယ်ထိန်းမှာ သေဆုံးခဲ့ရသည်။

တရားခံကို သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ရွာခံများက ဖမ်းဆီးကာ သစ်ပင်တွင် ချုပ်နှောင်ခြင်း၊ အချုပ်ယာဉ်ဖြင့် ခေါ်ဆောင်လာသည့် မူးယစ်ဆေးတရားခံကို လက်နက်ကိုင် အဖွဲ့တစ်ခုက ကယ်ထုတ်သွားခြင်း၊ အချုပ်သားကို ဆိုင်ကယ်ဖြင့် တင်ခေါ်လာစဉ် လမ်းတွင် လုယူခံရခြင်း စသည့် ဖြစ်ရပ်များလည်း မကြာသေးခင် နှစ်များထဲတွင် ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ အနေနှင့် အမြဲမပြတ် လေ့ကျင့်နေရန် လိုအပ်ပြီး ယင်းအတွက် ကျွမ်းကျင်သည့် သင်တန်းဆရာများလည်း လိုအပ်သည်။ နည်းပညာပိုင်း ဆိုင်ရာတွင်လည်း အားနည်းပြန်သည်။ နည်းပညာသည် လူအင်အားကို ချုံ့ပစ်နိုင်သည့် စွမ်းအားရှိသည်။ လူ ၁၀ ဦး လုပ်ရမည့် အလုပ်ကို နည်းပညာ အကူအညီဖြင့် လူနှစ်ဦးခန့်ဖြင့်သာ လုပ်ဆောင်နိုင်မည်ဖြစ်ရာ ပိုထွက်လာသည့် အင်အားကို အခြားရဲလုပ်ငန်းများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ယုတ်စွအဆုံး ရဲတပ်ဖွဲ့သုံး အင်တာနက်လိုင်းများသည် မြန်နှုန်းမြင့်ရန် လိုမည် ဖြစ်သည်။ လက်ရှိတွင် ၁၉၉ ကဲ့သို့သော အများပြည်သူ ဆက်သွယ်တိုင်ကြား သတင်းပေးရာ တယ်လီဖုန်း ဆက်သွယ်ရေးသည်ပင် ချို့ယွင်းချက်များနှင့် ရှိနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းများ ပို့ချပေးသည်မျိုးတော့ ရှိသည်။


အသုံးပြုရသည့် ယာဉ်၊ လက်နက် ကိရိယာတို့ကလည်း အားမကောင်း။ လေးခွလို လက်နက်မျိုးကိုပင် မြန်မာရဲတို့၏ ခါးကြားတွင် တွေ့ရတတ်သေးသည်။

နည်းပညာနှင့် ထောက်ပံ့ပစ္စည်းများ အားနည်းရသည့်အထဲ မြန်မာရဲတပ်ဖွဲ့ဝင်တို့၏ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှု အနေအထားကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များ ဆိုလျှင် မြင်လိုက်သည်နှင့် ခန့်ထည်နေသည့် အသွင်ကို ဆောင်နေတတ်သည့် ခန္ဓာကိုယ်မျိုး ရှိကြသည်။ ကြုံလှီသေးနွဲ့လှသည့် တပ်ဖွဲ့ဝင်များကို မကြာခဏ တွေ့မြင်နေရခြင်းနှင့် ပတ်သက်၍ လွှတ်တော်အမတ်တစ်ဦးကလည်း ယခင်က ဝေဖန်ဖူးသည်။

ယင်းက နိုင်ငံဆင်းရဲချို့တဲ့သဖြင့် အာဟာရပြည့်မီစွာ မစားသောက်နိုင်ခြင်း၏ ရလဒ်ဖြစ်ပြီး တရားခံမှာ တိုင်းပြည်ကို ဆင်းရဲအောင် လုပ်ခဲ့သူများ ဖြစ်သည်ဟု ဦးသိန်းညွန့်က ဆိုသည်။

သတ်မှတ်ထားသည့် စံနှုန်းအရ ရဲတပ်ဖွဲ့ဝင်တစ်ဦး အနေနှင့် အသက် ၄၀ နှစ်အောက် ဖြစ်ပါက ငါးမိုင်ကို မနားတမ်း အပြေးတက်နိုင်ရန်၊ ၁၀ မိုင်ကို မနားတမ်း လမ်းလျှောက်နိုင်ရန်နှင့် တစ်နေ့လျှင် ၂၅ မိုင် ခရီးပေါက် သွားနိုင်ရမည် ဖြစ်သည်။

အသက် ၄၀ နှင့် ၅၀ ကြားဆိုလျှင် သုံးမိုင် မနားတမ်း ပြေးနိုင်ခြင်း၊ ခုနစ်မိုင် မနားတမ်း လမ်းလျှောက်ခြင်းနှင့် တစ်နေ့လျှင် မိုင် ၂၀ ခရီးပေါက်ရမည် ဖြစ်ပြီး အသက် ၅၀ အထက်ကိုမူ နှစ်မိုင် မနားတမ်း ပြေးနိုင်ခြင်း၊ ငါးမိုင် မနားတမ်း လမ်းလျှောက်နိုင်ခြင်းနှင့် တစ်နေ့လျှင် ၁၅ မိုင် ခရီးပေါက် လမ်းလျှောက်နိုင်ခြင်း စသည့် စွမ်းရည်တို့ ရှိရမည် ဖြစ်သည်။

မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရားခံများကို နောက်ယောင်ခံ စုံစမ်းရာတွင် ယာဉ်မလုံလောက်မှုကြောင့် အခက်အခဲ ဖြစ်ရကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ညည်းတွားဖူးသည်။ ရဲတပ်ဖွဲ့ အမှတ်တံဆိပ်ပါယာဉ်ဖြင့် တရားခံတို့ကို ခြေရာခံနေရခြင်းမှာ ရဲအမှတ်တံဆိပ်နှင့် ယာဉ်ကို မြင်ကတည်းက ရဲတပ်ဖွဲ့များ လာနေပြီ ဖြစ်ကြောင်း တရားခံတို့က သိနှင့်ပြီး ဖြစ်သဖြင့် အလုပ်မဖြစ်လှဟု ၎င်းက ဆိုသည်။ သို့သော် အခြားအစားထိုးရန် ယာဉ်လည်း မရှိပေ။

“ကျွန်တော်တို့ ကြားဖူးသမျှဆိုရင် ထိုင်းနိုင်ငံ ရဲစခန်းတွေမှာ ဟယ်လီကော်ပတာတွေတောင် ပေးထားတယ်လို့ ပြောတယ်။ ထိုင်းရဲတွေရဲ့ အဆင့်အတန်းဟာ အင်မတန် မြင့်မားတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ဆိုသည်။


ရာဇဝတ်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာနေမှုနှင့်အတူ ဖမ်းဆီးရမိခြင်း မရှိသေးသည့် တရားခံများ၊ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံများကလည်း ရှိနေသည်။

လက်ရှိတွင် ပြေးလေးပြေး (၁။ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်ထွက်ပြေးသည့် တရားခံပြေး၊ ၂။ အကျဉ်းထောင်မှ ထွက်ပြေးသည့် ရဲဘက်ပြေး၊ ၃။ တပ်မတော်မှ ထွက်ပြေးသည့် တပ်ပြေး၊ ၄။ ရဲတပ်ဖွဲ့မှ ထွက်ပြေးသည့် ရဲပြေး) စာရင်း စုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော် ရှိသည်။

ယင်းကိန်းဂဏန်းအရဆိုလျှင် ရဲတပ်ဖွဲ့ဝင်လေးဦးလျှင် တရားခံပြေး တစ်ဦးနှုန်းကို ဖမ်းပေးရန် တာဝန်ရှိနေသည်။

နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် World International Security and Police Index (WISPI) ၏ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံပေါင်း ၁၂၇ နိုင်ငံအနက် အဆင့် ၁၀၁ တွင် ရပ်တည်သည်။ ရဲတပ်ဖွဲ့၏ စွမ်းဆောင်နိုင်ရည်၊ လုပ်ထုံးလုပ်နည်းများ၊ အကျင့်ပျက်ခြစားမှု စသည်တို့ကို ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည့် စင်ကာပူနိုင်ငံက အဆင့်တစ် ဖြစ်သည်။ ဖင်လန်နိုင်ငံက ဒုတိယဖြစ်ကာ အိမ်နီးချင်း ထိုင်းနိုင်ငံက အဆင့် ၆၉ ဖြစ်သည်။ နိုက်ဂျီးရီးယားနိုင်ငံက အောက်ဆုံးတွင် ရပ်တည်သည်။

ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးသည့် နိုင်ငံများတွင် စွမ်းဆောင်ရည်ပြည့် ရဲတပ်ဖွဲ့များကို ပိုင်ဆိုင်တတ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

စွမ်းဆောင်ရည်ပြည့် ရဲတပ်ဖွဲ့နှင့်အတူ တပ်ဖွဲ့ဝင်တို့၏ လစာငွေသည်လည်း မြင့်မားပါသည်။

ပျမ်းမျှအားဖြင့် ယင်းသို့သော ရဲတပ်ဖွဲ့ဝင်များတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ လစာငွေမှာ အမေရိကန်ဒေါ်လာ ငါးသောင်းဝန်းကျင် (မြန်မာကျပ်ငွေ သိန်း ၆၀ ကျော်) ဖြစ်သည်။ ယင်းမှာ မြန်မာရဲတပ်ဖွဲ့ဝင်တို့၏ အဆ ငါးဆယ်ခန့် များပြားသည်။

“ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို မြှင့်ပေးရမယ်” ဟု ဦးသိန်းညွန့်က ထပ်မံပြောဆိုသည်။
“ရဲတွေရဲ့လစာ မြှင့်ပေးရမယ်၊ လက်နက်အဆင့်အတန်း မြှင့်ပေးရမယ်”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန် အသုံးစရိတ်ကိုလည်း မြှင့်တင်ရန် လိုမည်ဖြစ်သည်။ လက်ရှိတွင် အစိုးရ ဝန်ကြီးဌာန အသီးသီး၏ လာမည့် ဘဏ္ဍာနှစ်အတွက် သုံးစွဲမည့် အသုံးစရိတ်များနှင့် ပတ်သက်၍ လွှတ်တော်က သတ်မှတ်တော့မည် ဖြစ်သည်။

လွှတ်တော်အနေနှင့် ရဲတပ်ဖွဲ့အတွက် တောင်းသင့်တောင်းထိုက်သည့် အသုံးစရိတ်များ တောင်းခံလာပါက မဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က အကြံပြုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အနေနှင့် ပြီးခဲ့သည့် နှစ်များအတွင်း ဘဏ္ဍာငွေ သုံးစွဲမှု မြင့်တက်လျက် ရှိသည်။ လာမည့် ဘဏ္ဍာနှစ်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက ကျပ် ဘီလီယံ ၄၀၀ (ကျပ်သန်း လေးသိန်းကျော်) ကျော် တောင်းခံထားသည်။ ယင်းကား ပြီးခဲ့သည့်နှစ်ထက် ရာခိုင်နှုန်း ၃၀ ကျော် ပိုများသည်။ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်များတွင် တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါကလည်း မြင့်တက်လာနေကြောင်း မြင်သာသည်။ ယင်းနှစ်များက ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း လာမည့် နှစ်အတွက် ၁၄ ရာခိုင်နှုန်းဖြစ်သည်။

ယင်းတို့အထဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် သင်တန်းကျောင်းများအတွက် ကျပ် ၂၃ ဘီလီယံ (ကျပ်သန်း နှစ်သောင်းသုံးထောင်ကျော်) လျာထားသည်။

နိုင်ငံတကာစံနှုန်းနှင့်အညီ ရဲတပ်ဖွဲ့ အင်အားကို တိုးမြှင့်ခန့်ထားမည် ဆိုပါက ရဲတပ်ဖွဲ့ဝင် လေးသောင်းခွဲခန့် ထပ်မံခန့်ထားရန် လိုဦးမည် ဖြစ်သည်။ ယင်းအတွက် တစ်နှစ်လျှင် ကျပ်ဘီလီယံ တစ်ရာကျော် ထပ်မံသုံးစွဲရမည် ဖြစ်သည်။

“အင်အားတွေ အပြည့်အဝ ရှိနေလို့ ရှိရင်တော့ ဒီထက်ပိုပြီးတော့ လုပ်အားက နှစ်ဆတိုးပြီးတော့ ပိုမိုပြီး ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာပေါ့” ဟု အငြိမ်းစား ရဲမှူးချုပ်က ဆိုသည်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နောက်ထပ် ပြဿနာတစ်ခုမှာ အဆင့်မြင့် ရာထူးများနှင့် ပတ်သက်၍ ဖြစ်သည်။ ရဲတပ်ဖွဲ့၏ အဆင့်မြင့်ရာထူး နေရာများကို တပ်မတော် အရာရှိများကိုသာ ပေးအပ်ခဲ့သည့် အစဉ်အလာများ ဖြစ်သည်။ လက်ရှိ ရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲချုပ်မှာ တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ယခင်ရဲချုပ်မှာလည်း တပ်မတော်ကပင် ဖြစ်သည်။

“အရင်နှစ်ပေါင်း ၅၀ အတွေ့အကြုံ မှာ ပရော်ဖက်ရှင်နယ်ရဲပေါ့၊ ရဲစစ်စစ်က လာတဲ့ရဲက အင်မတန်မှ နည်းပါတယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှူးချုပ် ဝင်းနိုင်သည် အောက်ခြေရဲအဆင့်မှ တက်လာသူဖြစ်ပြီး ရဲဝန်ထမ်းစစ်စစ်တစ်ဦး အနေနှင့် အမြင့်ဆုံးသော ရာထူးကို ပထမဆုံး ထမ်းဆောင်ခွင့်ရခြင်း ဖြစ်သည်။

“နောင်မှာ ရဲစစ်စစ်က လူတွေရဲ အဖွဲ့မှာ အဓိက တာဝန်ထမ်းနိုင်အောင် ကျွန်တော်တို့က မူဝါဒအရ လမ်းဖွင့်ပေးတာတွေ လုပ်ရမှာပေါ့” ဟု ဦးသိန်းညွန့်က ဆိုသည်။

ရှေးယခင်မြန်မာမင်းများ လက်ထက်က နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ကိစ္စများကို မြို့စား၊ မြို့ဝန်၊ စစ်ကဲ၊ နာခံ၊ ကွမ်းဘိုးထိန်းဝန်၊ မြို့သူကြီးနှင့် ရွာသူကြီးများက ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး ၁၈၈၅ ခုနှစ် ကိုလိုနီလက်အောက် ကျရောက်ချိန်တွင် ဗြိတိသျှတို့က ရဲလုပ်ငန်းစနစ်ကို အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန်က ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ် သိခဲ့ကြပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နောက်ပိုင်းတွင် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ကူညီပါရစေဆိုသည့် ဆောင်ပုဒ်ကို အသုံးပြုလာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပင်မ မူဝါဒသုံးရပ်မှာ ၁။ မျိုးချစ်စိတ်ရှိရမည်၊ ၂။ စွမ်းဆောင်ရည် ပြည့်ဝရမည်၊ ၃။ ခေတ်မီရမည်ဟူ၍ ဖြစ်သည်။

သို့သော် ငွေကြေးကန့်သတ်ချက်၊ နည်းပညာ ကန့်သတ်ချက်များ၊ စွမ်းဆောင်ရည်နှင့် လက်နက်ပစ္စည်းများ နိမ့်ကျမှုများကြောင့် ရည်ရွယ်ချက် ဆုံးခန်းတိုင် အောင်မြင်ခဲ့ခြင်း မရှိဟု အငြိမ်းစားရဲမှူးချုပ်က ဆိုသည်။


အကျင့်ပျက်မှုများ၊ အာဏာပြမှုများ ရှိနေသလို ပြည်သူတို့၏ တိုင်တန်းမှုများကိုလည်း အလေးမမူခဲ့။ အမှုဖွင့်လိုပါက ငွေကြေးပေးဆောင်ရခြင်းများ ရှိသလို အချို့ရဲစခန်းများတွင် ယင်းစခန်း၌ ပုံမှန်ထက် အမှုအရေအတွက် တိုးပွားများပြားလာမည် စိုး၍ ဖွင့်မပေးခြင်းများလည်း ရှိသည်။

ပြုပြင်ပြောင်းလဲမှုများကို အကြီးအကဲများက လုပ်ဆောင်ခဲ့သော်လည်း အထက်ပါ ကန့်သတ်ချက်များသည် ခရီးမတွင်စေဟု ဆိုသည်။ အဆိုပါ အငြိမ်းစားရဲမှူးချုပ်၏ အဆိုအရ ပြောင်းလဲရေး ခရီးသည် ယုန်ကဲ့သို့ မပြေးနိုင်ဘဲ လိပ်ကို ခြေထိပ်လက်ထိပ်များခတ်ကာ ပြေးစေသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

“ပြောင်းလဲပြီလား၊ မပြောင်းလဲသေးဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ယခုနောက်ပိုင်းတွင် တိုးတက်မှုများကို တွေ့လာရပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရဲမိသားစုဝင်များ၊ နေအိမ်လိုင်းခန်းများ၏ အခြေအနေကို သွားရောက်ကြည့်ရှုခြင်းသည်ပင် တိုးတက်မှုတစ်ခုဟု ၎င်းက မြင်သည်။ အပြောင်းအလဲ၏ ပန်းတိုင်သည် ပြည်သူကို အပြည့်အဝ အကာကွယ်ပေး၍ ပြည်သူက အားကိုးယုံကြည်သော ပြည်သူနှင့် တစ်သားတည်း ဖြစ်သည့် ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်စေရေး ဖြစ်သည်။

“ဝန်ဆောင်မှုကို အခြေခံတဲ့ ရဲလုပ်ငန်းဖြစ်ဖို့ လုပ်ရမယ်” ဟု အငြိမ်းစား ရဲမှူးချုပ်က ဆိုလေသည်။

အောင်မျိုးထက်

The Voice

No comments:

Post a Comment