Latest News

Sunday, February 19, 2017

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမ၀င်သစ် ဖမ်းဆီးရမိမှု ယခင် ဘဏ္ဍာနှစ်ထက် နှစ်ဆကျော် မြင့်တက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမ၀င်သစ် ဖမ်းဆီးရမိမှု ယခင်

ဘဏ္ဍာနှစ်ထက် နှစ်ဆကျော် မြင့်တက်



တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်သုံးခရိုင်၌ တရားမ၀င်သစ်များ ဖမ်းဆီးရမိထားမှုမှာ လက်ရှိ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခန့် ကျန်ရှိသော်လည်း ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံး ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ထက် နှစ်ဆကျော်အထိ ရောက်ရှိနေပြီဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့၌ တရားမ၀င်သစ်များ ဖော်ထုတ်ဖမ်းဆီးရမိမှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈၆၆ ဒသမ ၅၁၅၂ ကုဗတန်ရှိခဲ့ပြီး ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ စာရင်းများအရ တိုင်းဒေသကြီးအတွင်း တရားမ၀င်သစ်များ ဖော်ထုတ်ဖမ်းဆီးရမိမှုမှာ ၁၆၈၆ ဒသမ ၄၉၂၂ ကုဗတန်အထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ခရိုင်အလိုက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ထားဝယ်ခရိုင်တွင် ၁၆၇ ဒသမ ၀၆၈၂ ကုဗတန်၊ မြိတ်ခရိုင်တွင် ၅၇၆ ဒသမ ၉၄၇ ကုဗတန်နှင့် ကော့သောင်းခရိုင်တွင် ၁၂၂ ဒသမ ၄၉၉၄ ကုဗတန် ဖမ်းဆီးရမိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ထားဝယ်ခရိုင်တွင် ၁၁၆ ဒသမ ၆၂၇၁ ကုဗတန်၊ မြိတ်ခရိုင်တွင် ၁၁၈၀ ဒသမ ၀၅၄၉ ကုဗတန်နှင့် ကော့သောင်းခရိုင်တွင် ၃၈၉ ဒသမ ၈၁၀၂ ကုဗတန် ဖမ်းဆီးရမိခဲ့သောကြောင့် ယခင်ဘဏ္ဍာနှစ်ကထက် တရားမ၀င်သစ်များ နှစ်ဆခန့်အထိ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

“တိုင်းထဲမှာ တရားမ၀င်သစ်တွေ ဖမ်းမိတာက အရင်နှစ် (ဘဏ္ဍာနှစ်) ကထက် နှစ်ဆတောင်ကျော်လာပြီ။ ဒါတောင် ဒီနှစ်ကုန်ဖို့ နှစ်လလောက် လိုသေးတာပါ။ အရင်နှစ်က တရားမ၀င်သစ် ၈၆၆ ဒသမ ၅၁၅၂ တန်ပဲ ဖမ်းမိခဲ့ပေမယ့် ဒီနှစ်ဇန်န၀ါရီလကုန်အထိ ဖမ်းမိထားတာ ၁၆၈၆ ဒသမ ၄၉၂၂ တန်ဖြစ်နေပြီ။ ဒါတောင် နှစ်လပိုင်းအတွင်း ဒီနေ့အထိ ဖမ်းမိထားတဲ့ သစ်တန် ၉၀ ကျော်လောက် ထည့်မတွက်ရသေးဘူး။ တရားမ၀င်သစ်တွေကို ဖမ်းဆီးဖို့ သစ်တောဌာနကနေ စစ်ကြောင်းနဲ့ ဖမ်းတာရှိတယ်။ ရှောင်တခင် လှည့်လည်စစ်ဆေးတာ ရှိတယ်။ ဒေသခံတွေထဲမှာ သတင်းပေးတွေနဲ့ သတင်းရယူပြီး ဆောင်ရွက်တာရှိတယ်။ ပြည်သူတွေပေးတဲ့ သတင်းတွေနဲ့ လိုက်လံဖော်ထုတ် ဖမ်းဆီးအရေးယူတွေရှိတယ်။ ဒီနှစ်မှာ ပိုဖမ်းမိတာကတော့ သစ်တောတွေကို ပိုမိုထိန်းသိမ်း ကာကွယ်မှုတွေ လုပ်နေတာမို့ အခုလို ဖမ်းမိတာလို့ ယူဆပါတယ်” ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

တရားမ၀င်သစ်များ ဖမ်းဆီးရရှိမှုကြောင့် အရေးယူမှုများ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃၃၅ မှုရှိပြီး တရားစွဲဆိုမှု ၃၆ မှုနှင့် သစ်တောဥပဒေဖြင့် အရေးယူမှု ၃၁၉ မှုရှိကြောင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ အရေးယူမှု ၄၄၆ မှုရှိပြီး တရားစွဲဆိုမှု ၁၀၀ နှင့် သစ်တောဥပဒေဖြင့် အရေးယူမှု ၃၄၆ မှုရှိခဲ့သည်ဟု သိရသည်။

တရားမ၀င်သစ်များ ဖမ်းဆီးရမိရာ၌ အရေးယူမှုပြုလုပ်ရာတွင် တရားစွဲဆို၍ရသော ပမာဏဖြစ်သည့် တားမြစ်သစ်များဖြစ်သော ကျွန်း၊ ပိတောက်နှင့် တမလန်း စသောသစ်များ တစ်တန်ကျော်နှင့် အခြားအသားအနေဖြင့် သုံးတန်နှင့် အထက်ကို တရားခံနှင့်အတူ ဖမ်းဆီးရရှိပါက တရားစွဲဆိုမှုပြုလုပ်ကြောင်း၊ သစ်တောဥပဒေအရ အရေးယူမှု၌ တရားစွဲဆိုရန် သတ်မှတ်ပမာဏမပြည့် တရားမ၀င်သစ် ဖမ်းဆီးရမိမှုများကို ဒဏ်ရိုက်ခြင်း၊ ပစ္စည်းသိမ်းယူခြင်း၊ ဒေသပေါက်ဈေး၏ နှစ်ဆဒဏ်ရိုက်၍ ပြန်လည် ရောင်းချပေးခြင်းနှင့် ပိုင်ရှင်ကိုဖော်ထုတ်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားသော်လည်း ဖော်ထုတ်၍ မရရှိသော တရားမ၀င်သစ်များ ဖမ်းဆီးရမိသည့်အမှုများ ပါဝင်သည်ဟု သိရသည်။

ဖြိုးဇင် (ထားဝယ်)


Eleven Media Group

No comments:

Post a Comment