Latest News

Thursday, February 9, 2017

အဖေပြောသည့် အသက်ရှည်ဆေး

အဖေပြောသည့် အသက်ရှည်ဆေး

ဖေဖော်ဝါရီ ၂ ရက်က ကျွန်တော့်အဖေ အသက် ၈၄ နှစ်ပြည့်ခဲ့ပါသည်။ အမှန်အတိုင်း  ၀န်ခံရလျှင် အဖေ့မွေးနေ့ကို ကျွန်တော်သတိမရခဲ့ပါ။ အဖေက မွေးနေ့မတိုင်မီ တစ်ရက်ရောက်ရှိလာပြီးပြောမှသာ သတိရခဲ့သည်။ ကျွန်တော်ကြိတ်၍ ရှက်နေခဲ့မိသည်။ ထိုအဖြစ်ကို အဖေ့ကိုတော့ မပြောခဲ့ပါ။ သိလျှင်  စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ဖြစ်ပါသည်။ ကိုယ့်မွေးသဖခင် ကျေးဇူးရှင်တစ်ယောက်၏ မွေးနေ့ကိုပင် မေ့နေသည့် အသိနှင့် သတိတရားကိုသာ အပြစ်တင်မိပါသည်။

အဖေက မနက်ဖြန် အဖေ့မွေးနေ့ဖြစ်သည်။ သံဃာတော်ကို ဆွမ်းချက်လောင်းမည်။ လှူဖွယ်ဝတ္ထု (သူစုဆောင်းထားသရွေ့) လှူမည်။ ထူးခြားသည်က သူကိုယ်တိုင်ဝယ်ခြမ်းပြီး မနက်စောစောထချက် လှူမည်ဟုဆိုသည်။ သားသမီးတွေနှင့် အတူနေသောကြောင့် အဘယ်အတွက် အဖေကိုယ်တိုင်ဝယ်ခြမ်း ချက်ပြုတ်မှာလဲဟု မေးကြည့်သည့်အခါ အဖေက ပြန်ပြောပါသည်။ “မနက်စောစောထချက် ရမှာဆိုတော့ သူတို့တွေ အိပ်ရေးပျက်မှာစိုးတယ်။ သူတို့တွေက မိုးလင်းကမိုးချုပ် တစ်နေကုန်တစ်နေခန်း လုပ်ကိုင်နေကြရတာ ပင်ပန်းကြတယ်။ ဒါကြောင့် အဖေ့အတွက်သူတို့ အိပ်ရေးမပျက်စေချင်ဘူး။ နောက်ပြီးတော့ အစစအရာရာ ဝေယျာဝစ္စအားလုံးကို အဖေတစ်ယောက်တည်းလုပ်တော့ အဖေကုသိုလ်တွေ များများရတာပေါ့ကွာ (ရယ်လျက်)”  ဟူ ၍ဖြစ်သည်။

အဖေ့ပြောစကားအပြီး ကျွန်တော့်စိတ်ထဲ တွေးမိသည်မှာ သူကိုယ်တိုင်ချက်လှူပြီး ကုသိုလ်များများ ရချင်သည်ဆိုသော အကြောင်းပြချက်မှာ မဖြစ်နိုင်။ ရယ်စရာသဘောနှင့် ကျွန်တော်ကျေနပ်အောင် တမင်ပြောတာဖြစ်လိမ့်မည်။ တကယ့်ရည်ရွယ်ချက် အမှန်ကတော့ သူ့သားသမီးတွေ အိပ်ရာက စောစောမထစေချင်၊ အိပ်ရေးမပျက်စေချင်သည့် စေတနာအကြောင်းသာ ဖြစ်မည်။ ကျွန်တော် တစ်ခုခု ဝေဖန်ပြစ်တင်မှာစိုးလို့သာ ဒုတိယ အကြောင်းပြတာဖြစ်မည်ဆိုတာ သိနေပါသည်။ ကျွန်တော်က အဖေ့မွေးနေ့မှာ အမှတ်တရတစ်ခုခု၊ မွေးနေ့ပွဲ (Happy Birthday) လုပ်ပေးမည်ဆိုတော့ မလုပ်ချင်ပါဘူးကွာတဲ့။

အဖေလှူချင်တာ လှူရအောင် ပိုက်ဆံနှင့် မွေးနေ့မှာ သစ်သစ်လွင်လွင် ၀တ်စားလှပနေအောင်ဆိုပြီး ၀တ်စုံကန်တော့ရင်း ပြောမိသေးသည်။ အသက် ၉၀ ပြည့်ရင် အဖေ့ကို နိုင်ငံတော်က လစဉ်ငွေ တစ်သောင်းထောက် ပံ့ပေးမှာပါဆိုတော့ အဖေပြုံးနေသည်။ ဘာကြောင့် ပြုံးတာလဲတော့မသိပါ။ မောင်ဗမာ စက်ဘီးအဟောင်းကိုစီးပြီး နားနှစ်ဖက်မှာ နားကြပ်တပ် (နားကြားကိရိယာ)၊ မျက်မှန်နှင့်ပြန်သွားသည့် အဖေ့ကိုကြည့်ပြီး ကျွန်တော့်ရင်ထဲ အတွေးများစွာ ကျန်ခဲ့သည်။ အဖေဟာ အသက် ၈၅ နှစ်ထဲတောင် ရောက်ပါရောလား။ အခုထက်ထိ စက်ဘီးတစ်စီးနဲ့ သွားနေနိုင်ပါလား။ အခုအထိလည်း ဘာရောဂါမှ မယ်မယ်ရရ မရှိသေး။ မကုရသေးပါလား။ အဖေနေမကောင်းလို့ဆိုပြီး တစ်ခါမှဆေးရုံ၊ ဆေးခန်းကြီးကြီး မသွားရဖူးပါလား။ ငါ့ထက်တောင် အဖေက ကျန်းမာကြံ့ခိုင် တက်ကြွလန်းဆန်းနေပါလား။

ထိုနေ့ညမှာတော့ အဖေ့အတွက် မှတ်မှတ်ရရလေးတစ်ခု လုပ်ပေးမိသည်။ သုံးနေ ကျဖေ့စ်ဘွတ်မှ စတေးထပ်တင်လိုက်သည်။ သူငယ်ချင်းမိတ်ဆွေနဲ့ လောကကို ကြေညာမောင်းခတ်လိုက်သည်။ ကြွားဝါလိုက်သည်။ ဂုဏ်ယူသည်ဆိုရင်လည်း မှန်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘယ်လိုပင်ထင်ကြပါစေ အဖေ့အတွက် ၀မ်းသာကြည်နူး ဖြစ်ခဲ့ပါသည်။ “ယ နေ့ ၈၄ နှစ်ပြည့်လို့ ၈၅ နှစ်ခရီးကိုနှင်ရန် အားမာန်အပြည့်နဲ့ရှိနေသော ကျွန်တော့်အဖေ” ဟူ၍ ဓာတ်ပုံနှင့်တကွ တင်ပေးခဲ့သည်။ သူငယ်ချင်း မိတ်ဆွေအပေါင်းက အဖေ့အတွက် ၀မ်းသာစကားနှင့် အသက်ရာကျော်ရှည်စေကြောင်း ဆုတောင်း မေတ္တာပို့ပေးကြသည်။ ငွေကုန်ကြေးကျနည်းသော ဟက်ပီးဘက်ဒေး တစ်ခုအဖြစ် လုပ်ပေးနိုင်ခဲ့ပါသည်။

နောက်ထပ် ပို့စ်တစ်ခုထပ်တင်လိုက်မိသည်။ “ခက်ခဲကြမ်းတမ်း လိုအပ်ချက်တွေ များလွန်းတဲ့ မြန်မာ့နိုင်ငံ ရေးခရီးကြမ်းမှာ ၈၄ နှစ်တိုင်တိုင် ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အဖေဟာ ကျွန်တော်တို့အတွက်တော့ သူရဲကောင်းပါပဲ” ဟူ၍ဖြစ်သည်။ သားသမီး ခြောက်ယောက်ကို ခြေနှစ်ချောင်း လက်နှစ်ချောင်းသက်သက်နဲ့ ကျွေးမွေးခဲ့သည့် အဖေ့စွမ်းရည်ကို အံ့သြမိသည့်အတွက် ဖြစ်ပါသည်။ ကျွန်တော်ဆိုလျှင် သားနှစ်ယောက်နှင့်ပင် ခြေကုန်လက်ပန်း ကျနေပြီဖြစ်ပါသည်။ အတူနေမြေးများက ထိုပို့စ်များကိုပြတော့ အဖေသဘောကျပြီး ပြုံးနေသည်ဟုဆိုသည်။ တချို့မိတ်ဆွေတွေက ကွန်မင့်မှာရေးကြသည်။ အဘိုး ဘာဆေးတွေစားလို့ အခုလို အသက်ရှည်ကျန်းမာနေတာလဲ။ ကျွန်တော် ကျွန်မ တို့ကိုလည်း ပြန်လည်မျှဝေပေးပါလားဟု တောင်းဆိုကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကိုမေးခဲ့ဖူးပါသည်။ တစ်နေ့ကတော့ အဖေကကျွန်တော့်ဆီကို စာတစ်စောင်ရေးပို့ပြီး ပြောပြခဲ့မှသိရပါသည်။

အဖေကျွန်တော့်ဆီ ရေးသည့်စာထဲမှာ “ကျွန်တော်စဉ်းစားကြည့်တယ်။ ရှစ်ဆယ့်ငါး နှစ်တောင်ရှိပြီဖြစ်တဲ့ ငါ့အဖေ သူများအဖေတွေ ခြောက်ဆယ်ကျော် ခုနစ်ဆယ်မှာ သားသမီးမြေးမြစ်တွေကိုတွဲပြီး လမ်းလျှောက်ကြရ ၊ တောင်ဝှေးတစ်ချောင်းအားကိုးပြီး လမ်းလျှောက်ကြရ၊ တချို့လည်း အိမ်ထဲက အိမ်ပြင်တောင်မထွက်နိုင် ကုလားထိုင်နဲ့ ကုတင်ပေါ်မှာ နေကြရတာတွေ့ရတော့ ကျွန်တော့် အဖေစက်ဘီးတစ်စီးနဲ့ လိုရာခရီးနှင်နေတာကို အံ့သြနေမိတယ်။ အဖေ့မှာ ဆေးကောင်းတစ်လက်တော့ ရှိမယ်ထင်တယ်လို့ မင်းကလည်းမေးဖူး၊ သူများတွေကလည်း သိချင်ကြတာနဲ့မို့ အဖေစာရေးပြောပြမယ်။ အဖေနှစ် ပေါင်းရှစ်ဆယ်ကျော် စားလာတဲ့ဆေးတွေက

၁။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး နဲ့ အဘိုးအဘွား၊ အမိအဖ၊ ဆရာသမားဆိုတဲ့ အနန္တောအနန္တ ငါးပါးကလွဲလို့  ဘယ်ဘိုးတော် မယ်တော်၊ ဘယ်ရိုးရာဆိုတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ တွေကိုမှ လက်အုပ်မချီတဲ့ ဆေးတစ်မျိုး။

၂။ အမှတ်နှစ်ဆေးက ဘုရား၊ တရား၊ သံဃာ၊ အဘိုးအဘွား၊ အမိအဖကို ဦးထိပ်ထားပြီး ၀ိပဿနာတရားကလွဲလို့ ဘယ်သမထ၊ ဘယ်လောကီကျင့်စဉ်တွေကိုမှ နှလုံးမသွင်း မကျင့်ကြံခြင်း။

၃။ ဘုရား၊ တရား၊ သံဃာ၊ အဘိုးအဘွား၊ အမိအဖ၊ ဆရာသမားကလွဲလို့ တခြားကိုးကွယ်ရာ ဆည်းကပ်ရာမရှိဆိုတဲ့ သစ္စာတရား ဆေးကတစ်မျိုး။

၎။ အများသူငါ သတ္တ၀ါတွေ ခလုတ်မ ထိဆူးမငြိဘဲ ဘေးကင်းရန်ကွာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံစွာ လျှောက်လှမ်းသွားလာ နိုင်ကြပါစေဆိုတဲ့ မေတ္တာတရားနဲ့ လမ်းတစ်လျှောက် တံမျက်စည်းလှဲတာ၊ လမ်းပြင်လမ်းခင်းတာက တစ်မျိုး။

၅။ နောက်ဆေးတစ်မျိုးက နေပူမရှောင် မိုးရွာမရှောင် သွားလာရုန်းကန်နေကြတဲ့ လူတွေအမောပြေရင် အေးပါစေဆိုတဲ့ မေတ္တာတရားနဲ့ သဗ္ဗသုခရေချမ်းစင်လှူခဲ့၊ ကိုယ်တိုင်ရေထမ်း ပြုခဲ့တာက တစ်မျိုး။

၆။ ဘုရားကျောင်းရိပ်သာတွေမှာ ကုဋီခေါ်တဲ့ အိမ်သာတွေကို စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်စုံစွာ သုံးနိုင်ကြပါစေဆိုတဲ့ မေတ္တာတရားထားပြီး မရွံမရှာ ဆေးကြောသုတ်သင် လုပ်ဆောင်ပေးခဲ့တာက တစ်မျိုး။

၇။ ဆင်းရဲဒုက္ခကြုံနေရတဲ့ အယုတ်အလတ်အမြတ်မရွေး သတ္တ၀ါတွေကို တတ်နိုင်သမျှ မိမိကိုယ်ကျိုးစွန့်ပြီး ကူညီဆောင်ရွက် ထောက်ပံ့ပေးကမ်းခြင်းဆိုတဲ့ အလှူဒါနနဲ့ နိဗ္ဗာန်ဆော်လုပ်ခဲ့တာက တစ်မျိုး။

၈။ အတုမရှိ၊ အလွန်တရာမွန်မြတ်လှသော ရှင်တော်မြတ်ဗုဒ္ဓရဲ့ သာသနာတော် ညစ်နွမ်းအောင်၊ ညှိုးနွမ်းအောင်၊ ဆုတ်ယုတ်အောင် ပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေထဲ မတော်တဆ ကိုယ်ပါနေရင် ခန္ဓာအသက် မငဲ့မကွက်ဘဲတားမြစ်ခြင်း၊ ပိတ်ပင်ခြင်း၊ ရင်ဆိုင်ဖြေရှင်းခြင်းဆိုတဲ့ သာသနာတော်စောင့် ရှောက်ခြင်းဆေးက တစ်မျိုး။

အဲဒီရှစ်ပါးဆေးကို အမြဲမပြတ် မှီဝဲကျင့်လာတဲ့ အတွက်ကြောင့်လို့ အဖေယုံကြည်ထားတယ်။ သားနဲ့ မိတ်ဆွေသင်္ဂဟတွေ ပို့သတဲ့ မေတ္တာကို ခံယူပေါင်းစပ်ပြီး သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ပါစေခြင်းအကျိုးငှာ လည်းကောင်း၊ သတ္တ၀ါအများ ကောင်းကျိုးဟူသမျှ ရရှိကြပါစေခြင်း အကျိုးငှာလည်း ကောင်းရှေ့ဆက်ခရီးနှင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ အဖေကတော့ ယုံကြည်နေဆဲပါ။       “ပုညံမေ ကတံ” မေ...ငါသည်၊ ပုညံ... ကောင်းမှုတွေကို၊ ကတံ...ပြုပြီးပေပြီ။ ပြုနေသည်။ ပြုဦးမည်။ “အပုညံ မေကတံ” မေ... ငါသည်၊ အပုညံ...မကောင်းမှုတွေကို၊ ကတံ ...ယခင်ကလည်း မပြုလုပ်၊ ယခုလည်းမပြုလုပ်၊ နောင်လည်း ဘယ်တော့မှမပြုလုပ်”  ဟူ၍ စာကို အဆုံးသတ်ထားပါသည်။

ကျွန်တော့်အဖေ ယခုလို အသက်ရှည် ကျန်းမာကြံ့ခိုင်နေနိုင်ခြင်းသည် စာထဲတွင်ရေးသားသည့် အဖေ့ယုံကြည်ချက်၊ ကျင့်ကြံပြုမူမှု၊ စေတနာတရား၊ သစ္စာတရားတို့ကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ ယတိပြတ်တော့ မဆိုလိုပါ။ ပစ္စုပ္ပန်ကံတရားဖြစ်သော အလုပ်များ၏ အကျိုးဆက်တစ်ခုတည်း ဖြစ်ချင်မှလည်း ဖြစ်ပါမည်။ အတိတ်ကံ၏ အကြောင်းတရား အထောက်အပံ့လည်း ပါပါလိမ့်မည်။ ကျွန်တော်တို့သည် ကံကံ၏အကျိုးကို ယုံကြည်သက်ဝင်သောကြောင့် ဖြစ်ပါသည်။

အဖေနှင့် ပတ်သက်၍ ကျွန်တော်လေ့လာ သတိထားမိသည့် အခြားအကြောင်းများလည်း ရှိပါသည်။ အဖေသည် ဘယ်သောအခါမှ စိတ်ဓာတ်ကျခြင်း၊ စိတ်ညစ်ခြင်းကို မပြောဘူးပါ။ လုပ်ကြည့်ဦးမယ်၊ လုပ်မည်ဟုသာပြော လေ့ရှိသည်။ စိတ်ဓာတ်အလွန် ကြံ့ခိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ ဝေဒနာတစ်ခုခု (ညောင်းညာကိုက်ခဲ မစားချင် မသောက်ချင်) ခံစားရသည့်အခါ အလွယ်တကူ ဆေးသောက် ဆေးထိုးမလုပ်ပါ။ ညောင်းသည်ဆိုလျှင် လမ်းလျှောက်ခြင်းမှအစ လှုပ်ရှားမှု တစ်ခုခုပြုလေ့ရှိသည်။ အလုပ်တစ်ခုခု ထလုပ်တတ်သည်။ ဝေဒနာကိုခံစားပြီး မနေတတ်ပါ။ ဝေဒနာကို အလိုမလိုက်ရဘူးဟုလည်း ပြောဖူးပါသည်။ ထိုသို့မှမသက်သာလျှင် ဆေးလိမ်းတာမျိုး လုပ်သည်။ နောက်ဆုံးမသက်သာလျှင် တရားထိုင်သည် ၀ိပဿနာရှုမှတ်သည်။ ဝေဒနာ ကင်းစင်ပျောက်သွားအောင် ရှုမှတ်လေ့ရှိသည်။ သစ္စာဆိုတတ်သည်ကိုလည်း သိထားပါသည်။

သူ၏ စားသောက်မှုကို သတိထားမိသည်။ အသားငါးကို ဟုတ်တိပတ်တိ (စွဲစွဲ လန်းလန်း) စားလေ့မရှိပါ။ တို့စရာနှင့် ငါးပိရည်ကိုတော့ အမြဲစားသည်။ တို့စရာဆိုလျှင်လည်း အရွက်ကို ဦးစားပေးစားလေ့ရှိသည်။ ဈေးမှဝယ်လို့ရသည့် အများသူငါ စားနေကျတို့အပြင် သရက်ရွက်၊ သင်္ဘောရွက်၊ ကြောင်လျှာရွက်၊ ပွေးကိုင်းရွက်နုတို့ကို ခူးတို့တတ်သည်။ စတုမဓုကဲ့သို့သော ဆေးမျိုးကို ကိုယ်တိုင်ဖော်စပ်၍ စားတတ်သည်ကို တွေ့ရပါသည်။ ယနေ့ခေတ်ပေါ် အစားအစာများ၊ ရယ်ဒီမိတ်များကို အဖေစားလေ့စားထ မရှိပါ။ တစ်ခါတစ်ရံ အတင်းကျွေးမှသာ စားတတ်ပါသည်။

အဖေ အခုလိုကျန်းမာရွှင်လန်းနေတဲ့အတွက် ကျွန်တော်တို့သား သမီးများ လွန်စွာ ၀မ်းသာကြည်နူးရပါသည်။ အဖေကျန်းမာနေခြင်းသည် ကျွန်တော်တို့အတွက် ဆုလာဘ်ကြီးကြီး ရရှိခြင်းလည်းဖြစ်သည်။ အဖေ၏ သက်ရှည်ကျန်းမာခြင်း အကြောင်းတရားများကို အမှန်တရားတစ်ခုအဖြစ် ရေးသားခြင်းတော့ မဟုတ်ပါ။ တိုက်ဆိုင်မှုလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော် အမေ့ထက်အနှစ်နှစ် ဆယ်လောက်ပိုနေရပြီး ကျန်းမာလန်းဆန်း နေတုန်းရှိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ စာဖတ်သူအားလုံးတွင်လည်း အဖေတွေ ရှိကြပါလိမ့်မည်။ ရှိသည့်အဖေများ အသက်ရှည်ကျန်းမာခြင်းကို လိုလားတောင့်တကြမည် သာဖြစ်ပါသည်။ အဖေ့စာသည် စာဖတ်သူတို့ အတွက် တစ်နည်းတစ်ဖုံ အကျိုးပြုမည်ဆိုလျှင် အဖေ့ကိုယ်စား ကျွန်တော်ဝမ်းသာ ကြည်နူးမိပါမည်။ အဖေလည်း ကျေနပ်ပီတိ ဖြစ်လိမ့်မည်ထင်သည်။ အဖေတိုင်း သက်ရှည်ကျန်းမာ ရွှင်လန်းနိုင်ကြပါစေကြောင်း ဆုတောင်းလျက်။

Writer:
သန်းထိုက် (သာကေတ)

===========
Eleven Media Group

No comments:

Post a Comment