Latest News

Sunday, February 26, 2017

တာဝန်ကျေသော နိုင်ငံသား သို့မဟုတ် ဂုဏ်ပြုထိုက်သော စွန့်ဝံ့သူ

တာဝန်ကျေသော နိုင်ငံသား သို့မဟုတ် ဂုဏ်ပြုထိုက်သော စွန့်ဝံ့သူ

အသက် သုံးလကျော် လသားအရွယ် ကလေးငယ်ကို တစ်ဖက်ကချော့သိပ်ရင်း အသက်ခုနစ်နှစ်အရွယ်နှင့် အသက်သုံး နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦး ကို ကျောင်းသွားရန် ပြင်ဆင်ပေးနေသည့် အသက်၃ဝ အရွယ် အမျိုးသမီးတစ်ဦး။

''သူမရှိတော့ လစ်ဟာသွားတာတွေ က အများကြီးပဲ။ အခက်အခဲတွေလည်း ရှိတယ်။ လစ်ဟာသွားတဲ့နေရာ အစားထိုး လို့မရဘူး။ စီးပွားရေးကအစ၊ ကလေးတွေ ကျောင်းပို့တာကအစ အစစအရာရာ သူပဲလုပ်တာ''ဟု အိမ်နံရံတွင် ချိတ်ဆွဲ ထားသည့် သေဆုံးသူခင်ပွန်းသည်၏ ဓာတ်ပုံကိုကြည့်ရင်း မစုသက်ခိုင်က ပြောသည်။

မစုသက်ခိုင်၏ ခင်ပွန်းအသက် ၄၈နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးနေဝင်း(ခ) ဦးဝင်းလွင်သည် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်ခန့် က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအတွင်း ပြည်ပ ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ သည့်သူအား တာဝန်သိပြည်သူတစ်ဦး အနေဖြင့် လိုက်လံဖမ်းဆီးရင်း သေနတ် သမား၏ ပစ်ခတ်မှုကြောင့် အသက် သေဆုံးခဲ့ရသည်။

လုံခြုံအေးချမ်း တည်ငြိမ်သော လူ့ဘောင်ကို တည်ဆောက်နိုင်ရေး တွင် နိုင်ငံတော်အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်း များသာမက အများပြည်သူ ပူးပေါင်း ပါဝင်မှုတို့လည်း လိုအပ်ရာ အများ အကျိုးအတွက် လုံခြုံအေးချမ်းတည်ငြိမ် သော လူ့ဘောင်တည်ဆောက်ရေး အတွက် ပြည်သူထဲမှ ပြည်သူတို့၏ စွန့်လွှတ်မှု၊ ရဲရင့်မှု၊ အနစ်နာခံမှုတို့ဖြင့် ဦးနေဝင်းက အသက်ကို ပေးဆပ်ပြီး သက်သေပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံသူ နိုင်ငံသားများ၊ ပရဟိတ စေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ လစဉ်ချီးကျူး ဂုဏ်ပြုထိုက်သူများကို ရွေးချယ်၍ ''ပြည်သူသို့ ကျေးဇူးတင်လွှာ'' ထုတ်ပြန် ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးနေဝင်းကို ရွေးချယ်ခဲ့သည်။
''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြု တယ်ဆိုတော့ ကိုနေဝင်းအတွက် ဂုဏ်ယူမိပါတယ်။ ကလေးတွေအတွက် ဂုဏ်ယူ ထိုက်တဲ့ ဖခင်ဖြစ်တဲ့အတွက်လည်း ရင်ထဲ အမြဲ အမှတ်ရနေမှာပါ''ဟု ဦးနေဝင်း ၏ဇနီးဖြစ်သူ မစုသက်ခိုင်က ပြောသည်။

''ကားမောင်းတဲ့သူ သေနတ်နဲ့ ပစ်ခံ ရတယ်ဆိုတာ မယုံဘူး။ စတာနောက်တာ ပဲ ထင်နေတယ်။ ယုံလည်းမယုံကြည်ခဲ့ဘူး။ ဖြစ်ရင်လည်း အပေါ်ယံလောက်ပဲဖြစ် မယ်ထင်တာ။ အခုလို အသက်ဆုံးရှုံးတဲ့ ထိဖြစ်မယ်လို့ မယုံခဲ့ဘူး''ဟု ဦးနေဝင်း၏ဇနီးဖြစ်သူ မစုသက်ခိုင်က ပြန်ပြောင်း ပြောပြသည်။

ဆုံးပါးသွားသည့် ခင်ပွန်းသည် အတွက် ရည်စူးကာ ရွှေတိဂုံစေတီတော် တွင် ရွှေပြားကပ်လှူပူဇော်ခြင်း၊ နေအိမ်အနီး ဘုန်းတော်ကြီးကျောင်းတွင် ကုဋီနှင့် ရေချိုးခန်း ဆောက်လုပ်လှူဒါန်းခြင်း ကုသိုလ်ကောင်းမှု များကို ပြုလုပ်ပေးခဲ့ ကြောင်း မစုသက်ခိုင်က ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်က ကိုနေဝင်းအတွက် ရည်စူးကာ သံဃာ တော်များအား အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်များအား စတုဒိသာကျွေးမွေး လှူဒါန်းခြင်းစသည့် ကောင်းမှုကုသိုလ် များ ပြုလုပ်သွားမည် ဟု မစုသက်ခိုင်က ပြောသည်။
အိမ်ထောင်သက် ၁ဝ နှစ်ကျော်ရှိပြီ ဖြစ်သည့် ဦးနေဝင်းသည် ၎င်းကွယ်လွန် ချိန်တွင် အသက်ခုနစ်နှစ်အရွယ် ဒုတိယ တန်းကျောင်းသား၊ အသက်သုံးနှစ်ခွဲ အရွယ် JSchool ကျောင်းသားနှင့် ၄၅ ရက် လသားအရွယ် ကလေးငယ် တစ်ဦးတို့ ကျန်ရှိခဲ့သည်။

ဦးနေဝင်းသည် မိသားစုစီးပွားရေး အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် ပို့ဆောင်ရေး ဆောင်ရွက်နေသည့် ပျံသန်းသောပျံလွှား သယ်ယူပို့ဆောင်ရေးအသင်းသို့ လွန်ခဲ့ သော ခြောက်လခန့်က ဝင်ရောက်ခဲ့ပြီး ယာဉ်မောင်း အလုပ်ကို လုပ်ကိုင်ခဲ့ ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။
''ကိုနေဝင်းက ပျော်ပျော်နေတတ် တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အားလုံးကို ကူညီတတ်တယ်။ အသင်း သားတစ်ယောက် ဆုံးရှုံးသွားတဲ့အတွက် အားလုံးက စိတ်မကောင်းဖြစ်နေကြ တယ်''ဟု အသင်းဥက္ကဋ္ဌက ဆက်ပြောသည်။

ထို့အတူ ပျံသန်းသော ပျံလွှား သယ်ယူပို့ဆောင်ရေးအသင်းမှ အသက် ၆ဝ ကျော်အရွယ် ယာဉ်မောင်း အန်ကယ် ဟစ်(ခ)ဦးဉာဏ်ထွန်းက ''ကိုနေဝင်းက ပရဟိတစိတ်ရှိတယ်။ ပရဟိတစိတ်ရှိလို့ လည်း အခုလိုဖြစ်သွားတာပေါ့''ဟု ပြော သည်။
''ကိုနေဝင်းသေဆုံးသွားတဲ့အတွက် စိတ်တော့မကောင်းဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ဂုဏ်ပြု လိုက်တော့ အသက်ကို ပဓာနမထားဘဲ သူစွမ်းဆောင်ခဲ့တဲ့အပေါ် လုပ်ဖော် ကိုင်ဖက်တစ်ဦးအနေနဲ့ ဂုဏ်ယူတယ်'' ဟုအန်ကယ်ဟစ်(ခ)ဦးဉာဏ်ထွန်းက ပြောသည်။

ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း စနစ်သစ်စတင်ချိန်တွင် ရန်ကုန်လေဆိပ် တွင် ပြေးဆွဲနေသည့် ခရီးသည်တင် တက္ကစီအသင်းကားများ အခမဲ့ပြေးဆွဲ ပေးခဲ့ရာ ပျံသန်းသော ပျံလွှားသယ်ယူပို့ ဆောင်ရေး အသင်းမှလည်း ပါဝင်ခဲ့ရာ အသင်းသား တစ်ယောက်ဖြစ်သူ ကိုနေဝင်းအနေဖြင့်လည်း ပရဟိတ စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ကူညီခဲ့သည် ဟု အသင်းဥက္ကဋ္ဌက ပြောသည်။
နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး တာဝန် ကျေပွန်ခဲ့သည်သာမက နိုင်ငံသားတစ်ဦး ၏ တာဝန်ကို အသက်ပေးပြီး ဆောင်ရွက် ခဲ့သည့် ဦးနေဝင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)ကလည်း ဂုဏ်ပြု မှတ်တမ်းတင်ခဲ့သည်။

ကိုနေဝင်းအတွက် ပျံသန်းသော ပျံလွှားသယ်ယူပို့ဆောင်ရေးအသင်းက အသင်းသားများစုပေါင်းပြီး ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန် တွင် ပြုလုပ်ပေးထားသည့် အုတ်ဂူလေး က ယနေ့အချိန် ဖခင်ကွယ်လွန်ခဲ့သည်ကို မသိနိုင်သေးသည့် ¤င်း၏သားသမီးများ အတွက် နောင်တစ်ချိန် အမှတ်ရဂုဏ်ယူ စရာဖြစ်လာမည်ဖြစ်ရာ ဇနီးဖြစ်သူ မစုသက်ခိုင်က ကိုနေဝင်းက ကလေးတွေ အတွက် ဂုဏ်ယူထိုက်တဲ့ ဖခင်ဖြစ်တဲ့ အတွက် ရင်ထဲအမြဲအမှတ်ရနေမှာပါ ဟု ပြောသည်

သတင်းဆောင်းပါး - မင်းသစ် ( ပြန်/ဆက် )

No comments:

Post a Comment