Latest News

Monday, February 6, 2017

ဦးကိုနီ၏ သမီးအကြီးဆုံး ဒေါက်တာယဉ်နွယ်ခိုင် နှင့် တွေ့ဆုံခြင်း

ဦးကိုနီ၏ သမီးအကြီးဆုံး ဒေါက်တာယဉ်နွယ်ခိုင် နှင့် တွေ့ဆုံခြင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတစ်ဦးရဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရချိန်မှာ သူ့ရဲ့မြေးကလေးကို ချီထားရင်းနဲ့ လဲကျသေဆုံးသွားခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုပ်ကြံခံရစဉ်မှာ ဦးကိုနီရဲ့ ရင်ခွင်ထဲမှာရှိနေခဲ့တဲ့ နှစ်နှစ်နှစ်လအရွယ် ကလေးငယ်လေးရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ မြင်ခဲ့ရသမျှတွေ၊ ကိုနေ၀င်း မိသားစုဝင်အတွက် ထပ်တူဝမ်းနည်းရမှု အကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးကိုနီရဲ့ အိမ်အပြန်ခရီးကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တဲ့ သမီးအကြီးဆုံးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နဲ့ မေးမြန်းသမျှကို ဖော်ပြလိုက်ပါတယ်။



“လူတစ်ဖက်သားကို နာနာကျင်ကျင်နဲ့ အထက်စီးက ဆက်ဆံတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ Political လုပ်နေတာဆိုတော့ သဘောထား ကွဲလွဲကောင်း ကွဲလွဲနိုင်လိမ့်မယ်”

■ မေး - ပထမဆုံးအနေနဲ့ ဖြစ်စဉ်လေးကို အရင်ပြောပေးပါ။

■ ဖြေ - အစ်မအမေရဲ့ အဘွားက စနေနေ့ညက ဆုံးတယ်။ ပထမတော့ အဖေက တနင်္ဂနွေပြန်လာမယ်ဆိုပြီး အမေရော အစ်မရော သွားကြိုဖို့စီစဉ်ပြီးကာမှ အဘွားက တနင်္ဂနွေမှာ အသုဘချတော့ အမေကို ပင်ပန်းတယ်ဆိုပြီး မလိုက်ခိုင်းဘဲ အစ်မဘာသာ တူလေးကိုခေါ်ပြီး သွားကြိုလိုက်တယ်။ သွားကြိုတော့ လေဆိပ်ထဲက အဖေက ထွက်လာတယ်။ အဖေက လွယ်အိတ်လေးလွယ်ထားတယ်။ လဗ်ကေ့လေးနဲ့၊ အဖေက သူ့မြေးလည်းမြင်ရော အားရပါးရနမ်းရှုပ်ပြီး ချီလိုက်တယ်။ အဲဒါနဲ့အစ်မကလည်း လဗ်ကေ့လေးဆွဲပြီး သူတို့ မြေးအဘိုးကရှေ့ကထွက် အစ်မက နောက်ကလိုက်လာတာပေါ့။ ထွက်ပြီးတော့ အစ်မက အိမ်ကားကို လှမ်းခေါ်လိုက်တယ်။ အစ်မတို့က လေးနာရီလောက် ကြိုရောက်နေတော့ ပါကင်မရလို့ အဝေးမှာ ရပ်ထားတယ်။ အစ်မတို့ ထွက်လာမှ ဖုန်းဆက်တော့ကားက တက်လာနေပြီ။ အစ်မတို့ရှိတဲ့နေရာကို အစ်မက လမ်းညွှန်နေတော့ အဖေက ဘာကြောင့်လဲမသိဘူး။ ပုံမှန်ဆို အဖေက ဒီဘက်မှာပဲရပ်တယ်။ အဲဒီ လိုကနေ ဟိုဘက်ကို ကျော်ပြီး သွားရပ်တယ်။ ကားကလည်းလာနေပြီ။ ၂ ကား ၃ ကားလောက်ပဲ စောင့်ရတော့မယ်။ အဲဒီအချိန်မှာ အစ်မက ဦးလေးကိုနေရာကို လမ်းညွှန်နေတုန်း အချိန်မှာ ဒိုင်းဆိုပြီး ပစ်သွားတာ။ အဲဒီအချိန် အစ်မ ရုတ်တရက် ထင်တာက ကားဘီးပေါက်တာပေါ့။ ညီမလေးရယ် မြန်မာနိုင်ငံမှာ သေနတ်ဆိုတဲ့ အသံမျိုး ကြားမှ မကြားဖူးတာနော်။ လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကားတစ်စီးက အဖေနဲ့ နည်းနည်းလေး ကွယ်နေတယ်။ အဖေကခွေနေပြီး အဖေ့ခြေရင်းဘေးမှာ သားသားက ၀မ်းလျားထိုးလေး။ ကလေးကလည်း အရမ်းကြောက်နေတယ်။ ခုနကအသံနဲ့ အဖေနဲ့ကိုလည်း မဆက်စပ်မိဘူး။

■ မေး - သေနတ်နဲ့ အပစ်ခံရတဲ့အချိန်မှာ ဆရာဦးကိုနီက မြေးလေးကို ချီထားတာဆိုတော့ ကလေးအဲဒီဖြစ်စဉ်ကို အနီးကပ်မြင်ခဲ့ရတဲ့အတွက် ကလေးရဲ့ ကျန်းမာရေးအခြေအနေရော အဆင်ပြေရဲ့လား။

■ ဖြေ - ကလေးရဲ့ အခြေအနေက အခု တစ်ခုခုဖြစ်ပြီဆို မျက်ရည်ကျပြီး ၀မ်းနည်းပက်လက်ကို ငိုလာတယ်။ ဟိုနေ့ကဆိုလည်း ဆော့နေရင်းကနေ  ငြိမ်သွားပြီး ငူငူကြီး စကားလည်းမပြောတော့ဘူး။ စိုက်ကြည့်နေတယ်။  အစ်မယောက်မလေးနဲ့ အပြန်အလှန် တူတူဆော့နေရာကနေ လုံးဝငြိမ်ပြီး ထထွက်သွားပြီးတော့ ငိုငိုပြီး လမ်းလျှောက်သွားတာ။ ကလေးကို ကြည့်ရတာက သူ့မသိစိတ်ထဲမှာ အဲဒါကြီးက အကြီးကြီး ကျန်ခဲ့တယ်ထင်တယ်။ သေနတ်နဲ့ပစ်တယ်။ အဲဒါကြီးကိုသူပဲ မြင်လိုက်သလား၊ ဘယ်လိုလဲ မသိပါဘူး။ သူက အဲဒီအချိန်မှာ အနီးကပ်ရှိတာဆိုတော့ သူပြောတာက ဒိုင်းဘုန်းဆိုပြီးပြောတယ်။ ဒိုင်း နာနာက ဘုန်းဆိုပြီးတော့ ပြောတယ်။ အစ်မတို့ကတော့ သူ့စိတ်ထဲကနေ ပျောက်သွားအောင် လုံးဝမပြောမိအောင်ကို နေနေရတယ်။ သူဘာ မှန်းမသိလိုက်ပေမယ့် သူ့အဘိုးကို တစ်ယောက်က ပစ်လိုက်တယ်။ လဲကျသွားပြီး သွေးတွေလဲအိုင်နေတာကို သူကအနီးကပ်မြင်နေရတာဆိုတော့ တော်တော်ရှော့ရသွားမယ်တော့ ထင်တယ်။ ကလေးဆိုတော့ မပြောတတ်တဲ့အရွယ်လေ။ အစ်မတို့လည်း အဖေ့ကိစ္စတွေ ရှိနေလို့ပြီး သွားရင်တော့ ကလေးစိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်ဖို့ စီစဉ်မှာပါ။

■ မေး - သေနတ်နဲ့ ပစ်လိုက်တဲ့ အချိန်မှာရော ကလေးထိခိုက်မိတာတွေ ၊ ပြုတ်ကျသွားတာတွေ ဖြစ်သေးလား။

■ ဖြေ - အဲဒီအချိန်တုန်းက အခြေအနေကို အစ်မတကယ် မမြင်လိုက်ဘူး။ အစ်မက နေရာကို ညွှန်နေတဲ့အချိန် ဆိုတော့လေ။ အစ်မမြင်တဲ့အချိန်မှာ အဖေက လဲနေပြီ။ ပုံမှန်အနေအထားနဲ့ဆိုရင်တော့ အဖေ့အရပ်က ခြောက်ပေနီးပါးရှိတော့ ကလေးကိုချီထားရင် ငါးပေခွဲလောက်မှာ ကလေးကရှိမယ်။ အဲဒါဆို ငါးပေခွဲ နီးပါးလောက်ကနေ လွတ်ကျမှာ။ အနည်းဆုံးပွန်းမယ်၊ ပဲ့မယ်၊ ဒီကလေးလေး ဆိုရင်ကျိုးတောင် သွားနိုင်တယ်။ ဒါပေမဲ့ သူ့မှာ ဘာဒဏ်ရာမှ မရှိဘူး။ အဖေက နောက်ဆုံးအချိန်ထိ သူ့မသိစိတ်က ကလေးကို လွှတ်မချလိုက်ဘဲနဲ့ ပိုက်ထားပြီးပဲ လဲကျသွားတယ်ထင်တယ်။ လွှတ်ချတာမျိုးတော့ ဖြစ်ခဲ့တဲ့ပုံမပေါ်ဘူး။ နောက်မှ ကလေးက လျှောထွက်သွားတာ ဖြစ်မယ်။ သူ့ဘာသာလန့်ပြီး ဟိုဘက်က ထွက်သွားသလားပဲ။ လွှတ်ချရင် ကလေးနာမယ်။ နာရင်သူ တအားအော်ငိုမှာ။ ကလေးကိုလည်း အရမ်းစိတ်ပူတော့ မြန်မြန်သွားကြည့် ရတာပေါ့။ အဖေ့ဆီက သွေးစွန်းနေတာလေးတွေ တွေ့တော့ လန့်သွားတယ်။ ကလေးလည်း ထိသွားနိုင်တယ်လေ။ အစ်မလည်းကလေးကို လှန်လှောပြီးကြည့်တယ်။ ကလေးမှာဘာမှ မရှိဘူး။ ဘာလို့လဲဆိုတော့ ချီးတွေ၊ သေးတွေပါ ထွက်ကျထားတာ။ ဒိုက်ပါခံထားတယ်။ ဒီဒိုက်ပါ ကြီးကိုဖြဲလိုက်တဲ့အခါ ကလေးကျော မှာညိုညိုကြီးဆိုတော့ အစ်မ ဒိန်းခနဲကို ဖြစ်သွားတာ။ ကလေးများ ထိသွားသလားဆိုပြီး ပြီးမှသူ့အီးတွေ ဖြစ်နေတယ်။

■ မေး - ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ဖို့ ဘာတွေများ ဆက်လုပ်မလဲ။

■ ဖြေ - အစ်မတို့အနေနဲ့ ဘာမှထပ် လုပ်ချင်တာတွေ မရှိပါဘူး။ ဒါကတော့ နိုင်ငံတော်ရဲ့ ကိစ္စဖြစ်သွားပြီ။  အစ်မလည်း ဥပဒေဘက်နဲ့ပတ်သက်ပြီး သိပ်လည်းနားမလည်ပါဘူး။ အစ်မတို့ မိသားစုဘက်ကလည်း ဥပဒေ အရ တိုင်တာတောတာတွေတော့ မရှိသေးပါဘူး။ လောလောဆယ်မှာ အစ်မတို့လည်း အကုန်လုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်နေရလို့ပါ။ အဘွားကလည်း ရှစ်ဆယ်ကျော်ဆိုတော့ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး နေကောင်းအောင် ဂရုစိုက်နေရတယ်။ နယ်က အဖေ့အဒေါ်တွေလည်း လိုက်လာဆိုတော့ အိမ်မှာအဘွားကြီး လေးယောက်ဖြစ်နေတယ်။ အဖေ့စိတ်နဲ့ဆိုတော့ သူတို့ကျန်းမာရေးလည်း အဆင်ပြေအောင် စောင့်ရှောက်နေရတယ်။ အဘွားကလည်း အစ်မတို့မျက်နှာနဲ့ဆိုတော့ သူအားတင်းနေတာပေါ့နော်။

■ မေး - ဆရာ သက်ရှိထင်ရှားရှိစဉ်ကရော ဆရာ့ကို ရန်ငြိုးရန်စ ထားခဲ့ဖူးသူရော အစ်မ သိသလောက် ရှိမလား။

■ ဖြေ - အဖေ့မှာ Personal ရန်သူမျိုးတော့ မရှိပါဘူး။ လူတစ်ဖက်သားကို နာနာကျင်ကျင်နဲ့ အထက်စီးက ဆက်ဆံတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ Political လုပ်နေတာဆိုတော့ သဘောထား ကွဲလွဲကောင်း ကွဲလွဲနိုင်လိမ့်မယ်။ Personal အရတော့ တိုက်ခိုက်မယ့်သူတော့ မရှိနိုင်ပါဘူး။

■ မေး - Facebook ပေါ်က ဆရာ့အပေါ်မှာ တိုက်ခိုက်မှုတွေ အပေါ်ရော ဘယ်လိုများ မြင်မိပါသလဲ။

■ ဖြေ - အစ်မအမှန်အတိုင်းပြောရင် ဖေဖေ့ Facebook Page ကို ဘယ်တော့မှ မကြည့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမလေး စဉ်းစားကြည့်ပါ။ ညီမတို့မှာလည်း မိဘရှိတယ်။ ညီမလေးမိဘကို တစ်ယောက်ယောက်က  ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲနေရင် ညီမဘယ်လိုခံစားရမလဲ။ အခြားလူတောင် အဖေ့ကိုယ်စား ဆရာရယ်ဆိုပြီး ဖြစ်သေးတာပဲ။ အစ်မတို့က မိသားစုလေ။ အစ်မတို့က ကင်းအောင်နေမိသလို ဖြစ်နေတယ်။ အစ်မတို့က တရားနဲ့ပဲ ဖြေလိုက်ရတာ။ သူအလုပ်နဲ့ ပတ်သက်ပြီးလည်း ကဲပြောလို့ မရဘူးဆိုလည်းလုပ်။ အစ်မတို့မှာသူ့အတွက် ဆုတောင်းပေးရတာပဲရှိတာ။ ဘုရားရှိခိုးတာနဲ့ အဖေကျန်းမာပါစေ ဆုတောင်းပေး ရတယ်။ တတ်နိုင်ရင် ကျွန်မအဖေ့ အကြောင်းတွေမဖတ်ဘူး။ လျစ်လျူရှုလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒေါသပါတယ်၊ စိတ်ဆိုးမိမယ်။ မကောင်းဘူး။ ဘယ်သူ့အပေါ်မှ စိတ်မဆိုးချင်ဘူး။ ဒေါသမထွက်ချင်ဘူး။ တရားနဲ့ ပဲနေချင်တယ်။

■ မေး - မြန်မာနိုင်ငံက ဒီလိုသေနတ်နဲ့ ပစ်ဖို့ဆိုတာ တစ်ခါမှမတွေးဖူးတဲ့ ကိစ္စတစ်ခုပေါ့နော်။ အဲဒီအပေါ် မှာရော မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

■ ဖြေ -  Alarming တော့ ဖြစ်သွားတာပေါ့။ အစ်မတို့က နိုင်ငံခြားလည်း မဟုတ်ဘူး။ သေနတ်သံ အရင်ကလည်း မကြားဖူးဘူး။ အစ်မဆိုလည်း ကားဘီးပေါက်တယ်လို့ပဲ ထင်မိတာဆိုတော့ လုံခြုံရေးကတော့ နည်းနည်းတော့ မြင့်သွားမယ်ထင်တယ်။ သြော်ဒီလောက်ကြီးတောင် ဖြစ်နိုင်တယ်ဟဲ့ဆိုပြီးတော့ စိတ်ကတော့ ဖြစ်သွားတယ်။

■ မေး - တရားခံကို လိုက်ဖမ်းရင်းက ဆုံးပါးသွားတဲ့ ဦးနေ၀င်းမိသားစုနဲ့ ပတ်သက်ပြီးရော ဘာများ ပြောချင်ပါလဲ။

■ ဖြေ - အစ်မ ဦးနေ၀င်းအသုဘကိုလည်း လိုက်ပို့ပါတယ်။ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ စိတ်ကောင်းဘူးဆိုတဲ့ စကားတစ်ခွန်းကပြောရတာ တအားလွယ်တယ်။ ဒါပေမဲ့ အခုချိန်မှာ အစ်မပြောတဲ့ စိတ်မကောင်းဘူးက ဦးနေ၀င်း မိသားစုကို အစ်မနဲ့ တစ်ထပ်တည်း ပြောနေတာပါ။ ဒီဖြစ်ရပ်တစ်ခုကို အစ်မတို့ နှစ်ယောက်လုံး အတူတူကြုံရတာပါ။ ဒီစိတ်မကောင်းဘူးဆိုတဲ့ စကား အစ်မအလေးအနက်ကို ပြောတာပါ။ ဒီလိုစိတ်မကောင်းလို့လည်း အစ်မအိမ်မှာ အဖေ့နာရေးဖြစ်နေတာတောင် အစ်မသူ့အသုဘကို မရမက လိုက်ပို့တာပါ။ ပိုဆိုးတာက အစ်မတို့က လူကြီးတွေပါ။ ကိုနေ၀င်း အမျိုးသမီးလေးက သုံးဆယ်ပဲလားရှိသေးတယ် ကြားတယ်ဆိုတော့ အစ်မထက် အများကြီးငယ်တယ်လေ။ သူက ကလေးကသုံးယောက်၊ အငယ်ဆုံးလေးကတော့ ၄၅ ရက်သားဆိုတော့ သူ့အတွက် ယူကြုံးမရ ဖြစ်မိပါတယ်။ ဘယ်လောက်တောင် သူ့အတွက် ဆုံးရှုံးရှာမလဲ။ ကိုယ်တွေကမှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သေးတယ်။ ကိုယ်စိတ်မာ နေသေးတယ်ဆိုတာလည်း အမေ့အတွက် စိတ်မာနေသေးတာပါ။ အဖေတစ်ယောက် ဆုံးရှုံးခြင်းအတူတူ  အားကိုးအားထားရာ အကြီးကြီးတောင်ကြီးတစ်ခုလုံး ပြိုလဲသွားသလို၊ ကလေးသုံးယောက်အတွက် အနာဂတ်ကိုပါ အစ်မစိတ်လည်းမကောင်းဘူး။      
     
Writer:
တင်ယုနွယ်

Eleven Media Group Co., Ltd

No comments:

Post a Comment