Latest News

Saturday, February 18, 2017

လူထုကလည်း အခွန်ဆောင်ပါ၊ အခွန်ကလည်း လူထုအကျိုးဆောင်ပါ

လူထုကလည်း အခွန်ဆောင်ပါ၊ အခွန်ကလည်း လူထုအကျိုးဆောင်ပါ

အစိုးရသစ် လက်ထက်မှာ အတက်ကြွဆုံးဌာနက အခွန်ဌာန ဖြစ်ပါတယ်။ အစိုးရသစ် အခွန်ဌာနရဲ့ ပထမဆုံး ခြေလှမ်း အဖြစ် တယ်လီဖုန်းဘီလ်တွေကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုနဲ့ စတင်ခဲ့ပါတယ်။ စတင် ကောက်ခံစဉ်က ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကောက်ခံရရှိ ငွေတွေကို ပညာရေး အတွက်သုံးမယ် ဆိုပြီး တရားဝင် ထုတ်ဖော်ခဲ့ပါတယ်။ အခွန်က ရရှိတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ကြေညာတာကြောင့် အခွန်ဆောင်သူတွေ ဘဝင်ကျခဲ့ပါတယ်။

အခွန် ကောက်ခံမှုတိုင်း အတွက် ဖုန်းဘီလ် ကုန်သွယ်ခွန် ကောက်ခံသလို ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ ဘက်စုံ ချွတ်ခြုံ ကျခဲ့ရတဲ့ နိုင်ငံတခုကို ပြန်လည် တည်ဆောက်ရာမှာ ဘဏ္ဍာငွေတွေ မဖြစ်မနေ သုံးစွဲကြရမှာပါ။ နိုင်ငံ တည်ဆောက်ရေး အတွက် အခွန်ကောက်ခံမှုက မဖြစ်မနေ လိုအပ်တာလည်း အမှန်ပါပဲ။ ပြည်သူလူထုထံက ကောက်ခံရရှိတဲ့ အခွန်အတုပ်တွေကို ပြည်သူလူထု အတွက် ဘယ်လိုသုံးစွဲမလဲဆိုတာ အရေးကြီးပါတယ်။ အခွန်ထမ်း ပြည်သူတွေက သူတို့ ပေးဆောင်လိုက်ရတဲ့ အခွန်တွေကို ဘယ်မှာ သုံးမယ် ဆိုတာ သိချင်ကြမှာပဲ။
အခွန်အတုပ် မရဘဲ နိုင်ငံတည်ဆောက်ရေး ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ နိုင်ငံကြီးသား ပီသသူတိုင်း အခွန် ပေးဆောင်ရ စမြဲ ဖြစ်ပါတယ်။ သို့သော် အခွန်ကောက်ခံမှုမှာ တရားမျှတတဲ့ အခွန် ကောက်ခံမှု ဖြစ်ဖို့ လိုသလို အခွန်ငွေတွေ သုံးစွဲတာနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် “အတဲ့ သူ အခွန်ဆောင်စတမ်း” ဆိုတာမျိုး မဖြစ်ရပါဘူး။ အခွန် ကောက်ခံမှု လုပ်တဲ့ အခါ တကြောင်း တဂါထာ တရွာ တပုဒ်ဆန်း လုပ်လို့ မရဘူး။ အတဲ့ သူ၊ ရိုးသားတဲ့ သူတွေကို ပစ်မှတ်ထားပြီး အခွန်ကောက်ခံတဲ့ စနစ်ဆိုးတခု ရွှေပြည်ကြီးမှာ ရှိခဲ့ဖူးတယ်။

ဝန်ထမ်းဆိုးတွေနဲ့ ပေါင်းပြီး ကျသင့်တဲ့ အခွန် မဆောင်ဘဲ ၀န်ထမ်းအိပ်ကတ်ထဲ လာဘ်ပေးပြီး အခွန်ရှောင်တဲ့ လုပ်ငန်းရှင်တွေလည်း ရှိခဲ့တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းပြီး ဖြစ်လို့ အဲဒီလို ဌာန နာမည်ဖျက်တဲ့ ၀န်ထမ်းဆိုးတွေနဲ့ အကျင့်ဖျက်သူ လုပ်ငန်းရှင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူ ဖော်ထုတ်ဖို့ အချိန်တန်ပါပြီ။

နှစ်စဉ် ထိပ်တန်းအခွန်ဆောင် စာရင်းကို အပတ်စဉ်ထုတ် ဂျာနယ်တွေက ရေးသားဖော်ပြရာမှာ တိုင်းသိပြည်သိ ခရိုနီကြီး အတော်များများရဲ့ စီးပွားရေး လုပ်ငန်းတွေ မပါဝင်ဘူး။ အခွန်ရှောင်ချင်သူတွေက အရှောင်အတိမ်း ဂျက်ဆီဂျိမ်း လုပ်နေချိန်မှာ လမ်းဘေး ကွမ်းယာဆိုင်လေးတွေနဲ့ မည်ကာမတ္တ အကြော်ဆိုင်လေးတွေက နေ့စဉ် အခွန် ဆောင်နေကြရတယ်။ သာမန် လူတန်းစားတွေက စားဝတ်နေရေးနဲ့ အတူ အခွန်ကိစ္စကို မရှောင်လွှဲဘဲ ဆောင်နေကြ ရတယ်။ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်တွေ မဆောင်မဖြစ် ဆောင်နေကြရတယ်။

READ  ရန်ကုန်မြို့တော်အတွက် ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြားလူလတ်တန်းစားတွေ အဖို့မှာလည်း အခွန်တွေက ရှောင်မလွတ်ဘူး။ ၀ယ်ခွန်၊ ရောင်းခွန်၊ ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ ဆိုင်းဘုတ်ခွန်၊ လူမှု ဖူလုံရေးကြေး၊ မီးသတ်ကြေးတွေ ကလည်း အမြဲဆောင်နေရတဲ့ အခွန်တွေ ဖြစ်တယ်။ အခွန် ကောက်ခံမှုရှိရင် ပြန်လည် ၀န်ဆောင်မှုပေးတဲ့ အပိုင်းလည်း ရှိရမှာ ဖြစ်တယ်။ ဒီဘက် ၃-၄ နှစ် အတွင်းမှာ အခွန် ကောက်ခံမှုက အရင် ဆယ်စုနှစ်တွေနဲ့ စာရင် ပိုမိုပွင့်လင်းလာတာတော့ ရှိပါတယ်။ ဒါပေမယ့် ယခုထက် ပိုမိုပွင့်လင်းဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတော့ ဘာကြေး ညာကြေးမှန်း မသိရဘဲ မိဘပြည်သူ ဆိုသူတွေ အကြောက်တရားနဲ့ လယ်ဂျာစာအုပ် ရင်ဝယ်ပိုက်လာသူတွေကို (အလှူငွေ အမည်တပ်ထားပြီး တောင်းသမျှ) ပေးခဲ့ကြရတယ်။

လက်ထဲ ငွေယားလေး ရှိလို့ စားသောက်ဆိုင်တွေဘက် ခြေဦးလှည့်မိ ပြန်ရင်လည်း အခွန်တံဆိပ်ခေါင်း မကပ်တဲ့ ဆိုင်တွေသာ များတယ်။ တံဆိပ်ခေါင်းသာ ကပ်မထားတာ အခွန်က အမြဲဆောင်ရတယ်။ စားသောက်ဆိုင်မှာ စားကြ သောက်ကြသူ အများစုက ငွေရှင်းချိန်မှာ ဘီလ်စာရွက်ပေါ် အခွန်တံဆပ်ခေါင်း ပါမပါ ဘယ်သူမှ ကြည့် မနေဘူး။ စားသုံးသူက စားသောက်ခွန် ပေးဆောင်ပါရဲ့သားနဲ့ အခွန်တံဆိပ်ခေါင်း မပါတာ ဖြစ်လို့ ပေးတဲ့ အခွန်က အစိုးရဆီ မရောက်ဘဲ ဆိုင်ရှင်အံဆွဲထဲ ၀င်သွားတာတွေလည်း ရှိတယ်။ စားသောက်ဆိုင်တွေမှာ အခွန်တံဆိပ်ခေါင်းနဲ့ ရောင်းချကြဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပေမယ့် ဘယ်နှဆိုင်များ အခွန်တံဆိပ်ခေါင်း ကပ်ပြီး ရောင်းချလို့လဲ။ စားသုံးသူတွေမှာသာ အဲဒီ် ညွှန်ကြားချက်ကြောင့် ငွေကုန်ကြေးကျ ပိုများသွားရတယ်။ အခွန်တံဆိပ်ခေါင်းကပ် မကပ် သိချင်ရင် အခွန်ဌာန တာဝန်ရှိသူများ ကိုယ့်မြို့နယ် မဟုတ်တဲ့ အခြားမြို့နယ်က စားသောက်ဆိုင်မှာ တိုက်ပုံ မဝတ်၊ ရင်ထိုး မတပ်၊ ကြက်ပြေးအိတ် မကိုင်၊ ဌာနပိုင်ကား မစီးဘဲ သွားစားကြည့်ပါ။

အခွန်နဲ့ ပတ်သတ်လို့ ကြားခဲ့ဖူးတဲ့ ဆရာဖေလင်းသစ်ရဲ့ ပုံပြင်လေးတပုဒ် ဖောက်သည်ချပါရစေ။ ပုံပြင်ဆိုတော့ ရှေးတုန်းကပဲ ဆိုပါစို့။ တခါက တောသူတောင်သားတယောက်က ခြံထွက် ဘူးသီးတွေကို ဈေးမှာ သွားရောင်းဖို့လှေလှော်လာ သတဲ့။ ဆိပ်ကမ်းကပ်တော့ လှေခွန် ကောက်ပါလေရော။ လှေခွန်ပေးပြီး ဈေးထွက်လာတော့ ဈေးကောက် ထပ်ကောက်တာ ခံရပြန်တယ်။ ဒါနဲ့ ဈေးမှာ မရောင်းဘဲ ဘူးသီးကြီး ထမ်းရောင်းပြန်ရော။ မြို့တံခါးအနီး ရောက်တော့ မြို့ဝန်ကြေး ပေးရမတဲ့။ တောသားဆိုတော့လည်း တောင်းသလောက် ပေးခဲ့ရတာပေါ့။ နောက်တော့ အကြံရသွားတယ်။ သင်္ချိုင်းအနီးမှာ တဲလေးတလုံး ထိုးပြီး အခွန်ကောက်တော့တာပဲ။

READ  စစ်ပွဲတွေဖြစ်ပွားမှု မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရကို KIO စာပို့မြို့က နာရေးလာပို့တဲ့ နာရေးရှင် မှန်သမျှဆီက မသာခွန်ဆိုတာ ကောက်တယ်။ နာရေးရှင်တွေကလည်း ပေးသင့်၏
မပေးသင့်၏ စဉ်းစားမနေတော့ဘူး။ မသာခွန်ဆိုတော့လည်း ပေးလိုက်ကြတာပဲ တဲ့။ ဒီသတင်း ဘုရင်ကြားသွားတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်၊ နာရေးရှင်တွေဆီက မသာခွန်ကောက်သူကို ရှေ့တော်သွင်းစေဆိုပြီး အမိန့် ထုတ်လိုက်တယ်။ မင်းမှုထမ်းတွေက မသာခွန် ကောက်ခံသူကို ဘုရင့်ရှေ့တော်မှောက် ခေါ်လာကြ တယ်။ ဘုရင်က မသာခွန် ကောက်ခံတာ ဟုတ်သလား ဆိုတော့ ကျေးတောသားက မှန်လှပါဘုရားလို့ ပြန်ဖြေတယ်။ ဘာကြောင့် ဒီလို လုပ်ရတာလဲလို့မေးပြန်တယ်။

ကျေးတောသားက အရှင့်နိုင်ငံတော်မှာ နေရာတကာ အခွန်ကောက်ခံနေတာ မြင်မိလို့ ဘုရားကျနော်မျိုးလည်းမသာခွန် ကောက်ခံကြည့်မိတာပါ ဘုရား။ ကျနော်မျိုး ကောက်ခံထားတဲ့ မသာခွန်ကတော့ ဟောဒီလောက် ရပါတယ် ဆိုပြီး လွယ်အိတ်ထဲက ငွေအသပြာတွေ သွန်ပြီး ဘုရင်ကြီးကို အပ်လိုက်သတဲ့။ ဘုရင်ကြီးလည်း အဲသည်တော့မှ အခွန်တွေ အမျိုးမျိုး အထွေထွေ ကောက်ခံနေတာတွေကို ရပ်လိုက်ပါသတဲ့။

ဝန်ထမ်းအချို့ကတော့ ပုံပြင်ထဲက ပဒေသရာဇ်ခေတ် အခွန်ကောက်သလို ညဉ်ဆိုး မပျောက်သေးဘဲ ပြည်သူဆိုတာ ငေါက်ငမ်းစရာ သတ္တဝါလို့ သွေးနထင် ရောက်နေသူတွေ ရှိနေဆဲပါ။ ဒီမိုကရေစီ နိုင်ငံတွေမှာ အစိုးရဆိုတာ ပြည်သူက ရွေးတဲ့ ပြည်သူ့ အစေခံမျှသာ ဖြစ်တယ် ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

အခွန် ကောက်ခံမှုတော့ အားသွန်ခွန်စိုက် ပြုလုပ်ကြပြီး ပြည်သူအပေါ် ပြန်ပေးတဲ့ ၀န်ဆောင်မှုကျတော့ ခပ်ညံ့ညံ့ ဖြစ်နေရင် ပြည်သူတွေက အခွန်ကို ကြည်ကြည်ဖြူဖြူ ဆောင်ချင်မှာ မဟုတ်ဘူး။ ဌာနဆိုင်ရာအချို့ ပြည်သူ့ဝန်ဆောင်မှုတွေမှာ ယခင် ဆယ်စုနှစ်တွေနဲ့ စာရင် အထိုက်အလျောက် ကောင်းလာတာ ရှိပေမယ့် ကျေနပ်ဖွယ် မကောင်းသေးဘူး။

ဒီလိုပဲ အုပ်ချုပ်ရေးယန္တရားတခု ချောချောမွေ့မွေ့ လည်ပတ်ဖို့ လူထုက အခွန်ထမ်းကြဖို့တော့ လိုပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးကို လိုချင်ပြီး ကိုယ်ကိုယ်တိုင် မဲထည့်ပြီး တင်လိုက်တဲ့ အစိုးရကို အခွန်မဆောင် ရှောင်ဖယ်နေကြမယ် ဆိုရင်ဖြင့် မင်ပေခဲ့တဲ့ ကိုယ့်လက်သန်းကိုယ်ကို ပြန်အားနာကြပါဦးလို့ တိုက်တွန်းစကားဆိုလိုက်ပါရစေ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)

Credit: ဧရာဝတီ

TAGSကုန်သွယ်ခွန်

No comments:

Post a Comment