Latest News

Friday, February 17, 2017

လွှတ်တော်အသစ်အကြောင်း ထုတ်ပြန်ပြောဆို

လွှတ်တော်အသစ်အကြောင်း ထုတ်ပြန်ပြောဆို

အစိုးရသစ်လက်ထက် သက်တမ်း တစ်နှစ်ကျော်အတွင်း လွှတ်တော်အစည်းအဝေးတွေမှာ ဥပဒေကြမ်းတွေကို တင်ပြဆွေးနွေးမူ အားနည်းသွားပြီး လွှတ်တော်ရေးရာကော်မတီတွေမှာသာ ဆွေးနွေးမှု ပိုများလာတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တော်တွေရဲ့ ရပ်တည်ချက် ဆောင်ရွက်ချက်တွေကို ပြည်သူလူထုသိရှိမှု အားနည်းလာတယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော်ရေးရာ သုတေသန စာစဉ် ၁ မိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ သုတေသန ဒါရိုက်တာ ဦးထင်ကျော်အေး က အခုလို ပြောပါတယ်။

"မီဒီယာတွေလည်း တက်ရောက်ခွင့်မရှိတဲ့ တံခါးပိတ်အစည်းအဝေးတွေ ဖြစ်သွားတယ်၊ အဲတော့ ဘာဖြစ်လဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေတွေနဲ့ ပတ်သက်ရင် ဘယ်ရှုထောင့် ဘယ်ရပ်တည်ချက်က ဆွေးနွေးတယ်ဆိုတာ ပြည်သူတွေက သိခွင့်မရတော့တဲ့ အခြေအနေ ရောက်သွားတာကိုတွေ့တယ်၊ ကော်မတီကနေ လွှတ်တော်ကို ပြန်ပြီးအစီရင်ခံတဲ့ အစီရင်ခံစာထဲမှာဆိုရင် ဘယ်လွှတ်တော် ကိုယ်စားလှယ်က ဒီဥပဒေထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့တယ်ဆိုတာမျိုး အဆင့်ထိပဲပါလာခဲ့တာ တွေ့ရတဲ့အတွက် ဘယ်လွှတ်တော်ကိုယ်စားလှယ်က ဘယ်လောက်အတိုင်းအတာထိဆွေးနွေးတယ် ဘယ်လိုအချက်အလက်တွေမှာ သူ့ရဲ့ရပ်တည်ချက်က ဘယ်လိုရှိတာ ပြည်သူတွေက သိခွင့်လျော့သွားတယ်ပေါ့နော်"

ဒီလိုပုံစံနဲ့ ဆောင်ရွက်လာတာဟာ လွှတ်တော်အစည်းအဝေးကြာချိန်ကို လျော့ချမယ်၊ လွှတ်တော်ကော်မတီတွေကို ပိုပြီးအားကောင်းလာအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနိုင်ပေမယ့် ပြည်သူတွေ သိပိုင်ခွင့်ရဖို့အတွက်လည်း နည်းလမ်းရှာဖွေဆောင်ရွက်သင့်တယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ က အကြံပြုထားပါတယ်။

လွှတ်တော် ကော်မတီအစည်းအဝေးမှတ်တမ်းတွေဟာ ပြင်ပကို ပေါက်ကြားမှုမရှိစေရ ဆိုတဲ့အချက်လည်း လွှတ်တော်ဥပဒေမှာပါရှိတဲ့အတွက် တချို့အချက်တွေကို ပြင်ဆင်ပြီး အများပြည်သူသိရှိအောင် ပုံမှန်လွှတ်တော်အစည်းအဝေးတွေအတိုင်း ရုပ်သံထုတ်လွှင့်မူ၊ သတင်းဖြန့်ဝေမှုတွ လုပ်သင့်တယ်လို့ ဦးထင်ကျော်အေးက ပြောပါတယ်။

ဒါ့အပြင် အရင်အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်းအများစုကို အစိုးရဌာနဆိုင်ရာဝန်ကြီးဌာနတွေက တင်သွင်းလာတာဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေက တင်သွင်းလာတာတွေ့ရတယ်လို့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

လွှတ်တော်မှာ အဆိုတင်သွင်းမှုတွေလုပ်တဲ့အခါ အစိုးရကို ဝေဖန်မှုတွေသိပ်မလုပ်ကြဖို့ လွှတ်တော်အကြီးအကဲတွေကိုယ်တိုင်က ပြောဆိုမှုတွေရှိခဲ့တဲ့အတွက် အဆိုတွေ တော်တော်များမျာဟာ အတည်ပြုတဲ့ အဆင့်မရောက်ဘဲ မှတ်တမ်းတင်တဲ့ အဆင့်သာရှိတဲ့အတွက် လွှတ်တော်က အစိုးရကို ထိန်ကျောင်းနိုင်တဲ့ အင်အားလျော့သွားတယ်လို့ ဦးထင်ကျော်အေးက ပြောပါတယ်။

Photo: Thiha Tun/RFA

No comments:

Post a Comment